သတင်း

စစ်တပ်အရာရှိ ၆ ဦးကို ဗဟိုဘဏ်ညွှန်ကြားရေးမှူးများအဖြစ် ခန့်အပ်

ဒုဗိုလ်မှူးကြီးအဆင့်ရှိသူ ၆ ဦးကို ဗဟိုဘဏ်ညွှန်ကြားရေးမှူးများအဖြစ် အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်ထားကြောင်း ပေါက်ကြားလာသော ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာတစ်ခုအရ သိရသည်။​

ဒုဗိုလ်မှူးကြီးများဖြစ်ကြသည့် သားမိုး၊ ရာဇာလင်း၊ သာထူးဝင်း၊ ကြည်ရအောင်၊ ထွန်းအောင်ဖြိုးနှင့် ဇော်ဝင်းထွန်းတို့ကို ဇွန်လဆန်းပိုင်းမှစ၍ ဗဟိုဘဏ်တွင် ဒုညွှန်ကြားရေးမှူးတာဝန် ထမ်းဆောင်စေကြောင်း ဗဟိုဘဏ်၏ အမိန့်ကြော်ငြာစာတွင် ဖော်ပြသည်။ 

မင်းအောင်လှိုင်ဦးဆောင်သော စစ်တပ်က ၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းယူပြီးနောက် အစိုးရအဖွဲ့ဝင်လူကြီးများကို ၎င်းတို့စိတ်တိုင်းကျ ပြန်လည်ဖွဲ့စည်းခဲ့ရာ အများစုမှာ စစ်တပ်အရာရှိဟောင်းများဖြစ်သည်။  

လက်ရှိဗဟိုဘဏ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားသူ ဦးသန်းညိန်းနှင့် ဒုဥက္ကဋ္ဌ ဦးဝင်းသော်တို့သည်လည်း စစ်တပ်အရာရှိဟောင်းများပင်ဖြစ်သည်။။ ဦးဝင်းသော်မှာ တင့်ကားတပ်မှ ဗိုလ်မှူးဟောင်းတစ်ဦးဖြစ်သည်ဟု သိရသော်လည်း ဦးသန်းညိန်းမှာ မည်သည့်တပ်တွင် တာဝန်ထမ်းခဲ့သည်ဟု မသိရပေ။ 

အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာ့စီးပွားရေးအခြေအနေ တစ်နေ့တခြား ဆိုးရွားလာနေသည်ဟု နိုင်ငံတကာအဖွဲ့အစည်းများက ထုတ်ပြန်ပြောဆိုနေသည်။

လတ်တလောတွင် စစ်ကောင်စီက ပုဂ္ဂလိကကုမ္ပဏီများ၏ ဘဏ်စာရင်းများရှိ ဒေါ်လာလက်ကျန်ကို ကျပ်ငွေနှင့် မဖြစ်မနေလဲလှယ်ရန် ဖိအားပေးလျက်ရှိရာတွင် ဗဟိုဘဏ်သည် အဓိကအခန်းကဏ္ဍမှ ပါဝင်နေသည်။

စစ်တပ်အရာရှိဟောင်းနှစ်ဦး ဦးစီးနေသည့် နိုင်ငံတော်ဗဟိုဘဏ်တွင် ညွှန်ကြားရေးမှူးများအဖြစ် စစ်တပ်အရာရှိများကို ခန့်အပ်ခြင်းမှာ မသင့်လျော်ကြောင်း ဘဏ္ဍာရေးဆိုင်ရာ ကျွမ်းကျင်သူတစ်ဦးက မှတ်ချက်ပြုသည်။

“လုပ်ဖူးကိုင်ဖူးတဲ့ ပညာတတ်ကို ပို့မယ်ဆိုရင်တော့ တစ်မျိုးပေါ့။ အဲလို မဟုတ်ဘဲနဲ့ သိပ်သေချာ မကျွမ်းကျင်တဲ့သူကို ပို့မယ်ဆိုရင်တော့ အင်မတန် အန္တရာယ်များတာပေါ့” ဟု အမည်မဖော်လိုသူ ထိုပညာရှင်က ဆိုသည်။  

ဗဟိုဘဏ်၏စာအရ ဗဟိုဘဏ်ညွှန်ကြားရေးမှူးဖြစ်လာသူ ဒုဗိုလ်မှူးကြီး ၆ ဦးမှာ စစ်တပ်တွင် တာဝန်ထမ်းဆောင်နေကြဆဲဖြစ်ပြီး ၎င်းတို့ကို စစ်ရာထူးခန့်ချုပ်ရုံးအမိန့်ဖြင့် ဗဟိုဘဏ်ကို တိုက်ရိုက် လွှဲပြောင်းခဲ့ခြင်းဖြစ်သည်။

ဒေါ်လာ အကြီးအကျယ်လိုအပ်နေသဖြင့်  ပြည်သူများ၊ ကုမ္ပဏီများထံမှ ဒေါ်လာငွေ စစ်ကောင်စီထံ ရောက်ရှိရန် ဗဟိုဘဏ်က မည်သည့်နိုင်ငံတွင်မျှ မရှိသည့် ညွှန်ကြားချက်များ ဆက်တိုက် ထုတ်ပြန်နေသည်။ ထိုအထဲတွင် ပြည်ပချေးငွေ ပြန်ဆပ်မှု ရပ်ဆိုင်းထားရေးညွှန်ကြားချက်လည်း ပါဝင်သည်။

ကိုဗစ်ကပ်ဘေးနှင့် စစ်အာဏာသိမ်းမှုကြောင့် ပျက်စီးနေသည့် စီးပွားရေး နာလန်ပြန်ထူနိုင်မည့် အလားအလာမရှိသေးသည့်အပြင် ကုန်စျေးနှုန်း ဆက်တိုက် တက်နေသည်။

ဇူလိုင် ၂၁ တွင် ထုတ်ပြန်သည့် ကမ္ဘာ့ဘဏ်၏ အစီရင်ခံစာသစ်တွင်လည်း မြန်မာတွင် ဆင်းရဲနွမ်းပါးသူဦးရေ ၄၀ ရာခိုင်နှုန်းရှိသည်ဟု ဖော်ပြထားရာ အာဏာသိမ်းပြီးနောက်ပိုင်း လူဦးရေသန်း ၅၀ ကျော်ရှိ မြန်မာနိုင်ငံတွင် လူသန်း ၂၀ နီးပါး ဆင်းရဲသွားခြင်း ဖြစ်သည်။

သို့သော်လည်း ယခင်အစိုးရနှစ်ဆက် ကုန်သွယ်မှုလိုငွေ များခဲ့ပြီး ယခုအခါ ကုန်သွယ်မှုလိုငွေ ထိန်းချုပ်နိုင်ကြောင်းလည်း စစ်ဗိုလ်ချုပ်များက မကြာခဏ ဂုဏ်ယူစွာ ပြောကြားလေ့ရှိသည်။

ထို့ပြင် ၎င်းတို့၏ ဦးတည်ချက် ၉ ရပ်ကို ဝါဒဖြန့်သတင်းစာ နောက်ကျောဖုံးများတွင် နေ့စဉ် ဖော်ပြထားပြီး ထိုဦးတည်ချက်များတွင် နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများကို ဖိတ်ခေါ်ခြင်း၊ ပြည်တွင်းလုပ်ငန်းရှင်များကို ကူညီအားပေးခြင်းတို့ ပါဝင်သည်ကို တွေ့ရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button