သတင်း

အင်းစိန်ထောင်ရောက် ရိုဟင်ဂျာများ အရိုက်ခံရသည့်အပြင် အောက်ခြေသိမ်းလုပ်နေရ

ရန်ကုန်မြို့ရှိ အင်းစိန်အကျဉ်းထောင်တွင် ဖမ်းဆီးထိန်းသိမ်းခံထားရသည့် ရိုဟင်ဂျာလူမျိုး ၈၀ ကျော်မှာ ရိုက်နှက်ခံထားရသည့်အပြင် မနှစ်မြို့ဖွယ်ရာ အောက်ခြေသိမ်းအလုပ်များပါ လုပ်ကိုင်နေရကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးထံမှ သိရှိရသည်။

မည်သည့်အချိန်က ဖမ်းဆီးခံရသည်ကို အတိအကျ မသိသော်လည်း ပြီးခဲ့သည့် အောက်တိုဘာနှင့် နိုဝင်ဘာလအတွင်း အင်းစိန်ထောင်ရောက်လာသည့် ရိုဟင်ဂျာ ၈၀ ကျော်ရှိပြီး အမျိုးစုံဖိနှိပ်ခံနေရသည်ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦးက ယခုလဆန်းပိုင်းတွင် ထောင်ပြင်ပမိတ်ဆွေများထံ အသိပေး အကြောင်းကြားထားသည်။

“အယောက် ၈၀ မကဘူး။ သူတို့ကိုဆို မတရားရိုက်နှက်တယ်။ တရုတ်လူမျိုးတွေတော့ အခွင့်အရေးရတယ်။ နီဂရိုးနဲ့ ရိုဟင်ဂျာတွေဆိုရင် မကြားဝံ့မနာသာ ဆဲဆိုနေတာ” ဟု အင်းစိန်ထောင်တွင်းရှိ နိုင်ငံရေးအကျဉ်းသားက အသံဖိုင်ပေးပို့ထားသည်။

အင်းစိန်ထောင်ရောက် အကျဉ်းသားများအနေဖြင့် အောက်ခြေသိမ်းအလုပ်များ မလုပ်လိုပါက ထောင်အာဏာပိုင်များကို တစ်လ ငွေ ၄၅၀၀၀ ကျပ် ပေးရကြောင်း၊ ငွေမပေးနိုင်သည့်အတွက် ရိုဟင်ဂျာများကို မိလ္လာခပ်ခိုင်းထားသည်ဟု သိရသည်။​

“မိလ္လာခပ်ရတယ်ဆိုတာက မိလ္လာကန်အကြီးကို အဖုံးဖွင့်၊ အဖတ်တွေရှိတယ်၊ အရည်တွေရှိတယ် အရည်တွေကို ခပ်ပြီး စိုက်ခင်းတွေကို လောင်းခိုင်းတယ်။ နောက်တစ်ခုက အဖတ်ကန်မှာ ရိုဟင်ဂျာတွေကို ဝါးလုံးနဲ့ မွှေခိုင်းတာ၊ တစ်နေ့လုံး ထိုင်မွှေရတာ” ဟု နိုင်ငံရေးအကျဉ်းသားက ပြောသည်။​

ထို့အပြင် အာဟာရမပြည့်ဝခြင်းနှင့် သန့်ရှင်းမှုအားနည်းမှုတို့ကြောင့် အင်းစိန်ထောင်မကြီး အဆာင် (၁) မှ အကျဉ်းသားလူငယ် ၂၀ ကျော် ခန္ဓာကိုယ်အောက်ပိုင်း ချည့်နဲ့သွားသော်လည်း ဆေးကုသခွင့် မရခဲ့ကြောင်း၊ ယခုလဆန်းပိုင်းတွင် အကျဉ်းသားတစ်ဦး အမောဖောက်သေဆုံးခဲ့သည်ဟုလည်း ၎င်းထံမှ သိရသည်။

“အဲဒီလိုဖြစ်နေကြတာ အတော်ကြာပြီ တော်တော်ကြီးမထနိုင်တဲ့ အခြေအနေဆိုးတဲ့လူတွေကိုမှ ဆေးထိုးပေးတယ်၊ တော်ရုံဆို ဓါတ်ဆားနဲ့ ပါရာစီတမောတိုက်ပြီးပဲ လွှတ်ပေးတယ်”

ထောင်အာဏာပိုင်များက ပိုက်ဆံမပေးနိုင်သူများကို အောက်ခြေသိမ်းအလုပ်များ ခိုင်းလေ့ရှိကြောင်း မကြာသေးမီလများအတွင်းက အင်းစိန်ထောင်မှ လွတ်မြောက်လာသည့် တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဖွဲ့ဝင်ဟောင်း လူငယ်တစ်ဦးက ပြောသည်။

“အောက်တန်းအကျဆုံးအလုပ်ဆိုရင် ဘယ်သူနဲ့မှ အပတ်သက်မရှိတဲ့သူတို့၊ နာမည်မကြီးတဲ့သူတို့၊ ပိုက်ဆံမပေးနိုင်တဲ့သူတို့ အခိုင်းခံရတာ။ ရိုဟင်ဂျာတွေဆို ပိုရှိနိုင်တယ်။ ဒီလိုလူတွေက သေတဲ့အထိ လက်စဖျောက်လိုက်ဖို့လည်း လွယ်တယ်လေ” ဟု နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးဖြစ်ခဲ့ဖူးသည့် ထိုလူငယ်က ဆိုသည်။

ပြီးခဲ့သည့် နိုဝင်ဘာလကုန်ပိုင်းက ရန်ကုန်တိုင်း၊ လှည်ကူးမြို့နယ်အတွင်း စစ်ဆေးရေးဂိတ်တစ်ခုတွင် ကုန်တင်ကားဖြင့် လိုက်ပါလာသည့် ရိုဟင်ဂျာအမျိုးသား ၅၄ ဦးနှင့် အမျိုးသမီး ၁၄ ဦး ဖမ်းဆီးခံရပြီး၊ ၎င်းတို့မှာ ရခိုင်ပြည်နယ်မှ ထွက်ခွာလာသူများဖြစ်ကြောင်း RFA သတင်းတစ်ပုဒ်တွင် ဖော်ပြသည်။

အလားတူပင် အောက်တိုဘာလအတွင်းကလည်း လှည်းကူးနှင့် မင်္ဂလာဒုံမြို့နယ်တွင် ရိုဟင်ဂျာ ၂၀ ကျော် အဖမ်းခံခဲ့ရသည်။​

ယခုလဆန်းပိုင်းက မင်္ဂလာဒုံနှင့် လှည်းကူးမြို့နယ်အကြား လမ်းဘေးတစ်နေရာတွင် စွန့်ပစ်ထားသည့် ရိုဟင်ဂျာအမျိုးသား ၁၃ ဦး၏ ရုပ်အလောင်းများ တွေ့ရှိခဲ့ရသည်။ အစုလိုက်အပြုံလိုက် တွေ့ရှိရသည့် အလောင်းများမှာ အသက် ၁၆ မှ ၂၀ ကြား လူငယ်များဖြစ်သည်ဟု ဒေသဆိုင်ရာ အာဏာပိုင်တစ်ဦးက အတည်ပြုခဲ့သည်။ 

သို့သော် အဆိုပါကိစ္စနှင့် ပတ်သက်၍ စစ်ကောင်စီက တစ်စုံတစ်ရာ ထုတ်ပြန်ပြောဆိုခြင်း မရှိပေ။​

ရခိုင်ပြည်နယ်ပြင်ပသို့ ထွက်ပြေးလာသည့် ရိုဟင်ဂျာများကို အာဏာပိုင်များက ဖမ်းဆီးကာ နီးစပ်ရာ အကျဉ်းထောင်ပို့လေ့ရှိရာ ကရင်ပြည်နယ် ဘားအံထောင်တွင်လည်း ရာနှင့်ချီသော ရိုဟင်ဂျာများ ရှိနေပြီး ဒုက္ခမျိုးစုံကြုံတွေ့နေရသည်။

ဘားအံထောင်ရှိ ရိုဟင်ဂျာ ၁၅၀ ခန့်မှာ တစ်ပတ်လျှင် သုံးရက် ထမင်းကို ရေနှင့် ဖျော်စားနေရကြောင်း၊ တွေ့ကရာအရွက်များကို ပြုတ်သောက်နေရကြောင်း၊​ ဆပ်ပြာမရှိသဖြင့် ခန္ဓာကိုယ်အနှံ့ ယားနာပေါက်နေသော်လည်း ဆေးကုခွင့်မရကြောင်း အောက်တိုဘာလအတွင်း ထိုထောင်မှ လွတ်မြောက်လာသူနှစ်ဦးက ထုတ်ဖော်ပြောဆိုထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button