သတင်း

လက်ပံတောင်းတောင် ဝမ်ပေါင်ကုမ္ပဏီရှေ့တွင် တိုက်ပွဲဖြစ်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ်ဝမ်ပေါင်ကုမ္ပဏီရှေ့ရှိ ရဲကင်းကို ယမန်နေ့ (ဒီဇင်ဘာ ၈) ညပိုင်းတွင် တိုက်ခိုက်ခဲ့သည်ဟု ဒေသတွင်းလှုပ်ရှားနေသည့် ပြောက်ကျားတပ်က ပြောသည်။

ပုသိမ်-မုံရွာလမ်းဘေး ဝမ်ပေါင် ကြေးနီစီမံကိန်း ခြံဝင်းအပြင်ဘက်တွင် လုံခြုံရေးယူထားသည့် ရဲကင်းကို အနီးကပ်သွားရောက်တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်ဟု အမျိုးသားတော်လှန်ရေးပြောက်ကျားတပ် တာဝန်ရှိသူ ဗိုလ်မော်ကွန်းက Myanmar Now ကို ပြောသည်။

“တစ်ဖာလုံလောက်ပဲ ဝေးမယ်။ သူတို့က မီးတိုင်အောက်မှာ နေတာ။ ကျွန်တော်တို့က အမှောင်ရိပ်ထဲကနေပြီး ချုံခိုတိုက်တာပေါ့။ ပထမဆုံး ၄၀ မမနဲ့ လှမ်းပစ်လိုက်တယ်။ ပစ်လိုက်တဲ့အခါ ချက်ကောင်းထိပြီးတော့ အစုဖွဲ့ကြားထဲကို ကျပြီးတော့ နှစ်ယောက်က လုံးဝ လွင့်စဉ် လဲထွက်သွားတယ်” ဟု ၎င်းက ဆိုသည်။

အနီးကပ်တိုက်ခိုက်ခံရစဉ် ရဲကင်းတွင် ရှိနေသူတို့က အနီးဝန်းကျင်ကို ရမ်းသန်းပစ်ခတ်ခုခံသလို ခြံဝင်းအတွင်းမှ ရဲနှင့် စစ်သားများ အင်အားအလုံးအရင်းထွက်လာကာ နှစ်ဖက်ကြား နာရီဝက်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြောင်း ၎င်းက ဆိုသည်။

ထို့နောက် ကျည်အင်အားမလောက်၍ ပြန်လည်ဆုတ်ခွာခဲ့ရသည့် ကာကွယ်ရေးအဖွဲ့များဘက်မှ ထိခိုက်မှု မရှိကြောင်း၊ တိုက်ပွဲကို တစ်ကိုယ်တော်သုဘရာဇာ ဆိုသည့် ဆားလင်းကြီးဒေသကာကွယ်ရေးအဖွဲ့နှင့် ပူးပေါင်းတိုက်ခိုက်ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။

ယနေ့ (ဒီဇင်ဘာ ၉ ရက်) တွင် လမ်းသွားလမ်းလာများကို တင်တင်းကျပ်ကျပ်စစ်ဆေးနေပြီး ယမန်နေ့ည တိုက်ခိုက်မှုတွင် ရဲငါးဦး သေဆုံးသည့်အတွက် စစ်ဆေးခြင်းဖြစ်သည်ဟု ဆိုကြောင်း ဒေသခံအချို့က ပြောသည်။

တရုတ်ဝမ်ပေါင်ကုမ္ပဏီသည် စစ်တပ်လက်အောက်ခံ မြန်မာ့စီးပွားရေးဦးပိုင် (MEHL) နှင့် ပူးပေါင်းကာ မုံရွာတစ်ဖက်ကမ်း လက်ပံတောင်းတောင်ဒေသ၌ ကြေးနီထုတ်လုပ်နေခြင်းဖြစ်ပြီး စစ်ကောင်စီတပ်က လုံခြုံရေးပေးထားခြင်းဖြစ်သည်။ ထိုရဲများသည် လမ်းသွားလမ်းလာများကို ဖမ်းဆီးငွေညှစ်သလို အာဏာသိမ်းမှုကို မဆန့်ကျင်ဘဲ စစ်ကောင်စီကို ဆက်ဩဇာခံနေသဖြင့် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ၎င်းက ဆိုသည်။

ရဲများသေဆုံးသည်ဆိုသည့်အချက်နှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သလို စစ်ကောင်စီကို မမေးမြန်းနိုင်သေးပါ။

လူထုအတွက် အကျိုးမရှိသဖြင့် စီမံကိန်းမလည်ပတ်ရန်၊ ဝန်ထမ်းများ အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်ရန် ဒေသကာကွယ်ရေးအဖွဲ့များက အစဉ် သတိပေးခဲ့သည်။ လက်ရှိတွင် စီမံကိန်းလည်ပတ်နေခြင်းရှိမရှိကို အတိအကျမသိရသော်လည်း ကြေးပြားသယ်ယူသည့် ကားများမှာ လစဉ် အဝင်အထွက်ရှိသည်ဟု ဆိုသည်။

စစ်တပ်၏ စီပွားရေးမိတ်ဖက်ဖြစ်သည့် ဝမ်းပေါင်ကုမ္ပဏီကမူ ကြေးနီးစီမံကိန်းနှင့် ပတ်သက်၍ ခြိမ်းခြောက်ခံနေရသည်ဟု ပြီးခဲ့သည့် မေ ၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့သည်။

စီမံကိန်းကို ဆန့်ကျင်သည့် ကောလာဟလနှင့် အယူအလွဲများရှိလာသည်၊ အခြေအနေကို စောင့်ကြည့်ကာ လူမှုအသိုင်းအဝိုင်း၊ ကန်ထရိုက်တာများ၊ မိသားစုဝင်များနှင့် ဝန်ထမ်းများအတွက် လုံခြုံဘေးကင်းရန် ဆောင်ရွက်မည်ဟု ထိုကြေညာချက်က ဆိုသည်။

လက်ပံတောင်းတောင်စီမံကိန်း၏ ထုတ်လုပ်မှုအပေါ် အကျိုးခံစားခွင့်ကို အမှတ် (၁) သတ္တုတွင်းလုပ်ငန်းက ၅၁ ရာခိုင်နှုန်း၊ တရုတ်အခြေစိုက် ဝမ်ပေါင်ကုမ္ပဏီလက်အောက်ခံ မြန်မာဝမ်ပေါင်က ၃၀ ရာခိုင်နှုန်း၊ ဦးပိုင်ကုမ္ပဏီက ၁၉ ရာခိုင်နှုန်း ရရှိနေသည်။

စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းတွင် ဦးပိုင်က ၅၁ ရာခိုင်နှုန်း၊ ဝမ်ပေါင်၏ နောက်ထပ်ကုမ္ပဏီခွဲ မြန်မာယန်စီက ၄၉ ရာခိုင်နှုန်း ခံစားခွင့်ရှိသည်။ စစ်အာဏာသိမ်းသည့် ၂၀၂၀-၂၁ ဘဏ္ဍာနှစ်တွင် လက်ပံတောင်းတောင်စီမံကိန်းမှ ဒေါ်လာ ၄၁၇ သန်း၊ စံပယ်တောင်နှင့် ကြေးစင်တောင်စီမံကိန်းမှ ၁၈၇ သန်း စီးဝင်နိုင်ကြောင်း Publish What You Pay အဖွဲ့၏ ၂၀၂၁ အောက်တိုဘာလအစီရင်ခံစာတွင် ဖော်ပြသည်။

မြန်မာနိုင်ငံတွင် သတ္တုတူးဖော်ရေးလုပ်ကိုင်နေသည့် တရုတ်နိုင်ငံမှ ဝမ်ပေါင်ကုမ္ပဏီနှင့် ၎င်း၏ကုမ္ပဏီခွဲ နှစ်ခုကို ပြီးခဲ့သည့်နှစ် ဇူလိုင်လတွင် အမေရိကန်က ဒဏ်ခတ်အရေးယူထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button