သတင်း

မကွေးတိုင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များ တိုက်ခိုက်

နိုင်ငံအလယ်ပိုင်း မကွေးတိုင်း ပေါက်မြို့နယ်အတွင်းရှိ ရဲစခန်းတစ်ခုကို တော်လှန်ရေးအဖွဲ့များ ပူးပေါင်းတိုက်ခိုက်ရာ စစ်ကောင်စီက စစ်ရဟတ်ယာဉ် သုံး၍ တုံ့ပြန်သည်။

ယောချောင်းအရှေ့ဘက်ရှိ ကိုင်းလယ်ရဲစခန်းကို နိုဝင်ဘာ ၂၆ နံနက် ၆း၃၀ ဝန်းကျင်မှစ၍ တိုက်ခိုက်ရာ နှစ်နာရီခန့်အကြာတွင် စခန်းသိမ်းလုနီးပါးဖြစ်ခဲ့သော်လည်း လေကြောင်းရန်ကြောင့် ပြန်လည် ဆုတ်ခွာရသည်ဟု ပါဝင်တိုက်ခိုက်ခဲ့သည့် အဖွဲ့အချို့ထံမှ သိရသည်။

“စက်သေနတ်နဲ့ ပစ်နေတဲ့ နောက်ဆုံး ဘန်ကာကို ဖြိုနေတဲ့အချိန်မှာ MI 35 ရဟတ်ယာဉ်နဲ့ စခန်းတစ်ဝိုက်ကိုရော ရွာထဲကိုရော၊ စခန်းပတ်လည်က တောင်ကုန်းတွေကိုပါ ပစ်လို့ တပ်ဆုတ်ခဲ့လိုက်တာ” ဟု ယောဒေသကာကွယ်ရေးအဖွဲ့ (YDF) အထွေထွေ အတွင်းရေးမှူး ကိုမင်းမင်းက ပြောသည်။

အဆိုပါ ရဲစခန်းကို ဒေသကာကွယ်ရေးအဖွဲ့များဖြစ်သည့် YDF, Young Revolution Front(YRF), ပေါက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ People’s Defense Force-Yenangyaungနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၏ ပခုက္ကူခရိုင် တပ်ရင်း(၇) တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြခြင်းဖြစ်သည်။

တိုက်ပွဲအတွင်း YDFနှင့် မဟာမိတ်အဖွဲ့တို့မှ ရဲဘော်နှစ်ဦး သေဆုံးသည်ဟု ကိုမင်းမင်းက ပြောသည်။ ရဲအင်အား ၂၀ ခန့်ရှိသည့် ထိုရဲစခန်းတွင် ၁၀ ဦးထက်မနည်း သေဆုံးနိုင်သည်ဟု ၎င်းက ခန့်မှန်းသည်။ 

ယနေ့ (နိုဝင်ဘာ ၂၈) တွင် တိုက်ပွဲဖြစ်ပွားခြင်းမရှိဟု ဆိုသည်။

“အခု အဲဒီစခန်းမှာ သူတို့မရှိတော့ဘူး၊ အားလုံးဆုတ်သွားကြပြီ သူတို့အထိနာသွားတော့ နောက်တစ်ကြိမ် ထပ်တိုက်ခံရမှာကို ကြောက်လို့နေမယ်” ဟု ကိုမင်းမင်းက ပြောသည်။

မကွေးတိုင်း ပေါက်မြို့နယ် ကိုင်းလယ်ကျေးရွာအုပ်စု အခြေပြမြေပုံ။

အထက်ပါဖြစ်စဉ်များနှင့် ပတ်သက်၍ သီးခြားအတည်မပြုနိုင်သေးပေ။

စစ်အာဏာသိမ်းပြီးနောက် နိုင်ငံအနှံ့ ခုခံမှုများ ပေါ်ပေါက်နေရာ မကွေးတိုင်းလည်း အပါအဝင်ဖြစ်သည်။ ချင်းပြည်နယ်၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်းတို့နှင့် နယ်နိမိတ်ထိစပ်နေသည့် မကွေးတိုင်းအနောက်ခြမ်းနှင့် မြောက်ပိုင်းတို့တွင် စစ်ကောင်စီကို တော်လှန်မှုများ ပို၍အားကောင်းသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button