သတင်း

မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော်နှင့် လူငယ် ၄ ဦး ဖမ်းဆီးခံရ

မန္တလေးမြို့တွင် စစ်အာဏာရှင်ကို ဆန္ဒပြသည့်  သံဃသမဂ္ဂဦးဆောင်ဆရာတော်တစ်ပါးနှင့် လူငယ် ၄ ဦး ယမန်နေ့ (အောက်တိုဘာ ၃၀) တွင် ဖမ်းဆီးခံရသည်ဟု မြို့ခံများထံမှ သိရသည်။

အဖမ်းခံရသူတို့မှာ သက်တော် ၄၀ ဝန်းကျင် ဦးကလျာဏ ခေါ် ဦးယော၊ ၂၅ နှစ်အရွယ် ကိုပိုင်နွေဦး၊ အသက် ၂၀ အရွယ် ကိုနေရဲ၊ အသက် ၃၀ ဝန်းကျင် ကိုဥက်၊ ကိုဟိန်းမောင် ဆိုသူတို့ ဖြစ်ကြောင်း မန္တလေးသပိတ်အဖွဲ့ဝင် လူငယ်တစ်ဦးက Myanmar Nowကို ယနေ့ နံနက်တွင် ပြောသည်။

“အရင်ဆုံး ကိုဥက် မနေ့ မနက်ပိုင်းက ဖမ်းခံလိုက်ရတယ်။ အဲဒီကနေမှ ညနေပိုင်းမှာ ကျန်တဲ့သူတွေပါ အဆက်အသွယ် ပြတ်တောက်သွားတယ်” ဟု ၎င်းက ဆိုသည်။

ယမန်နေ့ နံနက် ၁၀း၄၅  နာရီတွင် ပြည်ကြီးတံခွန်မြို့နယ် မေဂဝန်ကျောင်းတောင်ဘက်နှင့် မြောက်ဘက်တို့တွင် ကားနှစ်စီးဖြင့် ရပ်စောင့်နေသည့် စစ်ကောင်စီတပ်သားများက ဆိုင်ကယ်စီးလူငယ်များကို တားဆီးကာ ထိုအထဲမှ ဆံပင်ရှည်လူငယ်တစ်ဦးကို ရိုက်နှက်ဖမ်းဆီးသွားသည်ဟု မန္တလေးမြေပြင်အခြေအနေများကို နေ့စဉ်ဖော်ပြနေသည့် Voice of Mandalay စာမျက်နှာတွင် ဖော်ပြထားသည်။

အထက်ပါ သပိတ်အဖွဲ့ဝင်လူငယ်က ထိုလူငယ်သည် ကိုဥက်ဖြစ်နိုင်ကြောင်း ပြောသည်။

“ဆံပင်အရှည်နဲ့ အဲဒီလူက ကိုဥက်ပဲ။ အဲဒီကနေ ညနေ ၅ နာရီမှာ ဦးယော တိမ်းရှောင်နေတဲ့ ကျောင်းတိုက်ကို ဝင်စီးတယ် ကြားတယ်။ အဲဒီမှာ အတူရှိတဲ့ ပိုင်နွေဦးရော ဖမ်းခံရတယ်။ ကိုနေရဲကတော့ ဘယ်လိုဖမ်းခံရလဲ မသိရသေးဘူး” ဟု သူက ပြောသည်။

ကျောင်းတိုက်စီးနင်းခံရမှု အသေးစိတ်အခြေအနေများကို မသိရှိရသေးသော်လည်း ယနေ့ နံနက် ၃ နာရီခန့်တွင် မဟာအောင်မြေမြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက်တစ်ခုနှင့် အမျိုးသားအဆောင်တစ်ခုကို စစ်ကောင်စီက ဝင်ရောက်စီးနင်းရှာဖွေခဲ့ကြောင်း သပိတ်အဖွဲ့ဝင်လူငယ်က ဆက်ပြောသည်။

“အားလုံးရှောင်နေကြရတယ်။ ကျွန်တော်လည်း ရှောင်နေရတယ်။ လုံခြုံတဲ့ဆီတော့ ရောက်ပါပြီ” ဟု သူက ဆိုသည်။

ဆရာတော်ဦးကလျာဏသည် ဖမ်းဆီးမခံရမီအချိန်အထိ ကျန်းမာရေးကောင်းမွန်သော စာသင်စာချ ငယ်ဖြူရဟန်းတစ်ပါးဖြစ်သောကြောင့် စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အသက်အန္တရာယ် တစ်စုံတစ်ရာ ဖြစ်လာပါက ဖမ်းဆီးသူတို့၏ တာဝန်ဖြစ်ပြီး တာဝန်ယူရမည်ဟု သံဃသမဂ္ဂ (မန္တလေး) က ယမန်နေ့ ညတွင် ကြေညာချက်ထုတ်ပြန်သည်။

ဆရာတော်နှင့် လူငယ် ၄  ဦး အပြင်းအထန် နှိပ်စက်ခံရပြီး အသက်အန္တရာယ်တစ်စုံတစ်ရာထိခိုက်မည်ကို မန္တလေးတော်လှန်ရေးအင်အားစုများက စိုးရိမ်နေကြသည်။

ပြီးခဲ့သည့် (အောက်တိုဘာ၁၅) ညပိုင်းကလည်း စစ်ကောင်စီတပ်သားများက ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ဘုန်းကြီးကျောင်းတိုက်နှစ်ခုကို ဝင်စီးခဲ့နင်းပြီး ဖမ်းဆီးခဲ့သည့် လူငယ် ၂ ဦး ညှဉ်းပန်း နှိပ်စက်ခံရကာ ဒဏ်ရာ ပြင်းထန်စွာရရှိခဲ့သည်။

ထိုစဉ်က အရပ်ဝတ်နှင့် စစ်ယူနီဖောင်းဝတ် အင်အား ၅၀ ခန့်သည် ကား ၈ စီးဖြင့် ရောက်ရှိလာပြီး ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော် အရှင်အဂ္ဂဝံသ သီတင်းသုံးခဲ့သော ကျောင်းတိုက်နှစ်ခုဖြစ်သည့် ၅၁ လမ်း၊ (၁၂၉ လမ်းနှင့် လမ်း ၁၃၀) ကြားရှိ စိတ္တသုခကျောင်းနှင့် သရက်ပင်ကျောင်းတို့ကို စီးနင်းရှာဖွေခဲ့သည်။

စိတ္တသုခကျောင်းတိုက်အတွင်းရှိ အနော်မာလူမှုကူညီရေးအသင်းမှ လူငယ်တစ်ဦးကို အပြင်းအထန် ရိုက်နှက်ကာ ကပ်ကြေးဖြင့်ပါ ထိုးကြောင်း၊ သရက်ပင်ကျောင်းတိုက်အတွင်းမှ ဘုန်းကြီးကျောင်းသားတစ်ဦးကိုလည်း ရိုက်နှက်ခဲ့ပြီး ဒဏ်ရာများအသီးသီးရရှိခဲ့ကြကြောင်း သိရသည်။

ထိုစဉ်က အထက်ပါဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကလျာဏက “ဒီကောင်တွေ အုပ်ချုပ်နေသမျှ ဦးဇင်းတို့ရဲ့ တိုင်းပြည်က နာလန်ထူမှာမဟုတ်ဘူး။ အမြဲတမ်းဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခံဖြစ်နေဦးမှာပဲ။ လူထုကိုလည်း မေတ္တာရပ်ခံချင်တာ တော်လှန်ရေးမှာ တတ်နိုင်သလောက် ပါဝင်ပေးဖို့ပေါ့။ မြန်မြန် အမြစ်ပြတ်မှ ဒီဒုက္ခတွေက လွတ်မှာ” ဟု အောက်တိုဘာ ၁၅ တွင် Myanmar Nowကို မိန့်ကြားထားသည်။

မန္တလေးသံဃသမဂ္ဂသည် စစ်အာဏာရှင်ကို ရက်ပေါင်း ၄၀၀ ကျော်အထိ နေ့စဉ်မပြတ် ဆန္ဒပြ တော်လှန်ခဲ့ကြရာ စစ်ကောင်စီက သပိတ်ခေါင်းဆောင်သံဃာများကို ဖမ်းဆီးရန် ကြိုးပမ်းခဲ့သည်။

သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော် ၁၆ ပါး ဖမ်းဆီးခံခဲ့ရပြီး ပြန်လွှတ်သူ သံဃာတချို့ ရှိသည်။ ဦးကလျာဏ အပါအဝင် ဆရာတော် ၉ ပါး ဖမ်းဆီးခံထားရဆဲဖြစ်ကြောင်း သိရသည်။

ယမန်နှစ်က မန္တလေးစိန်ပန်းရပ်တွင် သပိတ်စစ်ကြောင်းလှည့်လည်နေစဉ် ကားဖြင့် တိုက်ကာ ဖမ်းဆီးခံရသည့် သံဃသမဂ္ဂမှ ဆရာတော် ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလသ၊ ဦးရေဝတနှင့် ဦးဝီရိယဓမ္မတို့ကိုလည်း စစ်ကောင်စီက ဆူပူအောင်လှုံ့ဆော်မှုပုဒ်မ ၅၀၅-က ဖြင့် ဇူလိုင်လအတွင်း ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

မန္တလေးတွင် ယင်းကဲ့သို့ တော်လှန်ရေးအင်အားစုများ အထိနာနေရသော်လည်း စစ်အာဏာရှင်ကို ရသည့်နည်းဖြင့် ဆက်လက်တော်လှန်သွားဦးမည်ဟု မန္တလေးသပိတ်လူငယ်က ဆိုသည်။

“ကျွန်တော်တို့ အခုလိုတွေလုပ်ခံရလို့ ဘယ်တော့မှလည်း ကြောက်ရွံ့နောက်ဆုတ်သွားမှာ မဟုတ်ဘူး။ အဆုံးထိ တိုက်ပွဲဝင်မယ်။ ပြည်သူတွေကလည်း ကျွန်တော်တို့နဲ့ အဆုံးထိ ပါဝင်တော်လှန်ပေးကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်” ဟု ၎င်းက ဆိုလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button