သတင်း

စစ်အာဏာသိမ်းမှုဆန့်ကျင်သူ ဦးဆောင်ဆရာတော်နှင့် လူငယ်လေးဦး ထောင် ၃ နှစ်စီ ချခံရ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်သည့် မန္တလေးမြို့မှ သံဃသမဂ္ဂဦးဆောင်ဆရာတော်နှင့် လူငယ်လေးဦးကို ဆူပူအောင်လှုံ့ဆော်မှုဆိုင်ရာ ပုဒ်မ၅၀၅-ကဖြင့် စစ်ကောင်စီက ယမန်နေ့ (နိုဝင်ဘာ ၂၄) တွင် အလုပ်နှင့် ထောင်ဒဏ် ၃ နှစ်စီ ချလိုက်သည်။

အသက် ၄၀ အရွယ် မန္တလေးသံဃသမဂ္ဂ ဦးဆောင်ဆရာတော် ဦးကလျာဏ (ခ) ဦးယောနှင့်အတူ ထောင်ဒဏ်ချမှတ်ခံရသူများမှာ အသက် ၂၀ အရွယ် ကိုနေရဲ၊ ၂၅ နှစ်အရွယ် ကိုပိုင်နွေဦး၊ ၃၀ ဝန်းကျင်ရှိ ကိုကောင်းခန့်ဇော်နှင့် ကိုဟိန်းမောင်တို့ဖြစ်သည်။

“ပထမဆုံးရုံးချိန်းမှာပဲ ဒီ ၅၀၅ ပုဒ်မနဲ့ ချလိုက်တယ်လို့ သိရတယ်။ နောက်ထပ်ပုဒ်မ မကျန်တော့ပါဘူး” ဟု အမည်မဖော်လိုသည့် မန္တလေးမြို့ခံ ရှေ့နေတစ်ဦးက ပြောသည်။

ဆရာတော် ဦးကလျာဏနှင့် ထိုလူငယ်လေးဦးကို အောက်တိုဘာလကုန်ပိုင်းတွင် စစ်ကောင်စီက ဖမ်းဆီးခဲ့ခြင်းဖြစ်ကာ ယမန်နေ့၌ ပြည်ကြီးတံခွန်မြို့နယ်တရားရုံးက အပြီးသတ် အမိန့်ချလိုက်ခြင်းဖြစ်သည်။​

ရှေ့နေငှားခွင့်၊ ခုခံချေပခွင့်မပေးဘဲ တစ်ဖက်သတ် အမိန့်ချခြင်းသည် လူတစ်ဦးတစ်ယောက်ချင်း၏ အခြေခံလူ့အခွင့်အရေးကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်ခြင်းသာဖြစ်ကြောင်း မန္တလေးသံဃသမဂ္ဂက ယမန်နေ့တွင် ထုတ်ပြန်သည်။ 

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသပိတ်တွင် ပါဝင်နေသည့် ကိုကောင်းခန့်ဇော်ကို ပြည်ကြီးတံခွန်မြို့နယ်အတွင်း အောက်တိုဘာ ၃၀ ရက်တွင် စစ်တပ်က စောင့်ဆိုင်းဖမ်းဆီးခဲ့ခြင်းဖြစ်သည်။​

ယင်းနောက် တစ်ရက်တည်းမှာပင် ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ကျောင်းတိုက်တစ်ခုကို ဝင်ရောက်စီးနင်းကာ ဦးကလျာဏနှင့်အတူ ကိုပိုင်နွေဦးကို ဖမ်းဆီးခဲ့သည်။ အခြားလူငယ်နှစ်ဦးကိုလည်း အခြားနေရာတွင် ဆက်တိုက်ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။​

အဖမ်းခံရပြီးနောက် စစ်ကြောရေးအတွင်း ညှဉ်းပန်းနှိပ်စက်ခံရသည့်ဒဏ်ကြောင့် ဦးကလျာဏမှာ ဦးခေါင်းတွင် အပြင်းအထန် ဒဏ်ရာရရှိခဲ့သည်ဟုလည်း သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်တစ်ပါးက မိန့်သည်။

“သူတို့ရိုက်နှက် နှိပ်စက်တဲ့ဒဏ်ကြောင့် ခေါင်းကို သုံးချက်ချုပ်ရတယ်။ အပြင်းအထန်ဒဏ်ရာရခဲ့တယ်။ ခုတော့ ကျန်းမာရေး ပုံမှန်ပြန်ဖြစ်သွားပြီ” 

ဖမ်းဆီးအပြီး နှစ်ရက်အကြာတွင် ဦးကလျာဏကို သံခြေကျင်းခတ်လျက် ခေါ်ဆောင်လာကာ မဟာအောင်မြေမြို့နယ်ရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်ကို စစ်တပ်က ဝင်ရောက်ရှာဖွေခဲ့ကြောင်း၊ ယခုလဆန်းပိုင်းတွင် ချမ်းအေးသာစံမြို့နယ်ရှိ ကျောင်းတိုက်တစ်ခုမှ အရှင်ကုသလနှင့် ဦးအစ္စုဆိုသည့် သံဃာနှစ်ပါးကို ထပ်ဖမ်းကာ အိုးဘိုထောင်တွင် ထိန်းသိမ်းထားကြောင်းလည်း သံဃသမဂ္ဂအဖွဲ့ဝင် ဆရာတော်ထံမှ သိရသည်။​

ယင်းမတိုက်မီကလည်း မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်အချို့ကို ဝင်ရောက်စီးနင်းပြီး စစ်တပ်က လူငယ်နှစ်ဦးကို ရိုက်နှက်ခဲ့ဖူးသည်။

အောက်တိုဘာ ၁၅ ရက်က ထိုဖြစ်စဉ်နှင့် ပတ်သက်၍ ဦးကလျာဏက “ဒီကောင်တွေ အုပ်ချုပ်နေသမျှ ဦးဇင်းတို့ရဲ့တိုင်းပြည်က နာလန်ထူမှာ မဟုတ်ဘူး။ အမြဲတမ်း ဖမ်းဆီးနှိပ်စက် အနိုင်ကျင့်ခံ ဖြစ်နေဦးမှာပဲ” ဟု မိန့်ခဲ့ဖူးသည်။ ထိုစဉ်က ၎င်းမှာ အဖမ်းမခံရသေးပေ။

အာဏာသိမ်းပြီးနောက် ရဟန်းသံဃာများပါမကျန် ဆန့်ကျင်သူမှန်သမျှကို စစ်ကောင်စီက ဖမ်းဆီးထောင်ချနေရာ မန္တလေးမြို့တွင် သံဃာ ၁၆ ပါး အဖမ်းခံရပြီး ၇ ပါး ပြန်လွတ်လာသော်လည်း ၉ ပါး ထိန်းသိမ်းခံထားရဆဲဖြစ်သည်ဟု သိရသည်။

ယမန်နှစ်က စိန်ပန်းရပ်ကွက်တွင် ဆန္ဒပြစစ်ကြောင်းလှည့်လည်နေစဉ် ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သံဃသမဂ္ဂမှ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေတဝနှင့် ဦးဝီရိယဓမ္မတို့ကို ပြီးခဲ့သည့် ဇူလိုင်လအတွင်း ထောင် ၃ နှစ်စီ ချခဲ့သည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button