သတင်း

ဖမ်းဆီးခံထားရသည့် ပြည်ကြီးတံခွန်ဆရာတော်နှင့် အဆက်အသွယ်ပြတ်နေ

စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်ဦးဆောင် ဆရာတော်ဖြစ်သည့် မန္တလေးမြို့ ပြည်ကြီးတံခွန်ဆရာတော်ကို စစ်တပ်က မတ်လ ၅ ရက်နေ့တွင် ဖမ်းဆီးပြီး မည်သည့်နေရာတွင် ထိန်းသိမ်းထားသည်ကို မသိရကြောင်း ဒေသတွင်းတော်လှန်ရေးအဖွဲ့များက ပြောသည်။

သက်တော် ၃၅ နှစ်အရွယ် ဦးအဂ္ဂဝံသသည် စစ်ကိုင်းတိုင်း မြင်းမူမြို့နယ် ဧရာဝတီမြစ်ရိုးက လက္ကပင်ရွာကို စစ်ကြောင်းထိုးကာ ဝင်ရောက်လာသော စစ်ကောင်စီတပ်၏ ဖမ်းဆီးခြင်းခံခဲ့ရသည်ဟု သံဃသမဂ္ဂ (မန္တလေး) က မတ်လ ၁၁ တွင် သတင်းထုတ်ပြန်ထားသည်။

ဆရာတော် ဦးအဂ္ဂဝံသနှင့်အတူ တော်လှန်ရေးရဲဘော် ၇ ဦး ဖမ်းဆီးခံခဲ့ရပြီး ထိုသူများကို စစ်ကောင်စီတပ်က သတ်ဖြတ်ကာ အလောင်းဖျောက်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်၊ အသေးစိတ်ကိုမူ မဖော်ပြထားပေ။ စစ်ကောင်စီ၏ သတင်းထုတ်ပြန်ချက်များတွင်လည်း ထိုကိစ္စနှင့် ပတ်သက်၍ မဖော်ပြထားပေ။

မန္တလေးမြို့ ဆန္ဒပြပွဲများတွင် ပါဝင်လေ့ရှိသည့် သပိတ်အဖွဲ့ဝင်လူငယ်တစ်ဦးကမူ ဆရာတော် စစ်ကိုင်းတိုင်းတွင် ချုပ်နှောင်ခံထားရသည်ဟု သတင်းရကြောင်း ပြောသည်။

“နောက်ဆုံးသိရတာက ဆရာတော်ကို သူတို့တပ်စွဲထားတဲ့ မြင်းမူမြို့နယ် စခန်းတစ်ခုမှာပဲ ဖမ်းထားတယ်။ အသက်မသေသေးဘူးလို့ ကြားတယ်ဗျ။ ဆရာတော်နဲ့အတူ ဖမ်းခံရတဲ့သူတွေကိုတော့ သတ်ပြီး အလောင်းတွေကို မြစ်ထဲ မျှောတယ်။ အလောင်းဖျောက်ပစ်တယ်လို့ သိရတယ်ဗျ” ဟု ၎င်းက ဆိုသည်။

ဆရာတော် မြင်းမူတွင် ချုပ်နှောင်ခံထားရသည်ဟူသော ပြောဆိုချက်နှင့် ပတ်သက်၍ Myanmar Now က သီးခြား အတည်ပြုနိုင်ခြင်း မရှိပါ။

သံဃသမဂ္ဂ (မန္တလေး) က ဆရာတော် အသက်အန္တရာယ်ထိခိုက်ပါက စစ်ကောင်စီတွင် ရာနှုန်းပြည့်တာဝန်ရှိကြောင်းလည်း ထုတ်ပြန်ထားသည်။

မန္တလေးမြို့ ပြည်ကြီးတံခွန်မြို့နယ် စိတ္တသုခပတ္တမြားကျောင်းတိုက်မှ ပြည်ကြီးတံခွန်သပိတ် ဦးဆောင်ဆရာတော် ဦးအဂ္ဂဝံသသည် ၂၀၂၁ ဖေဖော်ဝါရီလ စစ်တပ်အာဏာသိမ်းမှုကို ဒေသတွင်း ဦးဆောင် ကန့်ကွက်ခဲ့သူများထဲတွင် ပါဝင်သည့် ရဟန်းတစ်ပါးဖြစ်သည်။

အာဏာသိမ်းတပ်က ၂၀၂၁ မတ်လအတွင်း ဆရာတော်ကို ပုဒ်မ၅၀၅(က) ဖြင့် ဖမ်းဝရမ်းထုတ်ခဲ့ပြီး ကျောင်းတိုက်ကို အကြိမ်ကြိမ် စီးနင်းခဲ့သည်။

အောက်တိုဘာလ ၁၅ ရက်နေ့က ဆရာတော် သီတင်းသုံးနေထိုင်ခဲ့သည့် ပြည်ကြီးတံခွန်မြို့နယ် ၁၂၉ လမ်း၊ ၁၃၀ လမ်းကြားရှိ စိတ္တသုခကျောင်းနှင့် သရက်ပင်ကျောင်းတို့ကို တတိယအကြိမ်မြောက် ဝင်ရောက်ရှာဖွေခဲ့သည်။

ဦးအဂ္ဂဝံသကို ထိုစဉ်က ဆက်သွယ်မေးမြန်းရာတွင် စစ်ကောင်စီက အသည်းအသန်ရှာဖွေနေသည်ဟု မိန့်သည်။

“ခုတော့ ဦးဇင်း အန္တရာယ်ကင်းပါတယ်။ အရင်ကလည်း ဦးဇင်းကို ရှာတယ်။ မတွေ့ရင် ဟိုပတ်ရမ်း ဒီပတ်ရမ်း လုပ်လုပ်သွားတာပေါ့။ အခု အန္တရာယ်ကင်းပါတယ်” ဟု ဆရာတော်က Myanmar Now ကို မိန့်ကြားခဲ့ဖူးသည်။

ရဟန်းသံဃာများကို ဖမ်းဆီး နှိပ်စက်နေစဉ်မှာပင် စစ်တပ်က မန္တလေးမြို့ရှိ ဘုန်းကြီးကျောင်းတိုက်များတွင် လှည့်လည်၍ ဆေးကုသပေးနေသည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ မတ်လ ၁၀ ရက် ထုတ်ပြန်ချက်တွင် လူပုဂ္ဂိုလ်ပေါင်း ၁၆,၄၃၂ ဦးကို စစ်ကောင်စီက ဖမ်းထားပြီး ထိုအထဲတွင် ရဟန်းသံဃာများအပါအဝင် ဘာသာရေးခေါင်းဆောင် ၉၆ ဦး ပါဝင်သည်ဟု ဖော်ပြသည်။

၂၀၂၂ ခုနှစ် ဖေဖော်ဝါရီ ၉ ညပိုင်းက မန္တလေးမြို့မှ ဆန္ဒပြရဟန်းတစ်ပါးဖြစ်သည့် ဦးစန္ဒိမာလည်း ဖမ်းဆီးခံခဲ့ရသည်။ ချမ်းအေးသာစံမြို့နယ် လမ်း ၉၀၊ ၃၃ နှင့် ၃၄ လမ်းကြားရှိ သင်္ဂဇာကျောင်းတိုက်တွင် စစ်ကောင်စီတပ်သားတို့က ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်သည်၊ ထိုဆရာတော်သည်လည်း မည်သည့်နေရာတွင် ရောက်ရှိနေသည်ကို မသိရဘဲဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button