သတင်း

မန္တလေး သံဃသမဂ္ဂဦးဆောင်ဆရာတော်တစ်ပါး ထပ်ဖမ်းဆီးခံရ

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြသည့် မန္တလေးမြို့မှ သံဃသမဂ္ဂ ဦးဆောင်ဆရာတော်တစ်ပါးကို ယမန်နေ့ (ဇန်နဝါရီ ၃) တွင် စစ်ကောင်စီက ထပ်မံဖမ်းဆီးအရေးယူလိုက်သည်။ 

သက်တော် ၄၀ ဝန်းကျင်ရှိ ဦးအာစာရ(ခေါ်) သပိတ်ခင်သည် ဒီဇင်ဘာ ၂ ရက် ညပိုင်းကတည်းက အဆက်အသွယ် ပြတ်တောက်နေခြင်းဖြစ်ကာ မန္တလေးမြို့ အောင်မြေသာစံမြို့နယ် ကုသိုလ်တော်ဘုရားအနီးတွင် ဖမ်းဆီးခံလိုက်ရခြင်းဟု အာဏာသိမ်းမှုဆန့်ကျင်ရေး လှုပ်ရှားမှုများတွင် ပါဝင်နေသည့် မြို့ခံ လူငယ်တစ်ဦးက ပြောသည်။

သပိတ်ခင် ဆရာတော်ဖမ်းဆီးခံရသည့် ဖြစ်စဉ်အသေးစိတ်ကို မသိရှိရသေးသော်လည်း နီးစပ်သူများ ထပ်အဖမ်းဆီးခံရနိုင်၍ ရှောင်တိမ်းနေထိုင်ကြရန်လည်း ယင်းလူငယ်က ဆိုသည်။

ဆရာတော် ဦးအာစာရသည် စစ်အာဏာသိမ်းပြီးနောက် မန္တလေးမြို့ သံဃသမဂ္ဂသပိတ်စစ်ကြောင်းများကို ဦးဆောင်လေ့ရှိသည့် သံဃာတစ်ပါးဖြစ်သည်ဟု သိရသည်။​

ဖမ်းဆီးမခံရမီအချိန်အထိ ကျန်းမာရေးကောင်းမွန်ပြီး စစ်ကောင်စီက ဖမ်းဆီးပြီးနောက် အသက်အန္တရာယ် တစ်စုံတစ်ရာဖြစ်လာပါက ဖမ်းဆီးသူတို့၏တာဝန်ဖြစ်ပြီး တာဝန်ယူရမည်ဟု မန္တလေးသပိတ်အင်အားစုများက ဆိုသည်။

ဆရာတော် အပြင်းအထန်နှိပ်စက်ခံရပြီး အသက်အန္တရာယ်ထိခိုက်မည်ကို သပိတ်အင်အားစုများနှင့် မန္တလေးလူထုက စိုးရိမ်နေကြသည်။

ဒီဇင်ဘာ ၃ ရက် လူမှုကွန်ရက်တွင် တက်လာသည့် ဓာတ်ပုံတစ်ပုံတွင် ဆရာတော်သည် ရဲစခန်းဟု ယူဆရသော နေရာတစ်ခု၌ ထိုင်လျက်အနေအထားဖြင့် လက်ထိတ်ခတ်ခံထားရသည်ကို တွေ့ရသည်။

သပိတ်ခင်ဆရာတော်ဖမ်းဆီးမှုနှင့် ပတ်သက်ပြီး စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

ဖမ်းဆီးခံခဲရသည့် ဆရာတော် ဦးအာစာရ

ပြီးခဲ့သည့် အောက်တိုဘာ (၃၀) နေ့ကလည်း စစ်အာဏာရှင်ကို ဆန္ဒပြသည့် သံဃသမဂ္ဂ ဦးဆောင်ဆရာတော် နောက်တစ်ပါးဖြစ်သည့် ဦးကလျာဏ ခေါ် ဦးယောနှင့် လူငယ်လေးဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့ပြီး တစ်လနီးပါးအကြာ နိုဝင်ဘာ ၂၄ တွင် နိုင်ငံဆူပူအောင်လှုံ့ဆော်မှုဖြင့် အလုပ်နှင့်ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့သည်။

ယမန်နှစ်က စိန်ပန်းရပ်ကွက်တွင် ဆန္ဒပြစစ်ကြောင်းလှည့်လည်နေစဉ် ကားဖြင့်တိုက်ကာ ဖမ်းဆီးခံရသည့် သံဃသမဂ္ဂမှ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသ၊ ဦးရေတဝနှင့် ဦးဝီရိယဓမ္မတို့ကိုလည်း ပြီးခဲ့သည့် ဇူလိုင်လအတွင်းက ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ထားသည်။

မန္တလေးသံဃသမဂ္ဂသည် စစ်အာဏာရှင်ကို ရက်ပေါင်း ၄၀၀ ကျော်အထိ နေ့စဉ်မပြတ် ဆန့်ကျင်ဆန္ဒပြလာခဲ့ရာ သပိတ်ခေါင်းဆောင်သံဃာများကို စစ်ကောင်စီက ဖမ်းဆီးရန် ကြိုးစားခဲ့သည်။ သံဃသမဂ္ဂ (မန္တလေး) မှ ဆရာတော် ဦးအာစာရအပါအဝင် သံဃာ ၁၀ ပါး ဖမ်းဆီးခံထားရဆဲဖြစ်သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ ဇန်နဝါရီ ၃ ရက် ထုတ်ပြန်ချက်တွင် နိုင်ငံအနှံ့မှ သံဃာ ၆၄ ပါးကို စစ်ကောင်စီက ဖမ်းဆီးထားသည်ဟု ဆိုသည်။

စစ်ကောင်စီသည် ယင်းကို ဆန့်ကျင်သည့် ရဟန်းများကို ဖမ်းဆီးထားချိန်တွင် ပျံလွန်ပြီးသော ဆရာတော်ကြီးများအပါအဝင် ပြည်တွင်းပြည်ပမှ သံဃာ အပါး ၄၃၁ ပါးကို ဇန်နဝါရီလ ၄ ရက်တွင် သာသနာဆိုင်ရာ ဘွဲ့တံဆိပ်များ ပေးအပ်ခဲ့သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button