သတင်း

မန္တလေးသံဃသမဂ္ဂအဖွဲ့ဝင် ရဟန်းတစ်ပါး ဒုတိယအကြိမ် ပြန်အဖမ်းခံရ

ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံရပြီး လွန်ခဲ့သော ၈ လက ပြန်လည်လွတ်မြောက်လာသည့် မန္တလေးသံဃသမဂ္ဂဆရာတော် ဦးရေဝတကို ဇန်နဝါရီ ၃ ရက် မနက်ပိုင်းတွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားသည်။

ဆန္ဒပြမှုဖြင့် ဖမ်းဆီးခံရပြီး လွန်ခဲ့သော ၈ လက ပြန်လည်လွတ်မြောက်လာသည့် မန္တလေးသံဃသမဂ္ဂ ဆရာတော်တစ်ပါးကို ဇန်နဝါရီ ၃ ရက်နေ့ နံနက်တွင် စစ်ကောင်စီက ပြန်လည်ဖမ်းဆီးသွားသည်ဟု သိရသည်။

သက်တော် ၃၀ ကျော်ရှိသော၊ မန္တလေးမြို့မှ သံဃသမဂ္ဂဦးဆောင်ဆရာတော်များထဲမှ တစ်ပါးဖြစ်သော ဦးရေဝတသည် မဟာအောင်မြေမြို့နယ် ၄၂ လမ်းနှင့် ၄၃ လမ်း၊ ၈၃ လမ်းနှင့် ၈၄ လမ်းကြားရှိ မြင်းဝန်မင်းကြီးကျောင်းတိုက်တွင် ဖမ်းဆီးခံလိုက်ရခြင်းဖြစ်သည်ဟု မန္တလေးမြို့ခံ ရဟန်းတစ်ပါးက မိန့်သည်။

ယူနီဖောင်းဝတ် စစ်သားများက ကား ၄ စီးဖြင့် မဟာအောင်မြေမြို့နယ် မြင်းဝန်မင်းကြီးကျောင်းတိုက်ကို လာရောက်စီးနင်းခဲ့သည်၊ ဦးရေဝတအားရှာဖွေစဉ် မတွေ့ရှိဘဲ၊ ဖုန်းဆက်ခေါ်ကာ ပြန်လာသည့်လမ်းတွင် ဖမ်းဆီးခဲ့သည်ဟု အထက်ပါ ရဟန်းက မိန့်သည်။

“ဦးဇင်းကို မတွေ့တဲ့အတွက် ကျောင်းကဒကာတစ်ဦးကို ဖုန်းဆက်ခေါ်ခိုင်းတယ်။ ဦးဇင်းက အဲဒီမှာ ပြန်လာတယ်၊ ဒါပေမဲ့ သူ့ကျောင်းကို စီးထားပြီး သူ့ကို စောင့်နေတာသိလိုက်တော့ ကျောင်းရဲ့ ညာဘက်လမ်းထဲကို ချိုးကွေးပြေးတဲ့အချိန် အသင့်စောင့်နေတဲ့ ရဲတွေက ဖမ်းသွားတာ” ဟု ဆရာတော်က မျက်မြင်သက်သေတစ်ဦးကို ကိုးကား၍ မိန့်သည်။

ဦးရေဝတသည် ၂၀၂၁ခုနှစ် အောက်တိုဘာလက မန္တလေး စိန်ပန်းရပ်ကွက်တွင် သံဃသမဂ္ဂဆရာတော်များနှင့်အတူ စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒပြလှည့်လည်နေစဉ် စစ်ကောင်စီက ကားဖြင့်တိုက် ရိုက်နှက်လူဝတ်လဲစေကာ ဖမ်းဆီးခဲ့သည်။

ထိုစဉ်က ဦးရေဝတနှင့်အတူ မန္တလေးသံဃသမဂ္ဂမှ ဦးသုစိတ္တ၊ ဦးသီရိန္ဒ၊ ဦးဝိလာသနှင့် ဦးဝီရိယဓမ္မ စသည့် သံဃာငါးပါးနှင့် လူသုံးဦးတို့ ဖမ်းဆီးခံခဲ့ကြရသည်။

ထို့နောက် အားလုံးကို စစ်ကောင်စီက ၂၀၂၂ ခုနှစ် ဇွန်လတွင် ထောင်ဒဏ် ၃ နှစ်စီ ချမှတ်ခဲ့ပြီး တစ်နှစ်ခန့်အကြာ၂၀၂၃ မေလ ၃ ရက်နေ့ ကဆုန်လပြည့်နေ့တွင် လွတ်ငြိမ်းသက်သာခွင့်ဖြင့် ပြန်လည်လွှတ်ပေးခဲ့သည်။

ဦးရေဝတသည် လွတ်မြောက်လာပြီးနောက် ၎င်း၏ကျောင်းတိုက်ဖြစ်သည့် မဟာအောင်မြေ၊ မြင်းဝန်မင်းကြီးတိုက်တွင်ပင် ပြန်လည် သီတင်းသုံးနေသည်။ ပြန်လည်ဖမ်းဆီးခံရခြင်းမှာ မည်သည့်အတွက်ကြောင့်ဟု မသိရသေးဘဲ စိုးရိမ်ဖွယ်ဖြစ်နေသည်ဟု မန္တလေးမှ မြို့ခံ ဆရာတော်တစ်ပါးက ထပ်မိန့်သည်။

“ဦးဇင်းရဲ့ သုံးနေတဲ့ ဖေ့ဘုတ်ကိုလည်း ဝင်ကြည့်တယ်။ နိုင်ငံရေးငြိစွန်းတယ်ဆိုတာ မတွေ့ရဘူး၊ နောက်ပြီးတော့ ခုချိန်ထိဘာသတင်းအစအနမှလည်း ထပ်မရတော့ စိတ်ပူနေရတယ်” ဟု မိန့်သည်။

မည်သည့်နေရာတွင် ဖမ်းဆီးထားသည်ကို မသိရှိရသေးပေ။

မန္တလေးတွင် ပြီးခဲ့သည့် စက်တင်ဘာလမှစတင်ကာ ရဟန်း၊ ဆရာဝန်၊ ကျောင်းဆရာ၊ ဆရာမများ၊ သက်ကြီးရွယ်အိုများ အပါအဝင် ဒေသခံ ၁၀၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။

ထိုအထဲမှအချို့ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံ ထောက်ပံ့သည်၊ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကို ထောက်ခံသည်ဆိုကာ ၎င်းတို့၏ဆေးခန်း၊ တိုက်ခန်းနှင့် ကိုယ်ပိုင်ကျောင်းတို့ကို ချိပ်ပိတ်သိမ်းဆည်းခဲ့သည်။

နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ၏ နောက်ဆုံးထုတ်ပြန်ချက်အရ အာဏာသိမ်းပြီးချိန်မှ ဇန်နဝါရီလ ၃ ရက်နေ့အထိ စစ်ကောင်စီက ဖမ်းခဲ့သူပေါင်း ၂၅,၇၃၀ ဦးရှိပြီး ပြန်လွတ်လာသူ နိုင်ငံရေးအကျဉ်းသား ၅၈၀၀ သာ ရှိသည်။

စစ်ကောင်စီသည် ယမန်နေ့ (ဇန်နဝါရီ ၄) တွင်လည်း အကျဉ်းသား ၉၇၆၆ ဦးကို ကန့်သတ်ချက်များဖြင့် ပြန်လွှတ်ပေးခဲ့သည်။ ထိုအထဲတွင် နိုင်ငံရေးအကျဉ်းသား အနည်းငယ်သာ ပါဝင်သည်။

Show More

Related Articles

Back to top button