အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်ပုံလွှာအမှတ်ရခြင်း

ဝေးခဲ့ရပြန်တဲ့ ပန်းခရမ်းပြာသို့ ဦးညွှတ်ခြင်း

ကြည်ပြာကန်နံဘေးက တေးချစ်သူ ပရိသတ်ကို အနှစ်သာရ အပြည့်ပါတဲ့ တေးဂီတတွေနဲ့ နှစ်ပေါင်းများစွာကြာအောင် ဖျော်ဖြေခဲ့တဲ့ ကမ်းမဲ့ပန်းဗေဒါတစ်ဆုပ်။ တည်ရာမှီရာတွေကို စွန့်လို့ မျောလို့ နေခဲ့တဲ့ ပန်းခရမ်းပြာလေးတစ်ဖွဲ့ဟာ လောကနိယာမအရ ကမ်းနဲ့ တစ်ပွင့်ပြီးတစ်ပွင့် မရှေးမနှောင်း ဝေးဝေးသွားခဲ့ကြပါတယ်။

ခုတစ်ခါ လက်ကျန်ပန်းဗေဒါတစ်ပွင့်လည်း လက်ပြ နှုတ်ဆက်လို့ ကမ်းနဲ့ဝေးရာကို မျောလွင့် ထွက်ခွာသွားခဲ့ပြန်ပါပြီ။

ဝေးခဲ့ပြီ ပန်းခရမ်းပြာ၊ အရွယ်လွန်ရွေ့လျား၊ သဇင်ည၊ နဒီမင်္ဂလာ၊ နှလုံးသားစွမ်းအား၊ တို့ရင်ထဲ၊ အချစ်စစ် စတဲ့ သီချင်းတွေကို ရေးစပ်သီကုံးခဲ့ပြီး ပရိသတ်ရဲ့ နှလုံးသားထဲက ကြိုးတွေကို အသံထွက်အောင်တီးခတ်နိုင်ခဲ့တဲ့ ကိုရဲလွင် (ခေါ်) ဦးရဲလွင်ကြီး တစ်ယောက် ဒီကနေ့မှာပဲ သူချစ်တဲ့ တေးသီချင်းတွေ၊ သူချစ်တဲ့ ဂီတလောက သားတွေ၊ မငြိမ်းချမ်းနိုင်ကြသေးတဲ့ မြန်မာပြည်သူပြည်သား တွေအားလုံးကို ထားခဲ့ပြီး သူကတော့ ငြိမ်းချမ်းတဲ့ခရီးလမ်းကို လျှောက်လှမ်းသွားခဲ့ပါပြီ။

“အနုပညာအပေါ်သစ္စာရှိတဲ့၊ ငတ်ရင်ငတ်ပါစေ ဂီတကို ပြီးစလွယ်မလုပ်တဲ့ အင်မတန်ရှားရှားရှားပါးပါးသော လက်တစ်ဆုပ်စာထဲက ထပ်ဖဲ့ပေးလိုက်ရတာပေါ့ ”လို့ ဦးရဲလွင်ရဲ့ အမာခံပရိသတ် ကိုတင်အောင်မြင့်က မချိတင်ကဲ ပြောပါတယ်။

မဇ္ဈိမလှိုင်း၊ ပန်းရဲ့လမ်း စတဲ့အဖွဲ့တွေကို တည်ထောင်ခဲ့သူ၊ ဘေ့စ်ဂီတာသမားကြီး ကိုရဲလွင်၊ အောင်မြင် ကျော်ကြားတဲ့ ဂီတသမားတွေဖြစ်ကြတဲ့ ခင်မောင်တိုး၊ အဉ္စလီမောင်မောင်၊ ကိုနေဝင်း စသူတို့နဲ့ တွဲပြီး သိကြတဲ့ ကိုရဲလွင်ဟာ အသည်းရောဂါနဲ့ ရန်ကုန်ခုတင် ၅၀၀ ဆေးရုံသစ်ကြီးမှာ တစ်လကျော်ကြာ တက်ရောက် ကုသခံယူပြီးတဲ့နောက် ဒီကနေ့ညနေ ၄ နာရီ ၁၀ မိနစ်မှာပဲ နောက်ဆုံး ထွက်သက်နဲ့အတူ အိပ်စက်သွားပြီ ဖြစ်ပါတယ်။

“သူဝေဒနာပြင်းထန်နေချိန်မှာတောင် မေတ္တာသုတ်ကို ရွတ်ဖတ်နေခဲ့တာ” လို့ ကွယ်လွန်သူတေးသံရှင် ခင်မောင်တိုးရဲ့ ဇနီး ဒေါ်ဝေဝေလှိုင်က ပြောပါတယ်။ ကိုရဲလွင်ဟာ ဘဝမှာ ဂီတကို သာ ယုံကြည်မြတ်နိုးရင်း၊ ငြိမ်းချမ်းရေးအတွက် သူတတ်တဲ့ပညာနဲ့ ကြိုးပမ်းရင်းနဲ့ မေတ္တာတရားကိုသာ တစ်ဘဝလုံး လက်ကိုင်ထားပြီး နေခဲ့တယ်လို့လည်း အနီးကပ် ဆက်ဆံခဲ့ဖူးတဲ့ ဒေါ်ဝေဝေလှိုင်က ပြောပြပါတယ်။

ဦးရဲလွင်ရဲ့ မိတ်ဆွေတစ်ဦးဖြစ်တဲ့ ဦးသီဟကလည်း “သူကသီချင်းတွေကို နှလုံးသားနဲ့ရေးတယ်။ သူ့အသွေးအသားတွေကနေ ပေါက်ဖွားလာတဲ့ အနုပညာတွေကိုလည်း ဘယ်တုန်းက မှငွေကြေးနဲ့မဖြတ်ဘူး။ သူဟာ သူ့အနုပညာကို လူတန်းစားအားလုံးအတွက် ထားခဲ့တယ်။ ပေးခဲ့တယ်။ ငြိမ်းချမ်းရေးအတွက်လည်း သူလုပ်ခဲ့တယ်။ မေတ္တာတရား ကြီးမားလွန်းတယ်။ သူဟာ သိပ်ကိုဖြူစင်ပြီးတော့ မေတ္တာတရား ဘယ်လောက်ကြီးမားတယ်၊ ဘယ်လောက်အေးချမ်းတယ်ဆိုတာကို သူနဲ့တွေ့ဆုံဖူးသူတိုင်း သိနိုင်ပါတယ်”လို့ ပြောပါတယ်။

ကိုရဲလွင်ရဲ့ ကြွင်းကျန်တဲ့ရုပ်ကလာပ်ကို စနေနေ့ (ဇူလိုင် ၁၄ )မှာ ရေဝေးသုသာန်မှာ ဂူသွင်းသင်္ဂြိုဟ်မှာဖြစ်ပါတယ်။

ကိုရဲလွင်ကို စက်ရှင်တရားသူကြီး ဦးမောင်မောင်နဲ့ ဒေါ်ကြိုင်တို့ကနေ မွေးဖွားခဲ့ပြီး ကွယ်လွန်ချိန်မှာ အသက် ၇၁ နှစ် ရှိပြီဖြစ်ပါတယ်။ မွေးချင်း ၁၀ ယောက်ရှိတဲ့အနက် ရှစ်ယောက် မြောက်ဖြစ်ပါတယ်။ ရန်ကုန်စက်မှုတက္ကသိုလ်မှာ အီလက်ထရွန်နစ် အထူးပြုတက်ရောက်ခဲ့ပြီး E Machine တီးဝိုင်းမှာ ဘေ့စ်ဂီတာသမားအဖြစ်နဲ့ စတင်ပါဝင်ခဲ့ပါတယ်။

၁၉၈၂ ခုနှစ်မှာ အဉ္စလီမောင်မောင်နဲ့အတူတွဲပြီး ‘မဇ္ဈိမလှိုင်း’ဆိုတဲ့ ဂီတသင်တန်းကို မန္တလေးမှာ စတင်ဖွင့်လှစ် သင်ကြားပေးခဲ့ရာကနေ ၁၉၈၄ ခုနှစ်မှာ ဦးခင်မောင်တိုးပါ ပါဝင်လာပြီး မဇ္ဈိမလှိုင်းတီးဝိုင်းရယ်လို့ ပေါ်ပေါက်လာခဲ့တာ ဖြစ်ပါတယ်။ သူဟာ တေးသံရှင်မျိုးကြီးရဲ့ ဦးလေးတော်စပ်သူလည်း ဖြစ်ပါတယ်။ ခင်မောင်တိုးနဲ့ ဂီတမှူးဇော်မျိုးထွဋ်တို့လည်း ကွယ်လွန် သွားခဲ့ကြပြီမို့ ခုအချိန်မှာ မဇ္ဈိမလှိုင်းအဖွဲ့မှာ ကိုနေဝင်းတစ်ယောက်သာ ကျန်ပါတော့တယ်။

၂၀၁၁ ခုနှစ်ကပြီး ကချင်ပြည်နယ်မှာ တစ်ကျော့ပြန် ဖြစ်ပွားခဲ့တဲ့ စစ်ပွဲတွေကြောင့် ဒုက္ခရောက်ကြတဲ့ ပြည်သူတွေကို အကူအညီပေးနိုင်ဖို့အတွက် ၂၀၁၂ ခုနှစ် မေလမှာ ‘လွတ်လပ်ငြိမ်းချမ်း ပန်းရဲ့လမ်း’ တေးဂီတအဖွဲ့ကို စိတ်တူကိုယ်တူသူတွေနဲ့ ဖွဲ့စည်းပြီး နိုင်ငံအနှံ့မှာ ငြိမ်းချမ်းရေးတေးသီချင်းတွေ လိုက်လံဖျော်ဖြေပြီး အလှူခံခဲ့ပါတယ်။

“၂၀၁၅ ခုနှစ် သပိတ်မှောက်ကျောင်းသားတွေ လက်ပံတန်းမှာ ပိတ်ဆို့ခံထားရချိန်မှာ ဦးရဲလွင်တို့ ပန်းရဲ့လမ်း ရောက်လာခဲ့ပြီး ကျောင်းသားတွေကို ခွန်အားဖြည့် သီချင်းတွေ လာဖျော် ဖြေပေးခဲ့တယ်။ သူဟာ ပန်းရဲ့လမ်းနဲ့အတူ အဖွဲ့အစည်းများစွာအတွက် ဆောင်ရွက်ပေးခဲ့ပြီး ၊ ပြည်သူ့အကျပ်အတည်းကာလတွေမှာလည်း မငြီးမငြူ ထမ်းရွက်ခဲ့တယ်။ သူ့ ဂီတပညာကို သူ့သမိုင်းအဖြစ် ရေးထိုးသွားခဲ့တယ်” လို့ ဗကသ ကျောင်းသား ခေါင်းဆောင်ဟောင်း ဦးရဲရင့်ကျော်က ပြောပါတယ်။

ကိုရဲလွင်ဟာ ပြည်ပရောက် မြန်မာတိုင်းရင်းသား မိသားစုတွေက ဂုဏ်ပြုပေးအပ်တဲ့ ၂၀၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် အထူးဆုနဲ့ ပြည်တွင်းမီဒီယာတစ်ခုဖြစ်တဲ့ 7DAY သတင်းစာကပေးတဲ့ 7DAY သူရဲကောင်းဆုတွေကို ရရှိခဲ့ပါတယ်။

ပရိဟတသမားကြီး ကိုရဲလွင်ရဲ့ပုဂ္ဂလိကဘဝကတော့ မစိုပြည်လှပါဘူး။ အိမ်ထောင်ကွဲတစ်ဦးဖြစ်တဲ့အပြင် သားထောက်သမီးခံလည်း မရှိသလို အိမ်ရာအတည်တကျ နေတဲ့သူလည်း မဟုတ်ခဲ့ပါဘူး။ ဒါပေမဲ့လည်း ဝိပဿနာတရားကို တေးသံရှင်ခင်မောင်တိုးနဲ့အတူ နှစ်ပေါင်းများစွာ အားထုတ်ခဲ့သလို ဆေးရုံမတက်ခင်အထိလည်း ဗဟန်းမြို့နယ်က ဓမ္မဇောတိဝိပဿနာရိပ်သာမှာ အပတ်စဉ် တရားအားထုတ်သူတစ်ဦးအနေနဲ့ ဓမ္မထုံမွမ်းထားတဲ့ သူ့ရဲ့နှလုံးသားဟာ သာမန်လောကီ လူသားတွေနဲ့ မတူတဲ့ပုံစံတစ်မျိုးနဲ့ စိုပြည်နေခဲ့မှာကတော့ မလွဲပါဘူး။

ပန်းရဲ့လမ်းရဲ့ ပဲ့ကိုင်ရှင်ကြီး ကိုရဲလွင်အတွက် ကဗျာဆရာ ဒီသစ်ကတော့ ခုလိုပဲ ကဗျာတစ်ပုဒ် စပ်ဆိုခဲ့ပါတယ်။

“အရွယ်လွန်ရွေ့လျား”… တဲ့လေ
အရွေ့ကိုဆာလောင်ရင်း ငြိမ်းချမ်းခြင်းကိုသာ အဖြေလို့
ယုံယုံရဲရဲ “ပန်းရဲ့လမ်း” ကိုထုဆစ်ခဲ့သူ….
“ဆရာကြီးသခင်ကိုယ်တော်မှိုင်း”ရဲ့
သူမနာကိုယ်မနာငြိမ်းချမ်းရေးလမ်းကို
နာခံခဲ့သူ လူသူတော်စင်
ကျွန်တော်တို့အားလုံးအတွက် ကိုရဲလွင်
လောကရဲ့ငြိမ်းချမ်းရေးဂီတရှင်။”

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button