သတင်း

ယာဉ်တိမ်းမှောက်ပြီး ကွယ်လွန်ခဲ့သည့် ၈၈ မျိုးဆက်အဖွဲ့ဝင် မမီးမီး၏ဈာပန ကျင်းပ

ရန်ကုန် – နိုင်ငံရေးတက်ကြွလှုပ်ရှားသူ အမျိုးသမီးတစ်ဦးအဖြစ် ထင်ရှားသည့် ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ မသင်းသင်းအေး (ခေါ်) မမီးမီး၏ဈာပနကို ဩဂုတ်လ ၁၇ ရက် ယနေ့ မွန်းလွဲ ၂ နာရီက မြောက်ဥက္ကလာပမြို့နယ်ရှိ ရေဝေးသုသာန်တွင် ကျင်းပခဲ့သည်။

ပြီးခဲ့သည့် ရက်ပိုင်းအတွင်း ဧရာဝတီတိုင်းဒေသကြီး ကျောင်းကုန်းမြို့နယ်ထဲ၌ ယာဉ်မတော်တဆဖြစ်ကာ သေဆုံးခဲ့သည့် မမီး၏ အသုဘအခမ်းအနားသို့ နိုင်ငံရေး၊ လူမှုရေး စသည့်နယ်ပယ်အသီးသီးမှ လူပေါင်း သောင်းချီကာ တက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကလည်း ဝမ်းနည်းကြောင်းသဝဏ်လွှာ ပေးပို့ခဲ့သည်။

“မီးမီးရေ နင့်ဈာပနရဲ့အပြင်ဘက်မှာ နင်ချစ်တဲ့ပြည်သူတွေက ကျောင်းသားတွေက နင့်ကိုချစ်ကြောင်း ဝမ်းနည်းကြောင်းပြနေကြတယ်။ နင့်မှာငွေမရှိ အာဏာမရှိပေမယ့် နင်ပေးဆပ်လုပ်ကိုင်ခဲ့တဲ့ လုပ်ရပ်တွေကြောင့် နောင်မျိုးဆက်တွေ က နင့်ကိုချစ်ကြောင်း ပြနေပါတယ်” ဟု ၈၈ ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ဝမ်းနည်းကြောင်း အမှတ်တရစကား ပြောသည်။

မမီးမီးကို အဖ ဦးဘသိန်း အမိ ဒေါ်ခင်ညိမ်းတို့က ၁၉၇၂ ခုနှစ်တွင် ရန်ကုန်မြို့၌ ဖွားမြင်ခဲ့ပြီး ၁၉၈၈ ခုနှစ်တွင် ဒသမတန်းကျောင်းသူဘဝဖြင့် အခြေခံပညာကျောင်းသားများသမဂ္ဂ (အကသ)၊ မြန်မာနိုင်ငံလုံးဆိုင်ရာကျောင်းသားများ ဒီမိုကရေစီလှုပ်ရှားမှု (မကဒ) အဖွဲ့ဝင်အဖြစ် အရေးတော်ပုံတွင် ပါဝင်လှုပ်ရှားခဲ့သည်။

၁၉၈၉ ခုနှစ် မတ်လတွင် စက်မှုတက္ကသိုလ်ကျောင်းသား ကိုဖုန်းမော်ကွယ်လွန်ခြင်း တစ်နှစ်ပြည့် လှုံ့ဆော်လှုပ်ရှားမှုကြောင့် လေးလ တစ်ကြိမ်၊ ၁၉၉၆ ခုနှစ် ဒီဇင်ဘာလတွင် စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေး ကျောင်းသားများဆန္ဒပြမှုဖြင့် ခုနစ်နှစ် တစ်ကြိမ်၊ ထောင်ဒဏ် ကျခံခဲ့ရသည်။

၂၀၀၂ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာပြီး ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့တွင် ပါဝင်လှုပ်ရှားကာ ၂၀၀၇ ခုနှစ်တွင် လောင်စာဆီဈေးတက်ခြင်းကိစ္စ ဆန္ဒပြပွဲများ၊ ရွှေဝါရောင် သံဃာ့ဆန္ဒပြပွဲများနှင့် ဆက်စပ်ကာ ဖမ်းဆီးခံခဲ့ရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလတွင် ထောင်ဒဏ် ၆၅ နှစ် ချမှတ်ခြင်းခံရသည်။

၂၀၁၂ ခုနှစ်တွင် အခြားသော ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်များနှင့်အတူ ပြန်လည်လွတ်မြောက်ခဲ့ပြီး ယခုကွယ်လွန်ချိန်အထိ ၈၈မျိုးဆက်ငြိမ်းချမ်းရေးနှင့်ပွင့်လင်းလူ့အဖွဲ့အစည်းတွင် အမျိုးသမီးရေးနှင့် ကလေး သူငယ်ရေးရာ ဌာနတွင် တွဲဖက်တာဝန်ခံအဖြစ် ထမ်းဆောင်ခဲ့သည်။ ထို့ပြင် ကြက်ခြေနီအဖွဲ့၊ နာရေးကူညီမှုအသင်းတို့တွင်လည်း တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ပြည့်နှစ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် တာမွေမြို့နယ်လူငယ်တာဝန်ခံ ကိုလှမိုးနှင့် အိမ်ထောင်ကျပြီး သမီးတစ်ယောက် သားတစ်ယောက် ထွန်းကားခဲ့သည်။

ကွယ်လွန်ချိန်တွင် ခင်ပွန်းသည်၊ သားသမီးနှစ်ဦးနှင့် မြေးနှစ်ဦးတို့ ကျန်ရစ်ခဲ့သည်။

Show More

Related Articles

Back to top button