အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
သတင်း

၈၈ ငြိမ်းပွင့် အမျိုးသမီးနှစ်ဦး ဖမ်းခံရပြီး သတင်းပျောက်နေ

မြန်မာ့ဒီမိုကရေစီအရေးလှုပ်ရှားမှုကို အစပြုခဲ့သည့် ၈၈ မျိုးဆက်ကျောင်းသားများ စုဖွဲ့ထားသည့် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ အဖွဲ့ဝင် ၂ ဦးနှင့် အခြားလူငယ် ၁ ဦး ဧပြီ ၂၆ ရက်နေ့က ကရင်ပြည်နယ် ဘားအံမြို့တွင် ဖမ်းဆီးခံလိုက်ရသဖြင့် ၎င်းတို့၏ လုံခြုံရေးအတွက် လုပ်ဖော်ကိုင်ဖက်များက စိတ်ပူနေသည်။ 

အဖမ်းခံရသူတို့မှာ ဆေးကုသမှုခံရန် ဘားအံသို့ ရောက်နေသည့် တောင်သူလယ်သမား​ရေးရာဌာနမှ မနုနု​အောင်၊ အမျိုးသမီး၊ က​လေးသူငယ်​ရေးရာဌာနမှ မခက်ခက်နှင့် သူ၏ သား ကိုမြတ်သူတို့ ဖြစ်သည်။

စစ်ကောင်စီ ဖမ်းသွားပြီး ၃ ရက်ကြာသည်အထိ အဆက်အသွယ်ပြတ်နေကာ မည်သည့်နေရာတွင် ရှိမှန်းပင် မသိရကြောင်း ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့အဖွဲ့အစည်းမှ တာဝန်ရှိသူတစ်ဦးက ယနေ့ နံနက်ပိုင်းတွင် ပြောသည်။

ဖမ်းဆီးခံရသည့် အခြေအနေအသေးစိတ်ကို မသိရသေးသလို စစ်ကောင်စီထံ မေး၍ မရသေးပါ။

လွန်ခဲ့သည့် နှစ်ပေါင်း ၃၀ ကျော်မှစ၍ ဒီမိုကရေစီရေးလှုပ်ရှားမှုတွင် ပါဝင်သည့် ထိုအဖွဲ့ဝင်အများအပြားမှာ ၂၀၂၁ စစ်အာဏာသိမ်းပြီးချိန်တွင် ဖမ်းဆီးခံရ၊ တိမ်းရှောင်နေရသည့် အခြေအနေသို့ တစ်ကျော့ပြန်ရောက်နေသည်။

ထိုအဖွဲ့မှ ထင်ရှားသည့် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်မှာ အာဏာရှင်စနစ်အမြစ်ဖြုတ်၍ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရန် တိုင်းရင်းသားနှင့် နိုင်ငံရေးအင်အားစုများ စုဖွဲ့ထားသည့် အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC) တွင် ပါဝင်နေပြီး တိမ်းရှောင်နေရသည်။

၈၈ ငြိမ်းပွင့်ထူထောင်သူများထဲမှ တစ်ဦးဖြစ်သည့် ဦးမြအေးကို စစ်ကောင်စီက ယမန်နှစ် ဖေဖော်ဝါရီ ၁ ရက် အာဏာသိမ်းကြောင်း မကြေညာမီ နံနက်မိုးမလင်းမီ ရန်ကုန်မြို့နေအိမ်၌ လာရောက်ဖမ်းဆီးသွားပြီး ယင်းမတိုင်မီ ၇ နှစ်က အီးမေးတစ်စောင်ကို အကြောင်းပြ၍ ဆူပူလှုံ့ဆော်မှု ပုဒ်မ ၅၀၅ (ဂ) ဖြင့် ထောင် ၂ နှစ် ချထားသည်။

၈၈ မျိုးဆက်မှ ထင်ရှားသူနောက်တစ်ဦးဖြစ်သည့် ဦးဂျင်မီကို စစ်ကောင်စီက ဖမ်းဆီးကာ အကြမ်းဖက်မှုဖြင့် စွပ်စွဲ၍ သေဒဏ်ချမှတ်ထားသည်။ သို့သော် ဖမ်းဆီးခံရပြီးချိန်မှ ၆ လကျော်ကြာသည်အထိ ဦးဂျင်မီ မည်သည့်နေရာတွင် ရှိမှန်း အတည်မပြုနိုင်သေးပေ။

အာဏာသိမ်းပြီး တစ်နှစ်ကျော်ချိန်တွင် စစ်ကောင်စီလက်ချက်ဖြင့် သေဆုံးသူ ၁,၈၀၀၊ ဖမ်းဆီးခံရသူ ၁၄,၀၀၀ ထက်မနည်းရှိမည်ဟု ထိုဖြစ်စဉ်များကို မှတ်တမ်းတင်နေသည့် နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) က ဧပြီ ၂၈ ရက်တွင် ထုတ်ပြန်ထားသည်။

AAPP ၏ စာရင်းကို စစ်ကောင်စီက ငြင်းလေ့ရှိသည်။ သို့သော် ငြိမ်းချမ်းစွာ ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သတ်နေရာ နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေချိန်တွင် ၎င်းတို့ကို ထောက်ခံသူများကို လက်နက်တပ်ဆင်ပေးကာ ဆန့်ကျင်သူတို့ကို တန်ပြန်နှိမ်နင်းမည်ဟု စစ်ကောင်စီက ကြိမ်းဝါးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

နိုင်ငံတကာရောက် Myanmar Now စာဖတ်ပရိသတ်အား အလေးအနက် တိုက်တွန်းနှိုးဆော်ခြင်း

Myanmar Now ဆက်လက်လည်ပတ်ရေးအတွက် အမာခံ စာဖတ်ပရိသတ် ၅၀၀ ကို ပထမအဆင့်အနေနဲ့ ရှာဖွေနေပါတယ်။ အခုတော့ လူပုဂ္ဂိုလ် ၁၀၉ ဦး က မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်တွေ အဖြစ် ပါဝင်အားဖြည့်လာပါပြီ။

Myanmar Now ရဲ့ နိုင်ငံတကာရောက် မြန်မာစာဖတ်ပရိသတ်တွေအနေနဲ့လည်း လစဉ် အနည်းငယ်သော ငွေကြေးပမာဏနဲ့ ကျွန်ုပ်တို့ရဲ့ သတင်းထုတ်လုပ်မှု လုပ်ငန်းစဉ် အဆက်မပြတ်ဖို့ ပါဝင်အားဖြည့်ပေးပါလို့ လေးလေးနက်နက် တိုက်တွန်းပါတယ်။

မြန်မာနောင်းရဲ့ အမာခံ စာဖတ်ပရိသတ်အဖြစ် အခုပဲ ပါဝင်ကူညီ စာရင်းသွင်းဖို့ အလေးအနက်ထပ်မံတိုက်တွန်း ပါရစေခင်ဗျာ။

Related Articles

Back to top button