သတင်း

PDF ကို ရင်ဆိုင်ရာတွင် ပြည်သူ့အားကို အသုံးချမည်ဟု စစ်ကောင်စီပြော

ပြည်သူ့ကာကွယ်ရေးတပ်မတော် ခေါ် PDF အဖွဲ့များ၏ ခုခံစစ်ကို အပြင်းအထန်ခံနေရသည့် စစ်ကောင်စီက ပြည်သူ့အားကို ယူပြီး တုံ့ပြန်တိုက်ခိုက်သွားမည်ဟု ယမန်နေ့ (ဧပြီ ၂၇) သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး ပြောလိုက်သည်။

ပြည်သူပါဝင်သည့် ပြည်သူ့လုံခြုံရေးစနစ်ကို အထောက်အပံ့ပစ္စည်း ပြည့်စုံစွာနှင့် အကောင်အထည်ဖော်မည်ဟု စစ်ကောင်စီ ပြန်ကြားရေးဒုဝန်ကြီး ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောသည်။ 

“ဥပဒေစည်းမျဉ်းစည်းကမ်းတွေအရလည်း နယ်မြေတစ်နေရာပဲဖြစ်ဖြစ် ဒေသတစ်ခုမှာပဲဖြစ်ဖြစ် လုံခြုံရေးအရ လိုအပ်လာလို့ရှိရင် ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်းပိုင်ခွင့်ရှိပါတယ်” ဟု သူက စစ်တပ်စိတ်ကြိုက် အချိန်ယူရေးခဲ့သည့် ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကိုးကားပြီး ပြောသည်။

ထိုဥပဒေပုဒ်မ ၃၄၀ တွင် “တပ်မတော်သည် အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ သဘောတူညီချက်ဖြင့် နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတွင် ပြည်သူတစ်ရပ်လုံးပါဝင်ရေးအတွက် စီမံဆောင်ရွက်ခွင့်ရှိသည်” ပြည်သူ့စစ်မဟာဗျူဟာကို စစ်တပ်က ဦးစီးဖော်ဆောင်ရမည်ဟု ဖော်ပြထားသည်။

လက်ရှိအခြေအနေတွင် စစ်အုပ်ချုပ်ရေးကျင့်သုံးနေပြီး ထိုကောင်စီ ဖွဲ့စည်းခွင့်မရှိသည်ကို တွေ့ရသည်။ စစ်ကောင်စီညွှန်းသည့် ၂၀၀၈ အခြေခံဥပဒေအရ ကောင်စီတွင် သမ္မတ၊ ဒုသမ္မတများ၊ လွှတ်တော်ဥက္ကဋ္ဌများ၊ ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေး၊ နိုင်ငံခြားရေး၊ ပြည်ထဲရေးနှင့် နယ်စပ်ရေးရာဝန်ကြီးများနှင့် ဖွဲ့စည်းရမည်ဖြစ်သည်။

ကောင်စီ၏ သဘောတူညီချက်မရဘဲ ပြည်သူ့စစ်မဟာဗျူဟာကျင့်သုံးမည်ဟု ဆိုခြင်းသည် စစ်ကောင်စီ၏ တပ်အင်အားချည့်နဲ့လာခြင်းကို ပြသသည့် လက္ခဏာဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးသန်းစိုးနိုင်က ဆိုသည်။

“စစ်ကောင်စီရဲ့တပ်ဖွဲ့တွေက မြန်မာပြည်နေရာအနှံ့ ပြည်နယ် ၃၊ ၄ ခုနဲ့ တိုင်း ၃ ခုမှာ အပြင်းအထန်ထိုးစစ်တွေခံနေရတယ်၊ အဲဒီတော့ တပ်အင်အား မလုံလောက်တဲ့ ပြဿနာတွေ ပေါ်လာတယ်၊ အဲဒီအခြေအနေမှာ ပြည်သူတစ်ရပ်လုံး စစ်မှုထမ်းဖို့ လုပ်လာတယ်လို့ ယူဆပါတယ်” ဟု ဦးသန်းစိုးနိုင်က ပြောသည်။

“ဒါတွေအားလုံးက စိတ်ဆန္ဒအရမဟုတ်ဘဲ အမိန့်အရလုပ်တဲ့ကိစ္စတွေဖြစ်တဲ့အတွက် သူ့တပ်ဟာ ပြည်သူ့တော်လှန်ရေးအင်အားစုတွေရဲ့ တိုက်ခိုက်မှုတွေကြောင့် အကျအဆုံးတွေ၊ ဒဏ်ရာရမှုတွေ၊ ကျဆုံးမှုတွေ ဘယ်လောက်ရှိနေသလဲဆိုတာ ဖော်ပြနေတာပဲ၊ ဒါကြောင့် ပြည်သူ့လုံခြုံရေးအတွက် ပြည်သူတွေတာဝန်ယူဖို့ အဝန်းအဝိုင်းအထိ ချဲ့လိုက်ပြီဆိုရင်တော့ ရန်သူတွေပိုများသွားပါလိမ့်မယ်” 

ဤအတောအတွင်း ပြည်သူအများအပြားက PDF တို့ ရန်ပုံငွေရရှိရေး၊ သတင်းအချက်အလက် ရရှိရေးအတွက် ကူညီနေကြသည်။

ထိုသို့ ကူညီထောက်ပံ့ခြင်းကို ဟန့်တားလိုသည့် စစ်ကောင်စီက PDF တို့ကို ထောက်ခံကြောင်း အွန်လိုင်းတွင် ရေးသားမျှဝေသည်ဟု ယူဆရသူများကိုပင် ဖမ်းဆီးသည့်နည်းနှင့် တုံ့ပြန်နေသည်။

စစ်ကိုင်းတိုင်းကဲ့သို့သော ဒေသတွင် ပြည်သူ့စစ်အဖွဲ့များ တိုးချဲ့ဖွဲ့စည်းနေသည်။

စစ်ကောင်စီခန့် စစ်ကိုင်းတိုင်းဝန်ကြီးချုပ် ဦးမြတ်ကျော်ကလည်း ပြည်သူ့စစ်တပ်ဖွဲ့ ၇၇ ဖွဲ့ကို လက်နက် ၂၀၀၀ ကျော် တပ်ဆင်ပေးထားကြောင်း မတ်လအတွင်းပြုလုပ်သည့် နေပြည်တော်အစည်းအဝေးတွင် တင်ပြခဲ့သည်ဟု ပြင်ပသို့ ပေါက်ကြားလာသည့် အစည်းအဝေးမှတ်တမ်းတွင် ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ချင်းပြည်နယ်၊ ကယားပြည်နယ်နှင့် ကရင်ပြည်နယ်အပါအဝင် ဒေသအများအပြားတွင် PDF တို့၏ တိုက်ခိုက်မှုကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် မီးသတ်၊ ကြက်ခြေနီ၊ ဗုဒ္ဓဘာသာကလျာဏယုဝအသင်း (YMBA) နှင့် နိုင်ငံရေးပါတီအချို့တို့နှင့် ပြည်သူ့လုံခြုံရေးအဖွဲ့များဖွဲ့စည်းရန်လည်း ပြင်ဆင်လျက်ရှိနေသည်။ 

အာဏာသိမ်းစစ်ခေါင်းဆောင်က ထိုသို့ဖွဲ့စည်းရန် ညွှန်ကြားခြင်းဖြစ်ကြောင်း ပြင်ပသို့ ပေါက်ကြားလာသည့် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၏ မတ်လ ၂၅ ရက်စွဲတပ် ဌာနတွင်းပေးစာတွင် ပါရှိသည်။

အလားတူ စစ်ကောင်စီသည် ရဲတပ်ဖွဲ့ဥပဒေကို မတ်လ ၂၅ ရက်စွဲဖြင့် ထုတ်ပြန်ပြဋ္ဌာန်းပြီး ရဲတပ်ဖွဲ့ဝင်များကို စစ်ရေးတာဝန် တရားဝင်ပေးနိုင်ရန် စီစဉ်လျက်ရှိသည်ကို တွေ့ရသည်။

စစ်ကောင်စီက ပြည်သူ့စစ်အမည်ခံ ပျူစောထီးအဖွဲ့များဖြင့် စစ်ကိုင်းတိုင်းအတွင်း စစ်ရှိန်မြှင့်မည်ဟုလည်း မတ် ၂၄ သတင်းစာရှင်းလင်းပွဲတွင် ပြောဆိုခဲ့သေးသည်။

အမျိုးသားညီညွတ်ရေးအစိုးရ NUG က ပျူစောထီးဆိုသည့်အဖွဲ့များသည် “စစ်ကောင်စီဒေါက်တိုင်” ဖြစ်သည်ဟု ဆိုသည်။

စစ်ကောင်စီသည် ပျူစောထီးများကို “လက်နက်တပ်ဆင်ပေးလျက် အရပ်သားပြည်သူများအပေါ် ဖိနှိပ်သတ်ဖြတ်ခြင်း၊ ကျေးရွာများကို မီးရှို့ခြင်း၊ အကြမ်းဖက်ခြင်း၊ လူ့အခွင့်အရေးချိုးဖောက်ခြင်း၊ ပြည်သူအချင်းချင်း ရန်ပြုတိုက်ခိုက်စေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်မ‌တော် (PDF) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများကို စစ်ပြိုင်တိုက်ခိုက်ခြင်းများ လုပ်ဆောင်လျက်ရှိသည်” ဟု ဧပြီလ ၂၇ ရက်က ထုတ်ပြန်ထားသည်။

အဆိုပါ ပျူစောထီးများ “အကြမ်းဖက်ဝါဒီ စစ်ကောင်စီကို အမြန်ဆုံး စွန့်ခွာပြီး ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) နှင့် ပြည်သူ့တော်လှန်ရေးအင်အားစုများထံ လက်နက်များအပ်နှံ၍ အချိန်မီပူးပေါင်းကြရန်” လည်း NUG က တိုက်တွန်းထားသည်။

နိုင်ငံအတွင်း ရှုပ်ထွေးနေသည့်အခြေအနေတွင် NLD ပါတီထောက်ခံသူများနှင့် NLD အစွန်းရောက်များ၊ PDF နှင့် ဆက်နွှယ်နေသည့် မိသားစုများကို လက်စားချေမည်ဟု ကြေညာထားသည့် သွေးသောက်ဟူသည့် အဖွဲ့တစ်ခုလည်း ထပ်မံ ပေါ်ပေါက်လာပြန်သည်။

ထိုအဖွဲ့နှင့် ပတ်သက်၍ မည်သူမည်ဝါဟု ဗိုလ်ချုပ်ဇော်မင်းထွန်းက မထုတ်ဖော်ဘဲ “NUG အဖွဲ့အစည်းက ဝန်ကြီးအချို့ကိုယ်တိုင် လှုံ့ဆော်တယ်၊ ကျောင်းတွေကို ဘယ်လိုဗုံးခွဲပါ ဘယ်လိုသတ်ပါဆိုတာ လှုံ့ဆော်တယ်၊ ဒါတွေနဲ့ပတ်သက်ပြီးတော့ကျ တုံ့ပြန်မှုတွေကို ခံစားနေရတာဖြစ်တယ် အဲဒီတုံ့ပြန်မှုတွေခံစားနေရတဲ့အချိန်မှာ ဘာတွေပေါ်လာလဲဆိုတော့ ဒီဘက်ကပဲ (စစ်ကောင်စီကို ထောက်ခံသူများကပဲ) သတ်တဲ့ပုံစံမျိုး ပေါ်လာတာ” ဟု ဆိုသည်။

နိုင်ငံရေးလေ့လာသူ ဦးသန်းစိုးနိုင်ကမူ လူထုမထောက်ခံသည့် စစ်ကောင်စီက ပြည်သူ့စစ်မဟာဗျူဟာကို အကောင်အထည်ဖော်နိုင်မည်မဟုတ်ဟု သုံးသပ်သည်။

“ဘယ်လိုမှ မအောင်မြင်နိုင်တဲ့အပြင် သူ့အတွက် ပိုမိုဆိုးရွားတဲ့ ကံကြမ္မာတွေကို သယ်ဆောင်လာနိုင်ပါတယ်” ဟု သူက ဆိုသည်။

အာဏာဖီဆန်ရေးလှုပ်ရှားမှုတွင် ပါဝင်နေသော တပ်အရာရှိဟောင်းများကလည်း ပြည်သူ့စစ်မဟာဗျူဟာသည် ပြည်သူတို့ ပူးပေါင်းပါဝင်မှသာ အောင်မြင်မည်၊ ပြည်သူပူးပေါင်းပါဝင်မှု ကင်းမဲ့နေခြင်းကြောင့် ကျဆုံးဗျူဟာသာ ဖြစ်လိမ့်မည်ဟု Myanmar Now ကို ပြောဆိုထားသည်။

PDF ကို ရင်ဆိုင်နေရသည့် စစ်ကောင်စီသည် ရှမ်းပြည်နယ်၊ ရခိုင်ပြည်နယ်အတွင်း စစ်ရေးလှုပ်ရှားမှု တိုးချဲ့လုပ်ကိုင်နေသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် တိုက်ပွဲမဖြစ်ပွားစေရန် ဂရုစိုက်နေရသည်ကို တွေ့ရသည်။ 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်များနှင့် တွေ့ဆုံလိုသဖြင့် မေ ၉ နောက်ဆုံးထားပြီး အမည်စာရင်းပို့ရန်လည်း တိုက်တွန်းထားသည်။

ထိုကမ်းလှမ်းချက်နှင့် ပတ်သက်ပြီး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးစာချုပ်တွင် လက်မှတ်မထိုးရသေးသော၊ တရုတ်အစိုးရ သြဇာလွှမ်းမိုးမှု အထိုက်အလျောက်ရှိသော လက်နက်ကိုင်အဖွဲ့များထံမှ ပြတ်ပြတ်သားသားတုံ့ပြန်မှု ထွက်ပေါ်မလာသေးပေ။

ကမ်းလှမ်းမှုမပြုမီ ၅ ရက်အလိုကလည်း တိုင်းပြည်အကျိုးဆောင်ရွက်သူများကို ဂုဏ်ပြုဆုပေးသည်ဟုဆိုကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ငါးဖွဲ့မှ ခေါင်းဆောင်များကို ဆုပေးကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သေးသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button