မေးမြန်းခန်း

“အချိန်မဆွဲနဲ့၊ လမ်းမလွဲနဲ့၊ စိတ်ဝမ်းမကွဲနဲ့” မင်းကိုနိုင်

၁၉၈၈ မှစ၍ မြန်မာပြည်သူလူထု၏ ဒီမိုကရေစီတောင်းဆိုမှုခရီးမှာ ယနေ့ (ဩဂုတ် ၈) တွင် ၃၄ နှစ် ပြည့်ပြီ ဖြစ်သည်။ ရှစ်လေးလုံးအရေးတော်ပုံဟုလည်း လူသိများသည်။ ယနေ့အချိန်ထိ စစ်အာဏာရှင်ကို တော်လှန်နေသူများတွင် ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ဦးမင်းကိုနိုင်လည်း အပါအဝင်ဖြစ်သည်။

၂၀၂၁ ဖေဖော်ဝါရီ ၁ရက်တွင် စစ်တပ်က တစ်ကျော့ပြန် အာဏာသိမ်းပြီးနောက်တွင် တိုင်းရင်းသားများ၊ အသင်းအဖွဲ့အများအပြား စုပေါင်း၍ အနာဂတ်နိုင်ငံတော်ကို ပုံဖော်ရန် ဦးဆောင်အခန်းကဏ္ဍမှ ပါဝင်နေသည့် အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ (NUCC) တွင်လည်း ဦးမင်းကိုနိုင် ပါဝင်သည်။

နှစ်ပေါင်း ၃၀ ကျော်အတွင်း ရှေ့မတိုးနိုင်ဖြစ်နေရသည့် စစ်အာဏာရှင်စနစ် အမြစ်ဖြုတ်ရေးခရီးအတွင်း ရရှိခဲ့သည့် သင်ခန်းစာများ၊ လက်ရှိ တော်လှန်ရေးကာလအတွင်း ဖြစ်ထွန်းပေါ်ပေါက်နေသည့် အခြေအနေနှင့် လားရာတို့ကို သိရှိနိုင်ရန် ဦးမင်းကိုနိုင်ကို Myanmar Now က ယနေ့ ဆက်သွယ်မေးမြန်းထားသည်။

မေး – ဒီကနေ့ဆိုရင် ဦးမင်းကိုနိုင်တို့ ပါဝင်အစပြုခဲ့တဲ့ ၈၈၈၈ ဒီမိုကရေစီခရီးမိုင်တိုင်က ၃၄ နှစ်ပြည့်ပါ ပြီ။ မြန်မာ့ ဒီမိုကရေစီရေးက ရှေ့ကိုမရောက်ဘဲ တဝဲလည်လည်ဖြစ်နေတဲ့အပေါ် ကိုယ်တိုင် ကိုယ်ကျ ဖြတ်သန်းခဲ့သူအနေနဲ့ ဘာတွေများ သုံးသပ်ဆင်ခြင်မိပါသလဲ။

ဖြေ – သူတို့ (စစ်တပ်) ကတော့ နိုင်ငံတော်ရဲ့ အာဏာကို လုတာပေါ့ဗျာ။ ဖွဲ့စည်းပုံနဲ့ ညီသယောင် လျှောက်ပြောတာပေါ့။ တစ်ကယ်က စစ်တပ်က တိုင်းပြည်ကို ဓားပြတိုက်နေတာပဲ။ ဓါးပြတိုက်တော့ အိမ်သားတွေက ရရာနည်းနဲ့ ပြန်ခံချတာပေါ့။ ဘယ်လိုဖြစ်နေတာလဲဆိုတော့ ကမ္ဘာကြီးမှာ ရဲတပ်ဖွဲ့မရှိဘူးဆိုတာမျိုး။ ရှိတယ်ဆိုရင်တောင် ရဲက သိတယ်၊ ကြားတယ်ပေါ့ဗျာ။ 

ဒီအိမ်မှာတော့ ဓားပြတိုက်နေပြီ။ အဲဒါ အချင်းချင်း စက်တွေနဲ့ ပေါက်ပြီးတော့ ရထားလား။ ရထားလားပဲ လုပ်နေတာ။ ကျွန်တော်တို့ အိမ်သားတွေက ချစရာရှိတာ ပြန်ချနေတာ။ ကုလသမဂ္ဂကြည့်တော့ ဗီတိုအာဏာဆိုတာ ရှိနေတယ်လေဗျာ။ ဒါက ဘာလဲဆိုတော့ အာဏာရှင်တွေရဲ့ ဖောက်ပြန်တဲ့၊ ရက်စက်တဲ့ အပြုအမူတွေကို အရေးယူဖို့ သိပ်နှောင့်နှေးစေတယ်ဗျာ။ ဓားပြတိုက်နေပါတယ်ဆိုမှ ဒါက သူများ အိမ်တွင်းရေးပါလို့ ပြောနေတဲ့သူရှိတယ်။ 

တကယ်က ကမ္ဘာမှာ နှစ်မျိုးပဲရှိတယ်။ အာဏာရှင်နဲ့ ဒီမိုကရေစီပဲ။ အာဏာရှင်တွေ ရိုင်းပျစော်ကားတာတွေ၊ အနိုင်ကျင့်တာတွေကို အရေးယူရမှာဗျ။ အရေးယူဖို့ နှောင့်နှေးနေတာဗျ။ အဲဒီတော့ ကျွန်တော်တို့ ပြည်သူတွေကို ပြောချင်တာက ဖက်ဆစ်ကို သွားပြီး ဖျောင်းဖျနေလို့ မရဘူးဆိုတာပါ။

ရန်ကုန်မြို့တွင် ဒီမိုကရေစီရေးအတွက် တောင်းဆိုဆန္ဒပြနေသူများကို ၁၉၈၈ ဩဂုတ် ၂၆ ရက်က တွေ့ရစဉ်။

မေး – အရင် ၃၄ နှစ်က အာဏာသိမ်းမှုကို ပြည်သူ့တုံ့ပြန်မှုနဲ့ အခုတုံ့ပြန်မှု ဘာတွေခြားနားလဲ၊ အားနည်းချက်၊ အားသာချက်တွေကို ဦးမင်းကိုနိုင် ဘယ်လိုမြင်ပါသလဲ။

ဖြေ – ၈၈၈၈ တုန်းကတော့ဗျာ။ ပြီးသွားတဲ့အခါမှာ စစ်တပ်က ရွေးကောက်ပွဲလုပ်ပေးပါမယ်ဆိုတဲ့ ကတိစကားနဲ့၊ ပါတီစုံဒီမိုကရေစီကို ခွင့်ပြုပါ့မယ်ဆိုတဲ့ လိုက်လျောမှုနဲ့ သူကနေ ရွေးကောက်ပွဲလမ်းကြောင်းကို သွားတယ်။ ပြည်သူအများစုက လမ်းကြောင်းကို လိုက်ခဲ့ကြတယ်။ အဲဒါက သူတို့အတွက် ဘာဖြစ်သွားလဲဆိုတော့ ထွက်ပေါက်ယူသွားတယ်။ ရွေးကောက်ပွဲဆိုတာကို မျှောထားပြီးတော့ အချိန်ဆွဲခဲ့တယ်။ သူတို့အင်အားကို တည်ဆောက်ခဲ့တယ်။ ပြီးတော့မှ လူပါးဝတော့တာဗျ။ ရွေးကောက်ပွဲမှာ သူတို့ စိတ်ကြိုက်မဖြစ်တဲ့အခါ၊ ပြည်သူလူထုက အနိုင်ရတဲ့အခါ အဲဒါကို အသိအမှတ်မပြုတာ၊ Road Map (လမ်းစဉ်) အသစ်တွေဆွဲတာ စသဖြင့်ပေါ့ အဲဒီလိုလုပ်ခဲ့တာ။

ဒီတစ်ခါကျတော့ ပြည်သူတွေက ရရာနည်းနဲ့ ပေါင်းစုံပြန်ခုခံတာဗျ။ ပြန်ချတာ။ ကိုယ့်အားကိုယ့်ကိုးနော်။ ရရာလက်နက်တွေနဲ့ ပြန်တိုက်တာ။ နည်းပညာသုံးတယ်၊ ဉာဏ်ပညာသုံးတယ်၊ ရေဆုံးမြေဆုံးတိုက်တာ။ နောက်တစ်ခုထူးတာက ၈၈ တုန်းက ပြည်သူတွေတောင်းဆိုတာက ဒီမိုကရေစီပဲ။ 

အခုနွေဦးတော်လှန်ရေးမှာ ဖက်ဒရယ်ပါ ပါလာတယ်။ အဲဒါ အင်အားစုနှစ်စု ပေါင်းသွားတာဗျို့။ အဲဒီအင်အားစုနှစ်ခုက စစ်အာဏာရှင် ဖက်ဆစ်ကို အမြစ်ဖြတ်မယ်လို့ ကြွေးကြော်ပြီးတော့ တိုက်နေကြတာပဲ။ အဲဒါကွာသွားတယ်ခင်ဗျ။

မေး – နိုင်ငံအနှံ့ခုခံမှုတွေကို လက်ရှိ စစ်အာဏာရှင်က အရင်လူတွေထက် ကြမ်းတမ်းတဲ့ နည်းလမ်းနဲ့ ကိုင်တွယ်နေတာ တွေ့ပါတယ်။ ရွာတွေမီးရှို့၊ အစုအပြုံလိုက်သတ်ဖြတ်တာကအစ ကိုဂျင်မီတို့ ကိုဇေယျာသော်တို့လို့ ထင်ရှားတဲ့ နိုင်ငံရေးသမားတွေကို ကွပ်မျက်ပစ်တာ၊ ထပ်မံသတ်ဖြတ်ဖို့ စီစဉ်နေတာ စသဖြင့် အများအပြားပါ။ ပြည်သူတွေအကြား အကြောက်တရားအလွန်မြင့်လာတဲ့အခါ တော်လှန်ရေးအရှိန်အဟုန် ကျမသွား၊ တန့်မသွားအောင် ဦးမင်းကိုနိုင်တို့လို့ ဦးဆောင်သူတွေဘက်က ဘယ်လိုတွေ စီမံပြင်ဆင်ထားလဲ။

ဖြေ – သူတို့ကတော့ စဉ်းစားတတ်တာက တစ်သက်လုံး လူထုထောက်ခံမှုမရတဲ့လူတွေလေဗျာ။ အဲဒီတော့ သူတို့စဉ်းစားတာက အကြောက်တရားတစ်ခုပဲ စဉ်းစားတတ်တယ်။ သူတို့ကိုယ်တိုင်လည်း ကြောက်တယ်။ ငါ့လိုပဲ လူတိုင်းလည်း ကြောက်မှာပဲ။ ပြည်သူတွေလည်း ကြောက်မှာပဲ၊ ကြောက်အောင်ခြောက်၊ ခြောက်နိုင်တဲ့လူက နိုင်စတမ်းလို့ အောက်မေ့ပုံရပါတယ်။ 

တကယ်တော့ ဒီလိုမဟုတ်ဘူး။ ခြောက်ပြီဟေ့ဆိုရင် မကြောက်ဘူးဆိုရင် ခြောက်တဲ့သူ ရှုံးတာပဲ။ အခုဗျာ အများစု ခြွင်းချက်ရှိတယ်။ အနည်းစု ခြွင်းချက်ကလည်း ရှိမှာပေါ့ဗျာ။ ထိတ်လန့်တုန်လှုပ်သွားတာ၊ တွန့်ဆုတ်သွားတာမျိုးတွေ။ ဒါအနည်းစု။ လက်တွေ့ကျကျကြည့်ရင် အနည်းစုကြီးအတွက်ကတော့ အဲဒီအကြောက်တရားကို လွန်သွားပြီ။ အသိတရားခိုင်သွားတာ၊ ဒီပွဲက ငါတို့ အမြစ်ဖြတ်မှ ဖြစ်မယ်လို့ သေချာပေါက်သိသွားတာ။ အဲဒါ ထင်ရှားတဲ့ ဥပမာပဲ။

ဘက်ပေါင်းစုံကနေ ပြည်သူတွေက ရုန်းကြွလာကြတာ။ မခံဘူးကွ၊ မကြောက်ဘူးကွ၊ အနိုင်ချမယ်ကွ ဆိုတာမျိုး၊ မြင်သာအောင် ပြောရရင် နောက်ထပ် လှိုင်းလုံးကြီးတစ်လုံး ထပ်ဖြစ်သွားတာဗျ။ အဲဒီလှိုင်းလုံးကြီးက ကမ်းခြေရောက်အောင်ပို့မယ့် လှိုင်းလုံးကြီး။ ကမ္ဘာကြီးကလည်း ကြည့်လိုက်လေ၊ ဒီဖက်ဆစ်တပ်ရဲ့ ရက်စက်ကြမ်းကြုတ်မှုတွေကို ငါတို့တော့ ဖျောင်းဖျလို့ မရဘူးဆိုတာကို နားလည်သိရှိသွားစေတယ်ဗျ။ အဲဒါပဲ။ အရေးကြီးတာက ဖက်ဆစ်တပ်ကို အရေးယူမှုတွေ လုပ်ဖို့ လိုအပ်ပြီးဆိုတဲ့ဘက်ကို လှည့်သွားတာဗျ။

စစ်ရေးလေ့ကျင့်နေသည့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ဖွဲ့ဝင်အချို့။ ဓာတ်ပုံ – 96 soldiers – pdf

မေး – နိုင်ငံတကာ ထောက်ခံမှုနဲ့ ကူညီမှုအခန်းကဏ္ဍနဲ့ ပတ်သက်ပြီး ပြောပြစရာဘာများရှိမလဲ။ တိုက်တွန်း တောင်းဆိုချင်တာရော ဘာရှိမလဲ။

ဖြေ – ဒါဟာ သူတို့ ပြည်တွင်းရေးပါ၊ အိမ်တွင်းရေးပါ မဆိုင်ဘူးလို့ ပြောလို့မရဘူး။ ဘာကြောင့်လည်းဆိုတော့ ကူးစက်တဲ့ သဘောပဲ။ အာဏာရှင်တွေလွှမ်းမိုးတာကို လိုချင်သလား။ လူသားချင်းတန်ဖိုးထားတဲ့၊ မြင့်မြတ်တဲ့တရားဖြစ်တဲ့ တရားမျှတလွတ်လပ်ခြင်း၊ တန်းတူညီမျှခြင်းတွေဖြစ်တဲ့ လောကကို စောင့်ရှောက်တဲ့တရားတွေ ထွန်းကားချင်လားပေါ့။ ဒါပဲ ဒီမိုကရေစီပဲ။ ဆိုတော့ ဒီမိုကရေစီသမားတွေ စည်းလုံးရမှာပဲဗျ။ သူတို့က လက်တွေ့ကျတဲ့ အလုပ်တွေ လုပ်ရမှာ။ ဖက်ဆစ်ကို ဘာမှ ချော့လို့မရဘူး။

ချွေးသိပ်လို့၊ ဖျောင်းဖျလို့မရဘူး။ အဓိကက ဒီထက်ပိုကြီးတဲ့ အင်အားနှင့်သာလျှင် ဖက်ဆစ်ကို အမြစ်ဖြတ်ရမယ်။ ပိုကြီးတဲ့ အင်အားဆိုတဲ့ နေရာမှာ ဖက်ဆစ်တပ်ကို အသက်ဆက်စေတဲ့ အကြောင်းအရာတွေ အကုန်လုံးကို ဖြတ်ပစ်ရမယ်။ သူတို့ရဲ့ ဝင်ငွေတွေ၊ ရပေါက်ရလမ်းတွေ မှန်သမျှ အဖက်မလုပ်၊ သူတို့ကို ချောင်ပိတ်ပြီးတော့ လုပ်ရမယ်။ ဘဏ္ဍာရေးက အစပေါ့။ ပြည်သူတွေကိုသတ်တဲ့ လက်နက်ဝင်ပေါက်တွေကို ပိတ်ဆို့ရမယ်။ စီးပွားရေးအရ အရေးယူရမယ်။ တစ်ဖက်မှာလည်း သူနဲ့ ပြိုင်နေရတဲ့ ပြည်သူလူထု၊ ပြည်သူတွေရဲ့ အစိုးရနဲ့ တော်လှန်ရေးအင်အားစုတွေကို ထောက်ပံ့၊ ကူညီ၊ အားဖြည့်ရမယ်။ လိုရင်းကတော့ ဒါပါပဲ။

…….. ဖုန်းထဲမှာ လက်သုံးချောင်းထောင်ထားတဲ့ ဓာတ်ပုံတွေ့တာနဲ့ ဖမ်းပြီးတော့ သူကြိုက်သလို ညှဉ်းပန်း၊ သတ်ဖြတ်လို့ ရနေပြီလေ။ ရွာတွေကို မီးရှို့တယ်လေ။ အဆက်မပြတ် ဒုံးကျည်နဲ့ ပစ်တယ်။ အဲဒါတွေကို အကာအကွယ်ပေးရမှာပေါ့။ အဲဒါတွေကို ဘာနဲ့ အကာအကွယ်ပေးမလဲ၊ ကမ္ဘာကြီးသိပါတယ်။ ကောင်းစွာသိပါတယ်။ ဒါက ကျွန်တော်တို့ အသေးစိတ်ပြောနေစရာမလိုတော့ဘူး။ လက်မဲ့ ခုခံနေရတဲ့ ပြည်သူတွေကို တစ်စုံတစ်ရာသော အတိုင်းအတာအထိ ခုနလို အကြမ်းဖက်မှုတွေကို ကာကွယ်နိုင်မယ့် နည်းလမ်းပေါင်းစုံ၊ ဘက်ပေါင်းစုံကနေပြီးတော့ ကူညီရမှာပဲ။

မေး – အခုဆိုရင် အာဏာသိမ်းတဲ့ကာလကလည်း တစ်နှစ်ကို တော်တော်ကျော်လာပြီ။ ပြည်သူတွေက ကဏ္ဍပေါင်းစုံမှာ အတော့်ကို ကျပ်တည်းနေကြပြီ။ တော်လှန်ရေးဦးဆောင် အင်အားစုတွေဘက်က မျှော်မှန်းထားတဲ့ အဆုံးသတ် အခြေအနေက ဘယ်လိုမျိုးလဲ၊ ဘယ်တော့ ဖြစ်လာမလဲ။

ဖြေ – အဲဒီအတွက်က ကျွန်တော်တို့ ဒီတော်လှန်ရေးကို ဦးဆောင်နေတဲ့ တာဝန်ရှိသူတွေ အားလုံးဘက်က လိုအပ်တာရယ်၊ ပြည်သူဘက်က လိုအပ်တာရယ် နှစ်ပိုင်းပြောမယ်။ တော်လှန်ရေးဦးဆောင်တဲ့သူတွေဘက်ကတော့ ရှင်းလင်းပြတ်သားတဲ့ သတင်းစကားတွေပေးရမယ်၊ ဘာတွေ လုပ်ပါ၊ ဘာကို မလုပ်ပါနဲ့။ အဲဒါမျိုးရှင်းနေရမယ်။ အဲဒီအတွက်ကြောင့် သူတို့က အရင်ပြရမှာတွေရှိတယ်။ ပြည်သူလူထုနဲ့ ကမ္ဘာကို ပြရမှာပေါ့။……

မြန်မာပြည်မြေပုံကြီးကို ဘယ်လိုအရောင်ခြယ်ထားမှာလဲ။ ပြောချင်တာက ဘက်က နှစ်ဘက်ပဲရှိတယ်။ စစ်အာဏာရှင်နဲ့ သူ့ကို တော်လှန်နေတဲ့ အင်အားစုတွေ။ ဘယ်သူတွေ ဘယ်လောက်စိုးမိုးထားလဲ၊ ဘယ်သူတွေက ဘယ်လောက် ပြည်သူ့ထောက်ခံမှုနဲ့ လက်တွေ့ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနဲ့ ဥပဒေပြုရေးတွေ လုပ်နေနိုင်လည်း ဒါတွေလိုတယ်။ …..

ဒါမှသာလျှင် ကမ္ဘာကြီးရော ပြည်သူကရော ခွန်အားတွေအပြည့်နဲ့ လိုက်ပါလာနိုင်မှာ။ ပြီးတဲ့အခါကျရင် တော်လှန်ရေးကို ဦးဆောင်နေတဲ့ လူတွေက ဘာလိုအပ်တယ်၊ အတိုင်းအတာ ဘယ်လောက်ထိလိုအပ်တယ်ဆိုတာ ပြောရမယ်။ ပမာဏတွေပြောရမယ်။ ဘယ်လောက်ကြာမယ်ဆိုတာ တစ်ခါတည်း ပြောရမယ်။ အဲဒါတွေသာရရင် ဘယ်လောက်ပဲ ကြာမယ်။ ဒါမျှတတယ်။ အားပေးရမဲ့ ပြည်သူဘက်ကရော၊ လိုက်ပါရမဲ့ ပြည်သူတွေရဲ့ ယုံကြည်မှုအတွက်ရော၊ အဲဒါတွေ အားလုံးကြေညာဖို့က အချိန်ကြာကြာတော့ မလိုအပ်ဘူး။ လပေါင်းများစွာလည်း မလိုအပ်ဘူး။ လအနည်းငယ်အတွင်း၊ မြန်နိုင်သမျှ အမြန်ဆုံးအတွင်းမှာ၊ တစ်လ၊ နှစ်လအတွင်းမှာ ဒါမျိုး ရှင်းရှင်းပြတ်ပြတ်ကြေညာရမယ်။ ဘယ်ဟာလိုတယ်၊ ဘယ်လောက်လိုတယ်၊ ဘယ်လောက်အတွင်း ပြီးမယ်။ အဲဒါဆိုရင်တော့ ကျွန်တော်ယုံတယ်။ ပြည်သူလူထုရော ကမ္ဘာကြီးကရော စိုက်ဝင်မယ်၊ ယုံကြည်မှုနဲ့အတူ ပူးပေါင်းမယ်။ ဒါအောင်ကို အောင်တယ်ဗျ။

တစ်ဖက်က ဘာတွေပဲ ထကြေညာ ကြေညာ၊ ဘာတွေပဲ လမ်းလွှဲ လမ်းလွှဲ၊ ကျွန်တော်တို့ဘက်က သုံးချက်ပဲဗျ။ နံပါတ်တစ် အာရုံ လုံးဝမလွဲစေနဲ့။ နံပါတ်နှစ် စိတ်ဝမ်းမကွဲစေနဲ့။ ပြီးတော့မှ သူတို့ကို အချိန်ဆွဲခွင့် လုံးဝမပေးနဲ့။ အချိန်ဆွဲခွင့်က သမိုင်းတစ်လျှောက်လုံးမှာ သင်ခန်းစွာများစွာရခဲ့ပြီ။ အချိန်ဆွဲမယ်။ သူတို့ တည်ဆောက်မယ်။ ပြီးလို့ရှိရင် ပြည်သူကို ထပ်စော်ကားမယ်။ အဲဒီတော့ အချိန်မဆွဲနဲ့၊ လမ်းမလွဲနဲ့၊ စိတ်ဝမ်းမကွဲနဲ့ အဲဒါပါပဲခင်ဗျ။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင်၊ ထင်ရှားသည့် နိုင်ငံရေးသမား ဦးမင်းကိုနိုင်။ ဓာတ်ပုံ- ပေးပို့

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button