စစ်အာဏာရှင်ဟောင်း သန်းရွှေလက်ထက်က ရန်ကုန်တိုင်း တိုင်းမှူးတာဝန်ယူခဲ့တဲ့ အသက် ၇၄နှစ်အရွယ် ဒုတိယဗိုလ်ချုပ်ကြီးဟောင်း ဦးမြင့်ဆွေဟာ ဒီကနေ့ သြဂုတ်လ ၇ရက် မနက်၈နာရီက စစ်ဆေးရုံမှာ ကွယ်လွန်သွားပြီ ဖြစ်ပါတယ်။
ဦးမြင့်ဆွေဟာ အာရုံကြောတွေ နှေးကွေးတုံ့ဆိုင်းတဲ့ရောဂါကို ခံစားနေရပြီး ကျန်းမာရေးအခြေအနေ အထူးစိုးရိမ်ဖွယ်ရာ အခြေအနေရှိတယ်လို့ ဩဂုတ်လ ၅ရက်နေ့ညပိုင်းမှာ စစ်တပ်က ထုတ်ပြန်ခဲ့ပြီး နှစ်ရက်အကြာမှာ ကွယ်လွန်သွားတာ ဖြစ်ပါတယ်။
၁၉၅၁ခုနှစ်မှာ မွေးဖွားပြီး အသက် ၂၀အရွယ် ၁၉၇၁ခုနှစ်မှာ စစ်တက္ကသိုလ်ဆင်းခဲ့သူ ဦးမြင့်ဆွေရဲ့ ဘဝဟာ လွတ်လပ်ရေးရပြီးနောက် စစ်အာဏာရှင်စနစ်လွှမ်းမိုးခဲ့တဲ့ မြန်မာနိုင်ငံက စစ်တပ်အရာရှိတွေရဲ့ ဘဝအခြေအနေကို ရောင်ပြန်ဟပ်နေပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ သူတို့အာဏာတည်မြဲရေးနဲ့ ကိုယ်ကျိုးစီးပွားကိုသာ ရှေ့တန်းတင်ခဲ့ပြီး သူတို့ကို ဦးဆောင်တဲ့ အာဏာရှင်စစ်ခေါင်းဆောင်တွေရဲ့ အမိန့်ကို တသွေမတိမ်း ထမ်းဆောင်ခဲ့ကြပါတယ်။
စစ်ဗိုလ်ချုပ်တွေဟာ သူတို့ရဲ့ အာဏာရှင်ခေါင်းဆောင်တွေအတွက် ပြည်သူလူထုကို ဖမ်းဆီး၊နှိပ်စက်၊ သတ်ဖြတ်ဖို့ အသင့်ဖြစ်နေတယ်ဆိုတာ ဦးမြင့်ဆွေက သူ့ရဲ့ဘဝနဲ့ သက်သေပြသွားပါတယ်။
၂၀၀၇ခုနှစ် သံဃာတော်တွေ ဦးဆောင်တဲ့ ရွှေဝါရောင်တော်လှန်ရေးကို သန်းရွှေရဲ့ အမိန့်အတိုင်း သွေးထွက်သံယိုဖြိုခွင်းခဲ့သူ မြင့်ဆွေက သူဟာ အထက်အမိန့်အတိုင်း လုပ်ဆောင်ခဲ့တာသာဖြစ်ပြီး အဲ့ဒီအတွက် သေဒဏ်ပေးရင်လည်း ရင်ဆိုင်ဖို့အသင့်ပဲလို့ နောက်ပိုင်းမှာ ပြောဆိုခဲ့ပါတယ်။
၂၀၂၁ခုနှစ် မင်းအောင်လှိုင် အာဏာသိမ်းပွဲတစ်လျှောက်လုံးမှာ ဦးမြင့်ဆွေဟာ မင်းအောင်လှိုင်အတွက် ရုပ်သေးရုပ်တစ်ခုအနေနဲ့ အသုံးတော်ခံရင်း သေပွဲဝင်ခဲ့ပါပြီ။
ကိုချို၊ မြတ်ကြီး/ Myanmar Now



