အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
အမှတ်တရအမှတ်ရခြင်း

ငလျင်ဘေးသင့်ကွယ်လွန်သူ၊မန္တလေးမြို့ဂုဏ်ဆောင်ပုဂ္ဂိုလ်ဒေါက်တာစိုးတင့် (၁၉၅၀ -၂၀၂၅)

ဆေးဝါးကုသရေး အကူအညီလိုအပ်သူ အများပြည်သူအတွက် ဘဝကို မြှုပ်နှံခဲ့ပြီး၊ ပြီးခဲ့သည့်လက ငလျင်ဘေးသင့် ကွယ်လွန်သွားခဲ့သူ၊ မန္တလေးမြို့ ဂုဏ်ထူးဆောင် ဆရာဝန်ကြီး ဒေါက်တာစိုးတင့်အကြောင်းကို ဆောင်းပါးရှင် Vicky Bowman က ရေးသားမျှဝေထားခြင်း ဖြစ်ပါသည်။


ဒေါက်တာစိုးတင့်သည် ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော  ငလျင်ကြောင့် မန္တလေးမြို့ရှိ သူ၏မိသားစုပိုင် သမိုင်းဝင်ဟိုတယ်၏ အပျက်အစီးများအောက်တွင် ပိတ်မိကာ ကွယ်လွန်သွားခဲ့သည်။ သူသည် မြန်မာနိုင်ငံအလယ်ပိုင်းရှိ အခြေခံလူတန်းစားများအား နှစ်ပေါင်းများစွာ ဆေးဝါးကုသပေးခဲ့သူ ဖြစ်ပြီး၊ မန္တလေးမြို့၏ ချစ်ခင်လေးစားရသော ပုဂ္ဂိုလ်တဦးဖြစ်သည်။

ကျွန်မ သူ့ကို ၁၉၉၀ ခုနှစ် သြဂုတ်လတွင် မန္တလေးမြို့၌ စတင်တွေ့ဆုံခဲ့သည်။ သံရုံးတွင် လက်ထောက်အတွင်းရေးမှူးအဖြစ် ကျွန်မ တာဝန်မထမ်းဆောင်မီ မြန်မာစကားလေ့ကျင့်ရန် ကျွန်မ အချိန် တလ ရခဲ့ပါသည်။ 

မိတ်ဆွေဖြစ်သူ Zunetta Liddell သည် ဗုဒ္ဓဘာသာ ပါရဂူဘွဲ့အတွက် ၁၉၈၈ မှ ၁၉၉၀ ခုနှစ် အတွင်း မန္တလေးတွင် နေထိုင်ခဲ့ပြီး၊ ထိုစဉ်ကာလအတွင်း ကျွန်မသည် သူနှင့် တွေ့ဆုံခဲ့ကာ သူက ကျွန်မ နှင့် ဒေါက်တာစိုးတင့် တွေ့ဆုံရေးအတွက် မိတ်ဆက်စာတစောင် ရေးပေးခဲ့သည်။ ထိုမိတ်ဆက်စာကို ယူဆောင်ကာ ကျွန်မသည် သမိုင်းဝင် မန္တလေးမြို့ရှိ စကြာသီဟ ဘုရားရှေ့၊ လမ်း ၃၀ ရှိ သူ့မိသားစု အိမ်တံခါးကို ခေါက်ခဲ့ပါသည်။ တိုက်ပုံနှင့် လုံချည်ကို သပ်ရပ်စွာဝတ်ဆင်ထားသော ချောဖြောင့်သည့် ပိန်ပိန်ပါးပါး အမျိုးသားတဦးသည် ရှေးဟောင်းနှစ်ထပ်အိမ်ကြီးမှ ထွက်လာခဲ့သည်။ 

ထိုအချိန်မှစ၍  ကျွန်မနှင့်သူ မိတ်ဆွေစဖြစ်ခဲ့ပြီး၊ ဒေါက်တာစိုးတင့်သည် ကျွန်မ သို့မဟုတ် အခြားသူများက မိတ်ဆက်ပေးသော မိသားစုဝင်၊ မိတ်ဆွေ နှင့် လုပ်ဖော်ကိုင်ဖက်တိုင်းကို သေချာ ဂရုစိုက်ပေးလေ့ရှိသည်။ 

မနုဿဗေဒ ပါမောက္ခ Ward Keeler ကမူ သူနှင့် ဒေါက်တာစိုးတင့် ၁၉၈၇ ခုနှစ်က ပထမဆုံး တွေ့ဆုံမှုကို သတိရလျက်ရှိသည်။ ထိုအချိန်က Keeler သည် မန္တလေးနန်းတော်အနီးရှိ ပန်းခြံထဲတွင် နိုင်ငံကူးလက်မှတ် ပျောက်ဆုံးသွားခဲ့ကြောင်းကို နှစ်ဦးလုံးနှင့် ခင်မင်သော မိတ်ဆွေများက ဒေါက်တာစိုးတင့်ကို ပြောပြခဲ့ရာ၊ သူသည် အခြားအရာများကို ဘေးချိတ်ထားပြီး Keeler ကို ဂရုတစိုက် ကူညီခဲ့သည်။ 

ငလျင်ကြောင့် ပျက်စီးသွားခဲ့သော ဒေါက်တာစိုးတင့် အိမ် (ပုံ-Myanmar Now)

မန္တလေးအပေါ် ကျွန်မ၏ ချစ်ခင်မှုသည် စက်ဘီးစီး၍ မန္တလေးမြို့၏ လျှို့ဝှက်ချက်များအကြောင်း စူးစမ်းလေ့လာရင်း ထိုကာလမှ စတင်ခဲ့ခြင်း ဖြစ်ပြီး၊ တချိန်တည်းမှာပင် စစ်ထောက်လှမ်းရေးကိုလည်း ရှောင်တိမ်းခဲ့ရသည်။ (သို့သော် လွန်ခဲ့သော နှစ် ၂၀ အတွင်း အဖြစ်အပျက်များနှင့် နေရာတိုင်းတွင် တွေ့ရသော မော်တော်ဆိုင်ကယ်များကြောင့် နောက်ပိုင်းတွင် မန္တလေးချစ်စိတ်ကို အစမ်းသပ်ခံရသကဲ့သို့လည်း ရှိသည်။)

ဒေါက်တာစိုးတင့်သည် မွန်းလွဲပိုင်း ဆေးခန်း ရပ်နားချိန်တွင် (ထိုအချိန်က သူ့ဆေးခန်းကို သူ့အိမ်ဝင်းအတွင်း ဖွင့်လှစ်ထားခဲ့ခြင်း ဖြစ်ပြီး၊ အဓိကအားဖြင့် ဒေသဈေးမှ အလုပ်သမားများအတွက် ရည်ရွယ်ခဲ့သည်။) ကနေဒါသို့ ပြောင်းသွားသော သူ၏ဦးလေး ဦးသံတုတ်က ပေးခဲ့သော အပြာရောင် ဗော်စဝါဂင် ‘Beetle’ ၏ အင်ဂျင်ကို စက်နှိုးကာ သို့မဟုတ် စက်သုံး ဆီအမြဲ လိုအပ်နေသော ဒုတိယကမ္ဘာစစ်လက်ကျန် ဂျစ်ကားကို ဆီဖြည့်ပြီး (နောက်ပိုင်းတွင် စာရေးဆရာ ဆူးငှက်၏ စာအုပ်ထဲတွင် မှတ်တမ်းတင်ခဲ့ သကဲ့သို့) “မန္တလေး မျဉ်းများ” ဟု တင်စားခေါ်ဝေါ်ရသော သမိုင်းဝင် နေရာများဖြစ်ကြသည့် အိမ်တော်ရာဘုရား၊ ဂေါဝိန်ဆိပ်ကမ်း၊ ရန်ကင်းတောင်နှင့် ရွှေကြက်ကျ ဘုရားကဲ့သို့သော နေရာများသို့ ကျွန်မကို သူက ခေါ်ဆောင်သွားလေ့ရှိသည်။ ညနေခင်းများတွင်မူ စစ်ထောက်လှမ်းရေးက ကိုယ်တိုင် လာရောက်၍ သို့မဟုတ် သူ့ထံ ဖုန်းဆက်၍ ကျွန်မ၏ တနေ့တာ သွားလာ လုပ်ဆောင်မှု အကျဉ်းချုပ်ကို သတင်း ရယူလေ့ရှိသည်။

ဂုဏ်ယူဖွယ်ရာမိသားစုအမွေအနှစ်

ဒေါက်တာ စိုးတင့်၏ မိခင်ဘက်မှ အဘိုး၏ အမည်မှာ Lim Kyi Say ဖြစ်ပြီး၊ သူသည် တရုတ်နိုင်ငံတောင်ဖက် ဟိုင်နန်ကျွန်းတွင် မွေးဖွားခဲ့သည်။ သူတို့၏ မိသားစုမှာ ဟိုတယ်နှင့် စားသောက်ဆိုင်လုပ်ငန်း လုပ်ကိုင်ကို လုပ်ကိုင်ကြသည်ဟု သိရသည်။  ၁၉၀၂ ခုနှစ် Lim Kyi Say အသက် ၂၃ နှစ်အရွယ်၌ သူသည် ထိုအချိန်က ဗြိတိသျှ အုပ်ချုပ်သည့် ဗမာပြည်သို့ ပြောင်းလာခဲ့ပြီး မန္တလေးမြို့ရှိ ပထမဆုံးဟိုတယ်ဖြစ်သည့် ဘီကျင်ဟိုတယ်ကို ၈၄ လမ်းနှင့် ၂၉ လမ်းထောင့်၊ ဝါဒံရပ်ကွက် ရုံးတော်ကြီးဟု လူသိများသည့် ဟိုတယ်နှင့် စားသောက်ဆိုင်များ စုဝေးရာနေရာတွင် ဖွင့်လှစ်ခဲ့သည်။ နှစ်ကြာလာသည်နှင့်အမျှ ဟိုတယ်ကို ပြန်လည်တည်ဆောက်ခဲ့ပြီး အထူးသဖြင့် ၁၉၈၄ ခုနှစ် မတ်လ ၂၄ ရက်နေ့တွင် မန္တလေးမြို့၏ လေးပုံတပုံကို မီးလောင်ကျွမ်းစေခဲ့သော မီးဘေးကြီအပြီးတွင် ပြန်လည်တည်ဆောက်ခဲ့ရခြင်း ဖြစ်သည်။ 

Lim Kyi Say သည် မန္တလေးမှ ဒေါ်ရင်ဟုခေါ်သော မိန်းကလေးတဦးနှင့် လက်ထပ်ခဲ့သည်။ သူတို့တွင် သားသမီး ငါးဦးရှိခဲ့ပြီး သုံးဦးမှာ ငယ်စဉ်ကပင် သေဆုံးသွားခဲ့သည်။ သူ၏ တတိယသားဖြစ်သူ သံတုတ်သည် ဆေးပညာသင်ယူခဲ့ပြီး မျက်စိ၊ နား၊ နှာခေါင်းနှင့် လည်ချောင်းဆိုင်ရာ အထူးကုဘာသာရပ်ကို အထူးပြုလေ့လာရန် လန်ဒန်သို့ သွားရောက်ခဲ့သည်။ သူသည် အင်္ဂလိပ်အမျိုးသမီးတဦးနှင့် လက်ထပ်ခဲ့ပြီး၊ နောက်ပိုင်းတွင် ကနေဒါသို့ ပြောင်းရွှေ့သွားခဲ့သည်။ သူတို့၏ စတုတ္ထမြောက်သမီး ဒေါ်လှလှမြင့်သည် (အန်တီချယ်ရီဟုလည်း လူသိများသူသည်) ဘီကျင်းဟိုတယ်ကို စီမံခန့်ခွဲရန် တာဝန်ယူခဲ့သည်။ သူမသည် လားရှိုးမှ ရှမ်းလူမျိုး ဦးငယ်နှင့် လက်ထပ်ခဲ့ပြီး ကျင်ကျင်မြင့် (ဂျနီဖာ)၊ စိုးမြင့်နှင့် စိုးတင့်ဟူသော သားသမီး သုံးဦး မွေးဖွားခဲ့သည်။ 

စိုးတင့်သည် ဒေါက်တာသံတုတ်နှင့် အထူး နီးစပ်ခဲ့သည်။ သူနှင့် သူ၏အစ်မ ကျင်ကျင်မြင့် နှစ်ဦးလုံးသည် သူတို့အဘိုး ရောက်ရှိလာခဲ့သော မန္တလာမြေပေါ်တွင် တည်ဆောက်ထားသည့် မန္တလေးဆေးတက္ကသိုလ်တွင် ပညာသင်ယူခဲ့ကာ ဆရာဝန်ဖြစ်လာခဲ့ကြသည်။ ဦးစိုးတင့်နှင့် သူ၏ဦးလေးသည် စိတ်နေစိတ်ထား ဆင်တူကြကာ၊ စကားကို ညင်သာစွာ ပြောဆိုတတ်ကြသူများ ဖြစ်ပြီး၊ အခြားသူများကို စောင့်ရှောက်ခြင်း၊ တရားထိုင်ခြင်းနှင့် ဗုဒ္ဓဘာသာ သင်ကြားပေးခြင်းတို့ကို လုပ်ဆောင်လေ့ရှိခဲ့ကြသည်။ ဒေါက်တာသံတုတ်သည် ကနေဒါမှ မန္တလေးသို့ လာရောက်လည်ပတ်ချိန်များတွင် သူ၏တူအတွက် မှတ်စုစာအုပ်များ ရေးသားယူဆောင်လာလေ့ရှိသည်။

ဆရာဝန်ဘဝ

တက္ကသိုလ်တွင် သင်ယူတတ်မြောက်လွယ်သူအဖြစ် လူသိများသော စိုးတင့်သည်၊ နောင်တွင် အဆိုတော် စိုင်းထီးဆိုင်နှင့်အတူ The Wild Ones တီးဝိုင်းကို တည်ထောင်ခဲ့ကြသော ရှမ်းလူမျိုး တေးရေးဆရာ ဒေါက်တာစိုင်းခမ်းလိတ်နှင့် အတန်းတူဖြစ်ခဲ့သည်။ မန္တလေးလူချမ်းသာများ၏ သားတဦးအနေဖြင့် ၁၉၇၀ ပြည့်လွန်နှစ်များအလယ်တွင် ဆရာဝန်ငယ်တဦးအဖြစ် ဝေးလံခေါင်သီသော နာဂဒေသသို့ တာဝန်ပေး စေလွှတ်ခံရခြင်းကို သူ သိပ်မနှစ်သက်ခဲ့ပေ။ ထိုနေရာသည် ခြေလျင် သို့မဟုတ် ဆင်ဖြင့်သာ သွားရောက်နိုင်ပြီး ထိုရွာတွင် မြန်မာစကားပြောတတ်သူ တဦးသာရှိသည်။ ပါးစပ်ပြော ယုံတမ်းအရ ထိုရွာတွင် ရွာအကြီးအကဲသည် သူ၏သမီးကို ချောဖြောင့်သော ဆရာဝန်ဖြစ်သူ ဒေါက်တာစိုးတင့်နှင့် လက်ထပ်ပေးရန် ကြိုးစားခဲ့သော်လည်း ဒေါက်တာစိုးတင့်သည် ပြုံးလျက် ညင်သာစွာ ငြင်းဆိုခဲ့ကြောင်း သိရသည်။


ဒေါက်တာစိုးတင့်နှင့် သူ၏မိတ်ဆွေဖြစ်သူ သီချင်းရေးဆရာနှင့် ဆရာဝန်  ဒေါက်တာစိုင်းခမ်းလိတ်


ဒေါက်တာစိုးတင့်သည် မန္တလေးသို့ ပြန်လာခဲ့ပြီး ၁၉၇၀ ပြည့်လွန်နှစ်များ နောက်ပိုင်းတွင် မန္တလေးပြည်သူ့ဆေးရုံကြီး၌ နှစ်အတော်ကြာ တာဝန်ထမ်းဆောင်ခဲ့သည်။ ထိုအထဲတွင် မေ့ဆေးဌာနလည်း ပါဝင်သည်။ သူသည် ဆေးဘက်ဌာန ဥက္ကဋ္ဌ ဒေါက်တာမြင့်မြင့်ခင်၏ လက်ထောက်ဖြစ်ခဲ့သည်။ ထိုအချိန်က ဒေါက်တာစိုးတင့်သည် လူမှုဆက်ဆံရေးကောင်းမွန်ပြီး လူချစ်လူခင်များသည့် လူပျိုတဦးအဖြစ် မှတ်ယူခံရကာ ဂေါက်သီးရိုက်တော်သူတဦးဖြစ်ပြီး သူ၏မိတ်ဆွေများနှင့်အတူ မေမြို့သို့ သွားရောက်ကာ ဂေါက်ရိုက်လေ့ ရှိသည်။ (ကျွန်မ၏ ပထမဆုံးအကြိမ်  နှင့် ဒုတိယအကြိမ်နောက်ဆုံး ဂေါက်သီး ကစားခြင်းသည် သူနှင့်အတူ ၁၉၉၀ ခုနှစ်တွင် မေမြို့၌ ဂေါက်ရိုက်ခဲ့ခြင်း ဖြစ်သည်။) အစိုးရပိုင် ဂုန်လျှော်စက်ရုံသစ်တွင် တာဝန်ခံဆရာဝန်အဖြစ် တာဝန်ထမ်းဆောင်ရန် မြောင်းမြသို့ ပြောင်းရွှေ့ခံရပြီးနောက် ဒေါက်တာ စိုးတင့်သည် အစိုးရဝန်ထမ်းအဖြစ်မှ နှုတ်ထွက်ကာ မန္တလေးသို့ ပြန်လာပြီး သူ၏မိဘများကို ပြုစုစောင့်ရှောက်ရန်နှင့် ဘီကျင်းဟိုတယ်ကို ကြီးကြပ်ကွပ်ကဲဖို့ဖြစ်ကာ ၊ လမ်း၃၀ ရှိ အိမ်ဝင်းအတွင်းတွင်လည်း ဆေးခန်းငယ်တခု ဖွင့်လှစ်ခဲ့သည်။  

သူ၏အစ်ကို ဦးစိုးမြင့်သည် အင်ဂျင်နီယာတဦးဖြစ်ပြီး အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့သွားခဲ့သည်။ ထို့အတူ ၁၉၈၈ ခုနှစ် စစ်အာဏာသိမ်းမှုဖြစ်ပွားပြီး နောက်ပိုင်းတွင်လည်း မန္တလေးဆေးတက္ကသိုလ်မှ ဒေါက်တာစိုးတင့်နှင့် ခေတ်ပြိုင် ဆရာဝန်အများအပြားသည်လည်း အမေရိကန်နိုင်ငံသို့ ပြောင်းရွှေ့ သွားခဲ့ကြသည်။ ဒေါက်တာစိုးတင့်ကိုလည်း ထိုသို့ ပြောင်းရွှေ့ရန် တိုက်တွန်းခဲ့ကြသော်လည်း သူသည် ၁၉၉၃/၉၄ ခုနှစ်တွင် အမေရိကန်အသိအမှတ်ပြု ဆရာဝန်လက်မှတ်ရရေး စာမေးပွဲအတွက် လေ့လာရန် အမေရိကန်တွင် ခေတ္တ နေထိုင်ခဲ့ပြီးနောက် အမေရိက၏ ခပ်တိမ်တိမ် ရုပ်ဝတ္ထုလောကတွင် သူ မည်သည့်အခါမျှ ပျော်ရွှင်လိမ့်မည် မဟုတ်ကြောင်း သိရှိလာခဲ့သည်။ 

စေတနာ့ဝန်ထမ်း 

ဒေါက်တာစိုးတင့်သည် သူ၏မိဘများနှင့် စစ်ကိုင်း ဇီဝီတဒါနဆေးရုံ၌ အလုပ်လုပ်နေသော သူ၏အစ်မတို့ရှိရာ မန္တလေးသို့ ပြန်လာခဲ့သည်။ ပြန်ရောက်လာသည်နှင့် ဒေါက်တာစိုးတင့်သည် ဗြဟ္မစိုရ်လူမှုကူညီရေးအသင်းကို တည်ထောင်သော ဦးဆောင်ဆရာဝန်များထဲမှ တဦးဖြစ်လာသည်။ ဦးဆောင်အလှူရှင်များထဲတွင် သူ၏မိခင်နှင့်၊ သူ့မိခင်၏ရင်းနှီးသော မိတ်ဆွေဖြစ်သူ စာရေးဆရာ လူထုဒေါ်အမာနှင့် ဦးမြအောင်တို့လည်း ပါဝင်သည်။ ထိုအသင်းသည် ၁၉၉၉ ခုနှစ်တွင်မှ တရားဝင်မှတ်ပုံတင်နိုင်ခဲ့ပြီး၊ ထိုသို့ နှောင့်နှေးရခြင်း၏ အများဆုံးဖြစ်နိုင်ခြေမှာ လူထုဒေါ်အမာ မိသားစု၏ ကွန်မြူနစ်အဆက်အစပ်များအပေါ် ထိုစဉ်က စစ်အစိုးရ၏ သံသယရှိမှုကြောင့် ဖြစ်နိုင်သည်။ 


ကွယ်လွန်သူ စာရေးဆရာ လူထုဒေါ်အမာ၊ ဒေါက်တာစိုးတင့်နှင့် Vicky Bowman 

ဗြဟ္မစိုရ်အသင်းသည် မြန်မာနိုင်ငံရှိ ပထမဆုံး ‘အခမဲ့နာရေးအသင်း’ ဖြစ်ပြီး ယခုခေတ် ရုပ်ရှင် သရုပ်ဆောင် ကျော်သူ တည်ထောင်သော ရန်ကုန်ရှိ နာမည်ကြီး နာရေးကူညီမှု အသင်းထက် ပိုစောသည်။ ထိုအဖွဲ့သည် အများပြည်သူ့ဘဝ ကောင်းစွာ ရှင်သန်နိုင်ရေးကို အဓိကထား လုပ်ဆောင်သော်လည်း၊ အများပြည်သူ၏ နာရေးကိစ္စများကိုလည်း ကူညီခဲ့သည်။ ဤပရဟိတအဖွဲ့၏ပုံစံမှာ အလွန်ရိုးရှင်းသည်။ မန္တလေးရှိ မကြာသေးမီကမှ ဖွင့်လှစ်ခဲ့သော ကုတင် ၃၀၀ ဆန့် ဆေးရုံသို့ အထက်မြန်မာပြည်အနှံ့မှ ရောက်ရှိလာသော အဆင်းရဲဆုံးလူနာများကို ဒေါက်တာစိုးတင့်နှင့် ဗြဟ္မစိုရ်အဖွဲ့မှ လုပ်ဖော်ကိုင်ဖက် ဆရာဝန်များ ဖြစ်ကြသော ဒေါက်တာကိုကိုလေးနှင့် ဒေါက်တာမိုးမြင့်တို့ထံ လွှဲပြောင်းပေးမည်ဖြစ်သည်။ သူတို့သည် ဆေးဝါးများနှင့် သူနာပြုစောင့်ရှောက်မှု စသည်တို့အတွက် မည်မျှ တတ်နိုင်ကြောင်း ဆုံးဖြတ်ကြမည် ဖြစ်သည်။ (ဆရာဝန်များကမူ အခမဲ့ ကုသပေးကြမည်။)

လူနာများထဲတွင် ငယ်စဉ်ကတည်းက ရုပ်ဆင်းအင်္ဂါ ချို့တဲ့မှုဖြင့် ကြီးပြင်းလာရသော ဆယ်ကျော်သက်များ၊ နောက်ဆုံးအဆင့် ကင်ဆာရောဂါ ဖြစ်နေသော အမျိုးသမီးများနှင့် ထန်းပင်ပေါ်မှ ပြုတ်ကျသော အမျိုးသားများ စသည်ဖြင့် လူနာမျိုးစုံ ပါဝင်ကြသည်။ ဤပရဟိတအဖွဲ့သည် နိုင်ငံပိုင် ဆေးရုံများကို ဖြည့်ဖက်သဖွယ် အထောက်အကူပြုပြီး၊ ကုသမှု အလိုအပ်ဆုံးသူများကို အကဲဖြတ်ကာ၊ ကုသမှုများသည် မည်သည့်နေရာတွင် အကောင်းဆုံး အကျိုးသက်ရောက်မှု ရှိနိုင်ကြောင်းကိုလည်း ဆုံးဖြတ်ကြသည်။ သူတို့သည် လူနာများ ကုသမှုရရှိရေးအတွက် သက်ဆိုင်ရာ ဆရာဝန်များ၏ ယှဉ်ပြိုင်တောင်းဆိုမှုများကို အကဲဖြတ်ပြီး၊ ရန်ပုံငွေများကို မည်သို့ ခွဲဝေရမည်ကို ဆုံးဖြတ်ရသည်။ 

ဤချဉ်းကပ်ပုံ အောင်မြင်ကြောင်း အစမ်းသပ်ခံနိုင်ခဲ့ပြီး၊ အဓိကအားဖြင့် ဒေါက်တာစိုးတင့်၏ ဂရုစိုက်မှုနှင့် ဆုံးဖြတ်ချက်များကြောင့်လည်း အောင်မြင်ခဲ့ခြင်း ဖြစ်သည်။ အဖွဲ့သည် လုပ်ငန်းစဉ်များကို မန္တလေးပြည်သူ့ဆေးရုံကြီးသို့ တိုးချဲ့ခဲ့သည်။ သူသည် မန္တလေး ပြည်သူ့ဆေးရုံသို့ နေ့စဉ် သွားရောက်ကာ လူနာများနှင့် အထူးကုဆရာဝန်များကို တွေ့ဆုံလေ့ရှိသည်။ သူသည် လူနာစာရင်းနှင့် လူနာဓာတ်ပုံများကို စာရင်းပြုစုထားလေ့ရှိပြီး (လူနာများ၏ အချက်အလက်များကို လျှို့ဝှက်ထိန်းသိမ်းသင့်ကြောင်း ကျွန်မက သူ့ကို ခင်ခင်မင်မင် စလေ့ရှိသည်။) အလှူရှင်များအား ငွေကို မည်သို့ သုံးစွဲကြောင်းကို အဖွဲ့က ပြသရန်နှင့် ရလဒ်များကိုလည်း ပြသနိုင်ရန်ဖြစ်သည်။ များသောအားဖြင့် ကုသမှု အောင်မြင်စွာပြီးဆုံးပြီး လူနာကို ဆေးရုံဆင်းခွင့်ပြုခြင်းဖြစ်သည်။ ဤရိုးရှင်းသော ပုံစံ၏ ထိရောက်မှုကြောင့် အဖွဲ့သည် ချမ်းသာသော မန္တလေးမြို့သားများထံမှသာမက၊ ပြည်ပရောက် မြန်မာများ အပါအဝင် အခြားဒေသများရှိ အလှူရှင်များထံမှလည်း ရန်ပုံငွေ လှူဒါန်းမှုများကို ဆွဲဆောင်နိုင်ခဲ့သည်။

နောက်ပိုင်းတွင် အလှူရှင်တဦးက ၆၂ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြား၌ ဆေးခန်းတခု တည်ဆောက်ရန် ရန်ပုံငွေ ထောက်ပံ့ခဲ့ပြီး ဒေါက်တာစိုးတင့်သည် ထိုနေရာတွင် လူနာများကို နံနက်တိုင်း လက်ခံကြည့်ရှုပေးခဲ့သည်။ ကျွန်မသာ မန္တလေးရှိ ထိုဆေးခန်းသို့ ရောက်ရှိခဲ့လျှင် လူနာများ နာရီပေါင်းများစွာ တန်းစီနေသည်ကို မြင်ရမည်ဖြစ်သည်။ အခမဲ့ ကျန်းမာရေး စောင့်ရှောက်မှုကြောင့်သာမက ချောဖြောင့်သော ဆရာဝန်၏ တည်တည်ငြိမ်ငြိမ် ဆေးကုသပေးသည့် ပုံစံကြောင့်လည်း ဆွဲဆောင်မှုရှိသည်မှာ သံသယဖြစ်ဖွယ်မရှိပေ။ (ထိုစဉ်က ကျွန်မ၏ မိသားစုသည် သူ့ကို ‘မန္တလေး၏ ဒေါက်တာ Kildare’ ဟု ရည်ညွှန်းခဲ့သည်။ ထူးဆန်းသောတိုက်ဆိုင်မှုမှာ ၁၉၆၀ ပြည့်လွန်နှစ်များက ထိုဇာတ်လမ်းတွဲတွင် ဒေါက်တာ Kildare အဖြစ် သရုပ်ဆောင်ခဲ့သော သြစတေးလျသရုပ်ဆောင် Richard Chamberlain သည် ဒေါက်တာ စိုးတင့်နှင့် တပတ်တည်းတွင် ကွယ်လွန်ခဲ့ခြင်း ဖြစ်သည်။)


မန္တလေးရှိ ဘုန်းကြီးကျောင်းတခုတွင် ဒေါက်တာစိုးတင့်ကို ဘုန်းတော်ကြီးတပါးနှင့် ကိုရင်များနှင့်အတူ တွေ့ရစဉ်

သို့သော် နောက်ပိုင်းတွင်၊ လှူဒါန်းငွေများကို ရှိပြီးသား နိုင်ငံတော်ပိုင် ဆေးရုံများတွင် လူနာစောင့်ရှောက်မှုအတွက် အသုံးပြုမည့်အစား၊ အဆောက်အဦးသစ်များ ဆောက်လုပ်ခြင်းနှင့် ထိန်းသိမ်းခြင်းတို့အတွက်ပါ အသုံးပြုကြခြင်းကို ဒေါက်တာ စိုးတင့်က စိတ်အဆင်မပြေဖြစ်ခဲ့ပြီး ၂၀၁၃ ခုနှစ်တွင် ဗြဟ္မစိုရ်  အသင်းဆီမှ နောက်ဆုတ်သွားခဲ့သည်။

သို့ရာတွင် သူသည် နာမကျန်းသူများနှင့် သက်ကြီးရွယ်အိုများကို ဆက်လက် စောင့်ရှောက်ကုသပေးခဲ့သည်။ ကိုဗစ်ကပ်ဘေး မတိုင်မီအထိ သူသည် ဗုဒ္ဓဟူးနေ့တိုင်း စစ်ကိုင်းသို့ ကားမောင်း၍ အသက် ၈၀ ကျော်အရွယ် ဒေါက်တာဘိုနီ၏ လမ်းညွှန်မှုအောက်တွင် သီတဂူ အာယုဒါန ဆေးရုံတော်၌ စေတနာ့ဝန်ထမ်း မေ့ဆေးဆရာဝန်အဖြစ် ဆောင်ရွက်ခဲ့သည်။

သူသည် မန္တလေးရှိ ဦးဂိုအင်ကာ တရားစခန်းနှင့် ဝါးချက်ရှိ အခြား တရားစခန်းအပါအဝင် ဘုန်းကြီးကျောင်းများနှင့် တရားစခန်းများစွာအား ထောက်ပံ့ကူညီမှုများတွင်လည်း ပါဝင်ခဲ့သည်။ မန္တလေးမိသားစုများ၏ အခမ်းအနားများတွင်လည်း သူ့ကို အမြဲ တွေ့ရလေ့ရှိသည်။ သူ၏ နောက်ဆုံး ဖေ့စ်ဘုတ်ပို့စ်တွင် ငလျင်လှုပ်မည့်နေ့ နံနက်ပိုင်းတွင် စောနှင်းညို၏ ၉၅ နှစ်ပြည့် မွေးနေ့ပွဲကို သူတက်ရောက်ခဲ့ကြောင်း ဖော်ပြထားသည်။ သူသည် သူ၏နောက်ဆုံး မနက်စာကို ထို မွေးနေ့ပွဲတွင် သို့မဟုတ် သူ၏အိမ်တွင် စားခဲ့ဟန်တူသည်။ သူသည် ရှစ်ပါးသီလကို နှစ်ပေါင်းများစွာ စောင့်ထိန်းနေခဲ့သူ ဖြစ်သဖြင့်၊ ဘီကျင်းဟိုတယ်ကို နေ့စဉ်စစ်ဆေးရန် ထွက်ခွာချိန်ဖြစ်သည့် မွန်းတည့်ချိန်ကျော်လျှင် အစာ မစားတော့ပေ။ 

ဒေါက်တာ စိုးတင့် ပါဝင်ကူညီ တည်ထောက်ခဲ့သော “ဗြဟ္မစိုရ်” အသင်းသည် ဗြဟ္မစိုရ်တရားလေးပါး သို့မဟုတ် စိတ်၏ မြင့်မြတ်သောအခြေအနေလေးရပ် – မေတ္တာ၊ ကရုဏာ၊ မုဒိတာ နှင့် ဥပေက္ခာတို့၏ အမည်ကို ယူထားခြင်း ဖြစ်သည်။ ဒေါက်တာစိုးတင့်သည် ဗြဟ္မစိုရ်တရား လေးပါးကို နေ့စဉ် လက်တွေ့ပြသခဲ့သူ ဖြစ်သည်။ သို့သော် သူ၏ ဥပေက္ခာတရားမှာ ၂၀၂၁ စစ်တပ်အာဏာသိမ်းမှု၏ စမ်းသပ်ခြင်းကိုလည်း ခံခဲ့ရသည်။ သူသည် သူချစ်မြတ်နိုးသော မန္တလေးမြို့၏ ယနေ့ အခြေအနေကို မြင်ရမည်ဆိုပါကလည်း စိတ်ထိခိုက်မည်ဖြစ်သည်။ သို့သော် မီးသတ်တပ်ဖွဲ့က သူ၏ ဟိုတယ်မန်နေဂျာ၊ မန်နေဂျာ၏ဇနီးနှင့် ကလေးတို့ကို ပြိုကျသွားသော ဟိုတယ်အပျက်အစီးပုံကြားမှ မတ်လ ၃၀ ရက်နေ့တွင် ကယ်ဆယ်နိုင်ခဲ့ကြောင်း သူသာ သိခွင့်ရမည်ဆိုပါက သူ မုဒိတာ ပွားမည်မှာ သေချာပေသည်။ 

ဒေါက်တာစိုးတင့်၏ အစ်မ ဒေါက်တာကျင်ကျင်မြင့်သည် ၂၀၂၃ ခုနှစ် မေလတွင် ကင်ဆာရောဂါဖြင့် ကွယ်လွန်ခဲ့သည်။ သူမ၏ သားသမီးသုံးဦးလုံးသည် မန္တလေးတွင် နေထိုင်ကြသည်။ ဒေါက်တာစိုးတင့်၏ မိတ်ဆွေများစွာ၏ အကူအညီဖြင့် သူ၏ တူ၊ တူမများက မတ်လ ၃၁ ရက်နေ့တွင် မန္တလေးမြို့၌ ဒေါက်တာစိုးတင့်၏ စျာပနကို စီစဉ်ခဲ့ကြသည်။

ဆောင်းပါးရှင် Vicky Bowman သည်မြန်မာနိုင်ငံဆိုင်ရာ UK သံအမတ်ကြီးဟောင်း (၂၀၀၂-၂၀၀၆) ဖြစ်ပြီး၂၀၁၃ခုနှစ်မှစ၍ Myanmar Centre for Responsible Business ၏ ဒါရိုက်တာလည်းဖြစ်သည်။ 

Related Articles

Back to top button