အမှတ်ရခြင်း

မြက်ထုံးကြီးပုံပြင်

သတင်းစာအယ်ဒီတာချုပ်အဖြစ် ရန်ကုန်တက္ကသိုလ်မှ အင်္ဂလိပ်ဘာသာ ဆရာကြီး ဦးခင်မောင်လတ်အား ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် ရွေးချယ်ခန့်ထားသည်။

ဗိုလ်ချုပ်ကြီးက ဦးခင်မောင်လတ်အား ဖိတ်ခေါ်တွေ့ဆုံကာ “လွတ်လပ်စွာရေးပါ”ဟု ရက်ရောစွာ ပြောဆို၍ တာဝန်ပေးသည်။

တရုတ်ပြည်တွင် မော်စီတုန်းက ‘ပန်းတိုင်းပွင့်ပါစေ’ လမ်းစဉ်ကို ချမှတ်ကာ နိုင်ငံသားတိုင်း လွတ်လပ်စွာ ရေးသားစေဟု စေတစ်လုံးနှင့် အမိန့်ပေးခဲ့သည့်နည်းတူ မြန်မာပြည်တွင်လည်း “လုပ်သားပြည်သူတို့ အပြုသဘောနှင့် ဝေဖန်ရေးသားချက်များကို ပေးပို့ပါက ပြည်သူပိုင်သတင်းစာများက ပုံနှိပ်ဖော်ပြမည်”ဟု ပြန်ကြားရေးဝန်ကြီးဌာနက ၁၉၆၅ ခု သြဂုတ်လ ၂၄ ရက်နေ့တွင် ကြေညာသည်။

၁၉၆၂ ခု မတ်လက တက်လာပြီးနောက် ဂျူလိုင် ၇ ရက် ကျောင်းသားများကို သတ်ဖြတ်၍ သမဂ္ဂတိုက်ကို ဖျက်ခွဲကာ တပ်မတော်မထိနဲ့ ဓားကိုဓားချင်း၊ လှံကိုလှံချင်းတုံ့ပြန်မည်ဟု ဗိုလ်ချုပ်ကြီးနေဝင်းကိုယ်တိုင် လူထုကို စစ်ကြေညာထားသဖြင့် တုတ်တုတ်မလှုပ်ဝံ့သော လူထုက လွတ်လပ်စွာ ရေးသားခွင့်ဖိတ်စာကို ကြားလိုက်သော်လည်း စိတ်မချနိုင်ဖြစ်နေကြသည်။ ထောင်များအတွင်းတွင် သတင်းစာဆရာ၊ စာရေးဆရာအများကို သိုလှောင်ထားဆဲရှိသေးသည်။ အောင်ဗလ တစ်ယောက်လည်း သိကြားသားမဟုတ်လေသဖြင့် အင်းစိန်ထောင် တောရကျောင်း၌ ဝါဆိုနေရဆဲဖြစ်သည်။

ထို့ကြောင့် မြန်မာလုပ်သားပြည်သူ့သတင်းစာမှာ အယ်ဒီတာမင်းတို့အထံသို့ မရဲတရဲပေးပို့သော စာတို့မှ မထိတထိစာမူအနည်းငယ်ကို ဖော်ပြနိုင်ခဲ့သည်။

အင်္ဂလိပ်ဘာသာလုပ်သား ပြည်သူ့အယ်ဒီတာချုပ် ဦးခင်မောင်လတ်က ရယ်သည်။ လာသမျှ စာတို့မှ အစိုးရပြုမူချက် မှန်ကန်မှုမရှိဟု ရေးသားစေကာမူ အခြေအမြစ်ခိုင်လုံသော စာများကို ပုံနှိပ်ဖော်ပြသည်။ ဒီမိုကရေစီခေတ်က လွတ်လပ်စွာ ရောင်းဝယ်ဖောက်ကားခွင့်ရှိသဖြင့် နိုင်ငံသားတို့ ကြီးပွားလမ်းရှိစေကာမူ မြန်မာ့ဆိုရှယ်လစ်ခေတ်တွင် နိုင်ငံသားတို့ ကြီးပွားလမ်းမရှိ။ ထို့အတူ နိုင်ငံတော်အစိုးရလည်း ကြီးပွားမည်မဟုတ်ဟု ရေးသည့် စာအများရောက်လာသည်။ ရေးသူတို့က စာတတ်ပေတတ်၊ ပညာတတ်များဖြစ်သဖြင့် သူတို့၏ ယူဆချက်များကို စာရင်း ဇယားများနှင့် ပိုင်နိုင်စွာ ရေးတတ်ကြသည်။ ဆရာ ဦးခင်မောင်လတ်ကလည်း သတ္တိကောင်းသည်။ စာအများကို သတင်းစာက ဖော်ပြပေးသည်။ ဆရာကြီးနှင့် ဆရာကတော် ဒေါ်ခင်မျိုးချစ်တို့ကလည်း ရဲရဲတွေးပြီး ရဲရဲရေးကြသေးသည်။

အင်္ဂလိပ်သတင်းစာက ရဲရင့်စွာဖော်ပြသည်ကို မြင်ရသဖြင့် ထောင်တွင်းရှိ အောင်ဗလတို့ လူစုသည်ပင် ဆရာကြီး ဘယ်တော့ ရောက်လာမည်လဲဟု တွေးတောကာ လှံဖျားတွင် နားနေသည့် ပုစဉ်းအတွက် ကြောက်ချေးပါနေမိကြသည်။

ဦးခင်မောင်လတ်အား သတင်းစာတပ်ဦး၌ စစ်ကဲတင်မိသော ဗိုလ်ချုပ်ကြီးနေဝင်းသည်လည်း အသည်းယားနေမည်မှာ မုချဖြစ်သည်။ ကိုယ်တင်တဲ့စစ်ကဲ ကိုယ်ပြန်ချရန်မှာလည်း မလွယ်သဖြင့် လက်ပိုက်၍ ကြည့်နေရသည်။

နှစ်အနည်းငယ်ကြာသောအခါ ဗိုလ်ချုပ်ကြီးနေဝင်းက ဆက်လက်၍ သည်းမခံနိုင်တော့ပြီ။ တစ်နေ့တွင် ဗိုလ်ချုပ်ကြီးနေဝင်းက ဆရာကြီးဦးခင်မောင်လတ်အား လက်ဖက်ရည်သောက်ရန် ဖိတ်ခေါ်သည်။ လက်ဖက်ရည်ပွဲတွင် အာလာပသလ္လာပစကားများ အာဖောင်စွာပြောကာ ဗိုလ်နေဝင်း လေချိုသွေးသည်။ ဦးခင်မောင်လတ်ကလည်း ရိပ်စားမိသည်။ စစ်ဗိုလ်ကြီးများနှင့် မဆလပါတီတွင် နေရာရှိထားသူ ‘ကွန်မြူနစ်ပျက်’ များက အင်္ဂလိပ်လုပ်သားမှ စာများဆောင်းပါးများကြောင့် စည်းရုံးရေးပျက်နေရသည်ဟု ရေးသည်သာမက အင်္ဂလိပ်လုပ်သားကို အရေးယူသင့်ပြီဟု ဗြောင်ပြောနေကြသည်ကိုလည်း နားမဆံ့အောင် ကြားရပြီးဖြစ်သည်။

“ဆရာအဖို့ နိုင်ငံတော်အတွက် လုပ်ရတာပင်ပန်းလှပါပြီ”ဟု စကားစပျိုးကာ “နိုင်ငံခြား အေးအေးဆေးဆေးသွားပြီး နားနားနေနေ နေပါလား၊ သံအမတ်အဖြစ် ကြိုက်တဲ့ တိုင်းပြည်ပို့ပေးပါမယ်”

“ဘာဗျ”ဟု ဦးခင်မောင်လတ်က ပြန်မေးသည်။ သံအမတ်ရာထူးဟူသော စကားလုံးကို ပြောသည်နှင့် စကားမဆုံးမီ ရှိခိုးဒူးထောက်ကြသော စစ်ဗိုလ်များကိုသာ တွေ့ဖူးသူ ဗိုလ်နေဝင်းက “သံအမတ်ရာထူးခန့်ဖို့ စီစဉ်နေပါတယ်”ဟု ရှင်းပြသည်။

“နိုး နိုး နိုး နိုး ကျွန်တော် သံအမတ်မလုပ်ချင်ဘူး၊ စာပေဝါသနာသာပါတယ်၊ ဟဲဟဲ ဗိုလ်ချုပ်တို့ အစိုးရက ကျွန်တော့်ကို မကြိုက်ဖူးဆိုတာ ရိပ်မိပါတယ်၊ ကျွန်တော် ရာထူးက ထွက်ပေးပါမယ်”ဟု ချိုသာချေငံစွာပြောကာ စားပွဲမှ ထသောအခါ ဗိုလ်ချုပ်ကြီးက လောကွတ်ပင် မပြုဘဲ ထိုင်နေရစ်ခဲ့ရှာသည်။

ထိုအချိန်တွင် အင်းစိန်ထောင်ထွက် အောင်ဗလမှာ ပြည်သူပိုင်သတင်းစာ လေးစောင်၏ ပင်တိုင်ဆောင်းပါးရှင်အဖြစ် လိုင်စင်ရ သတင်းစာဆရာဖြစ်နေလေပြီ။

“လာဟေ့ လက်ဖက်ရည်သောက်ရအောင်”ဟု အိမ်တော်မှ ပြန်လာသူ ဆရာဦးခင်မောင်လတ်က ဖုန်းဆက်၍ ခေါ်သဖြင့် သောက်နေကျ ရုံးသမဝါယမ လက်ဖက်ရည်ဆိုင်သို့ လိုက်သွားသည်။ ဆိုင်တွင်းသို့ ကြေးမုံဒုတိယအယ်ဒီတာ ကိုဝင်းတင်လည်း ရောက်လာသည်။

“အားလုံးချိုခါးဟေ့” ဟု ဆိုင်ရှင်အား မှာရင်း “မင်းတို့ ဗိုလ်ချုပ်ကြီးရဲ့ အိမ်တော်က လက်ဖက်ရည်က ပေါ့ရွှတ်ရွှတ်ပါကွာ”ဟု စကားစရင်း ဖြစ်ခဲ့သမျှကို နောက်ကြောင်းပြန်၍ ပြောရှာသည်။

ဆရာကြီးတွင် ရာထူးအတွက် တပ်မက်ဝမ်းနည်းမှု မရှိသည်ကို သိသာစွာမြင်ရသည်။ ထိုရာထူးကို ဆရာကြီးအတွက် တပ်မက်နေသူတို့မှာ ကိုဝင်းတင်နှင့် အောင်ဗလတို့သာဖြစ်သည်။ ထိုရာထူးသည် ဆရာကြီးတစ်ဦးတည်းသာ ထိုက်တန်သည်ဖြစ်သဖြင့် ဆရာကြီးအတွက် လွန်မင်းစွာ မခံချိဖြစ်မိကြသည်။

“စိတ်ထိခိုက်စရာမရှိပါဘူး တို့က သူတို့ကောင်းကျိုးအတွက် ပြောတာကို သူတို့က လက်မခံချင်တော့ သူတို့ နာတယ်၊ နောက်ပြီး တိုင်းပြည်နာတာပေါ့ကွာ”ဟု ကောက်ချက်ချရင်း အိမ်တော်မှ လက်ဖက်ရည်ထက် ပို၍ ချို၊ ပို၍ ခါးသော လက်ဖက်ရည်ကို အရသာခံကာ သောက်ရင်း ဇိမ်ယူနေတော့သည်။

အောင်ဗလတွင် ကလောင်ရှိသည်။ ရေးပိုင်ခွင့်လိုင်စင်လည်းရှိသည်။ အောင်ဗလအား ဗိုလ်ချုပ်ကြီးအမိန့်အရ ရာထူးခန့်စဉ်က ပြန်ကြားရေးဝန်ကြီးက လွတ်လပ်စွာရေးပါဟု စေတစ်လုံးပေးခဲ့သည်။ ဆရာဦးခင်မောင်လတ်ကိစ္စကို ဆောင်းပါးရေးမှဖြစ်မည်ဟု အောက်ပါဆောင်းပါးကို ကောက်ရေးပြီး လုပ်သားပြည်သူ့သတင်းစာမှ ပုံနှိပ်လိုက်သည်။ မိမိအထက်မှ အတွင်းဝန်စစ်ဗိုလ်က မရဲတရဲ ဆရာရေးတာ လွန်သနောဟု ကောက်ချက်ချရှာသည်။ ဗိုလ်ချုပ်ကြီးနေဝင်းနှင့် ကြုံကြိုက်သဖြင့် တွေ့သောအခါ မပြုံးစဖူး ပြုံးသည်ကို မြင်ရ၏။

တစ်ရံရောအခါ… တောစပ်တစ်ခုရှိ ဇရပ်တစ်ဆောင်တွင် ဖုန်းတောင်းစားတစ်ဦးသည် ထိုင်နေစဉ် အဝတ်အစား တောက်ပစွာဝတ်ဆင်ထားသည့် လူတစ်ယောက်သည် မြက်ထုံးကြီးကို ထမ်း၍ ဝင်လာသည်ကို မြင်ရသတဲ့။

ထိုသူသည် မြက်ထုံးကို ထမ်းပိုးနှင့် ထမ်းသော်လည်း အခြားသူငါတို့ ထမ်းရိုးထမ်းစဉ်အတိုင်း မြက်ထုံးကို နှစ်ထုံးနှစ်ခုခွဲ၍ တစ်ဖက်တစ်ထုံးထမ်းခြင်းမပြုဘဲ မြက်ထုံးတစ်ခုတည်းကို ထမ်းပိုးတစ်ဖက်စွန်းတွင် ချိတ်၍ ထမ်းသဖြင့် လွန်စွာပင်ပန်းကြီးလှသည်ကို တွေ့ရသတဲ့။ လွန်မင်းစွာ ပင်ပန်းနေသော ထိုသူကို ဖုန်းတောင်းစားက စိတ်ဝင်စားစွာ ကြည့်နေမိသတဲ့။

မောပန်းနေသော ထိုသူသည် အတန်ကြာနား၍ အပန်းဖြေပြီး ပြန်လည်ခရီးဆက်ရန် ပြင်ဆင်သတဲ့။ ထိုသူသည် မြက်ထုံးကြီးကို နှစ်ထုံးခွဲ၍ ထမ်းပိုးတင်ခြင်းမပြုဘဲ လာစဉ်က နည်းအတိုင်း ကြီးမားသော မြက်ထုံးကြီးကို ထမ်းပိုးတစ်ဖက်တွင် တင်သတဲ့။

ထိုသူအဖို့ လွန်စွာ ပင်ပန်းရှာလေဦးမည်ဖြစ်သောကြောင့် ဖုန်းတောင်းစားက နှုတ်ဆိတ်၍ မနေနိုင်သဖြင့် အကြံပေးမိသတဲ့။

“အမောင်… မြက်ထုံးကို တစ်ထုံးတည်းထုံး၍ ထမ်းပိုးတစ်ဖက်၌ ချိတ်၍ ထမ်းသည်ထက်… မြက်ထုံးကို နှစ်ထုံးနှစ်ခု အညီအမျှခွဲကာ ထမ်းပိုး၏ တစ်ဖက်တစ်ချက်တွင် ချိတ်ဆွဲကာ ထမ်းပါလျှင် များစွာသက်သာပေမည်”ဟု အကြံပေးသတဲ့။

ထိုသူက အတန်ကြာ စဉ်းစားရှာသတဲ့။ သေသေချာချာ စဉ်းစားပြီးမှ အဖြေပေးသတဲ့။ 

“အချင်း ဖုန်းတောင်းစား၊ သင်ပေးသော အကြံသည် ကောင်းသော အကြံဖြစ်ပေ၏။ မြက်ထုံးကို နှစ်စုခွဲကာ နှစ်ထုံးထုံး၍ ထမ်းပိုးတစ်ဖက်တစ်ချက်တွင် ချိတ်ပါလျှင် များစွာ သက်သာပေမည်မှာ မှန်ပေသည်”ဟု ဝန်ခံသတဲ့။

ယင်းသို့အမှန်ကို ဝန်ခံစေကာမူ ထိုသူက မြက်ထုံးကြီးကို နှစ်စုခွဲခြင်းမပြုဘဲ သူလာစဉ်က အတိုင်း တစ်ထုံးကို တစ်ဖက်စောင်းနင်းထမ်း၍ ပင်ပန်းစွာ ဇရပ်ပေါ်မှ ဆင်းသတဲ့။

သူ၏ ခရီးကို မဆက်မီ ထိုသူက ဖုန်းတောင်းစားအား ပြောသေးသတဲ့။

“အချင်း ဖုန်းတောင်းစား သင်ပေးအပ်သော အကြံသည် ကောင်း၏၊ မှန်၏။ သို့သော် သင်သည် သူတောင်းစားသာတည်း။ ငါသည်မူကား သူဌေးသားဖြစ်ချေဘိသည်။ သူဌေးသားတစ်ဦးက သူတောင်းစားပေးသည့် အကြံကို လက်ခံလျှင် ရာဇဝင်ရိုင်းပေမည်။ ထို့ကြောင့် မည်ရွှေ့မည်မျှ ပင်ပန်းစေကာမူ ငါသည် မူလထမ်းစဉ်က နည်းအတိုင်း ဆက်လက်ထမ်းပေဦးအံ့” တဲ့။

(စာဖြည့် ။ ။ ဆရာတက်တိုးအားလည်း ဗိုလ်ချုပ်နေဝင်းက သံအမတ်ရာထူးနှင့် သူကောင်းပြုရန် စီစဉ်ခဲ့သည်။ စာရေးဆရာဘဝကိုသာ ခင်သော ဆရာတက်တိုးကလည်း ငြင်းခဲ့၏။ ဆရာမန်းတင်ကိုသာ သံအမတ်ခန့်နိုင်ခဲ့သည်။ ဆရာမန်းတင်သည် လူထုကလက်ခံသော နာမည်ကြီးစာရေးဆရာပင်ဖြစ်သော်လည်း အရာရှိတစ်ဦးအဖြစ် စာရေးခဲ့သည့် ဝန်ထမ်းစာရေးဆရာဖြစ်သဖြင့် ငြင်းဆန်မှုမပြုဘဲ အထက်လူကြီးစေရာသို့ သွားရှာသည်သာ။)

Show More

Related Articles

Back to top button