အမှတ်ရခြင်း

မီးလျှံပန်းခင်းထဲက ပန်းတစ်ပွင့်သို့ တောက်လောင်ခြင်း

ကိုလှမျိုးနောင် ဆုံးသွားခဲ့ပါပြီ။ အခု မှန်ကြီးမရှိတော့ဘူး။

ဖေ့စ်ဘုခ်မှာ ကိုကျော်စွာ (မောင်မောင်ကျော်) တင်ထားတဲ့ ဆေးရုံခုတင်ပေါ်က သူ့ပုံကိုကြည့်တော့ ဦးဝင်းတင် ဒုတိယအကြိမ်ကျောက်ကပ်ဆေးတယ်ဆိုတဲ့ သတင်းနဲ့ ပုံကို ဖေ့စ်ဘုခ်မှာတွေ့ရသလို တစ်ထပ်တည်းနည်းပါး ခံစားရပါတယ်။ အခြေအနေမဟန်လှတော့ဘူးဆိုတာ ရင်းနှီးသူတော်တော်များများ ကျွန်တော့်လိုပဲ အာရုံရကြမှာပါ။ နောင်ကြီးရေ တောင့်ထားလို့ မှန်ကြီးကို အားပေးသလိုနဲ့၊ တချို့က ချစ်ခင်တန်ဖိုးးထားတဲ့ ကိုယ့်သမုဒယကိုယ်ပြန် ကျားကန်၊ ကိုယ့်မျှော်လင့်ချက်ကိုယ် ပြန်အားပေးတဲ့ မက်ဆေ့ချ်တွေလည်း တွေ့ပါတယ်။ နားလည်ခံစားနိုင်ပေမယ့် သူ ..သည်တောင်ကို မကျော်နိုင်လောက်တော့ဘူးဆိုတာ ကျွန်တော်သိပါတယ်။

လှမျိုးနောင်ဆိုတဲ့ မာရေကျောရေဇာတ်ကောင်ကို ဆေးရုံခုတင်ပေါ်မှာ ပက်လက်အနေအထားနဲ့ အဲသည်လိုတွေ့ရတာ တကယ်တော့အသည်းကွဲစရာပါ။ လောကဓံတရားက ကျွန်တော်တို့ကို စာမျက်နှာတစ်ဖက်လှန်ဖတ်လိုက်ရုံနဲ့၊ မယုံနိုင်စရာအသည်းခွဲသွားနိုင်ပါတယ်။ နောက်ထပ်လည်း ရက်ရက်စက်စက်အသည်းခွဲဖို့ မှောက်ထားတဲ့ ဖဲချပ်တွေ ကျန်ပါလိမ့်ဦးမယ်။ နောက်ဆုံးတော့ ကိုယ့်စာမျက်နှာအရောက်မှာ ကျွန်တော်တို့ ကွဲစရာအသည်း ကျန်ချင်မှ ကျန်ပါလိမ့်မယ်။

၈၈အရေးတော်ပုံဟာ ဖတ်ဖူးသမျှ ဂန္ထဝင်ဇာတ်လမ်းအားလုံးထက် ပိုဇာတ်ကောင်စုံ၊ ဇာတ်ကောင်စရိုက် စုံပါတယ်။ ကျွန်တော်တို့အတွက်တော့ ဘဝနဲ့ရင်းပြီး သည်နေ့ထိ ဖတ်လို့(ကပြအသုံးတော်ခံလို့) မဆုံးသေးတဲ့ ဂန္ထဝင်ဇာတ်လမ်းတစ်ပုဒ်ပါပဲ။ သည်ဂန္ထဝင်ဇာတ်လမ်းမှာ ဇာတ်ကောင်သဘာဝ အလွန်စုံလွန်းလှပါတယ်။ ဇာတ်ကောင်စရိုက်စုံသလို ဇာတ်ကွက်အလှည့်အပြောင်းကလဲ သည်းထိတ်ရင်ဖိုဆန်လှ၊ ဇာတ်လမ်းတွေထဲကထက်တောင်မှ ဇာတ်ဆန်လွန်းလှတယ် ပြောရပါမယ်။ အဲသည်ဇာတ်လမ်းထဲမှာ လှမျိုးနောင်ဆိုတာ မာရေကျောရေဇာတ်ကောင်။ လူကော၊ စရိုက်ကော၊ သဘောထားကော၊ သဘောတရားပါ မာရေကျောရေ။

သူဆုံးသွားတော့ သူ့ကိုစသိခဲ့ရတဲ့ ရှစ်လေးလုံးနေ့ကို စရွေးခဲ့တဲ့ ရွေတိဂုံရခိုင်ဓမ္မာရုံအစည်းအဝေးကစလို့၊ ၈၉ ၊၉၀ တိုက်ပွဲဝင်ကော်မီတီအစည်းအဝေး၊ စမ်းချောင်း ၂၁ ဦးကော်မီတီကစလို့ သူ့ပုံရိပ်အားလုံးကို ပြန်အမှတ်ရမိပါတယ်။ မှန်မှန်ကန်ကန်ပြောရရင် အဲ့သည်တုန်းက သူနဲ့ ပုဂ္ဂိုလ်ရေးအရ ရင်းနှီးမှု မရှိလှသလို၊ သူ့ကိုနှစ်လိုသူထဲ ကျွန်တော်မပါခဲ့ပါ။ ရံဖန်ရံခါအစည်းအဝေးမှာ သဘောထားတောင် အတိုက်အခံဖြစ်တတ်ပါတယ်။ သူနဲ့ အတော်ထိစပ်ခွင့်ရခဲ့ပြီး နှစ်နှစ်ကာကာမဖြစ်ခဲ့ရတဲ့အကြောင်းကို ပြန်စဉ်းစားမိတော့ ရှင်းရှင်းအဖြေရပါတယ်။ မှန်မှန်ကန်ကန်ဝန်ခံရရင် ၈၈မျိုးဆက်မှာ ကျွန်တော်ကိုယ်တိုင်လည်း နှစ်လိုဖွယ်ကောင်းသူတွေထဲမှာ မပါခဲ့တာပါပဲ။ တချို့ ကျွန်တော်မကြိုက်တဲ့စရိုက်တွေမှာ ကျွန်တော်ကိုယ်တိုင်လည်း သူနဲ့တူခဲ့ဟန်တူပါတယ်။ သူက အစည်းအဝေးမှာ စကားပြောရင်တောင် လေသံက ငေါက်ငေါက်ငမ်းငမ်းမပြောတတ်သူ၊ အစည်းအဝေးထဲကလူတွေကို သူ့မိန့်ခွန်းကို နားထောင်နေတဲ့ ပရိသတ်လို့ သဘောထားတတ်သူ၊ သိပ်မပျော့ပျောင်းတတ်သူပါ။ မှတ်မှတ်ရရ ’မ’အုပ်စု လို့ပြောကြတဲ့ထဲ (အဲသည်တုန်းက မကဒ )မှာ ပထမဆုံး လူချင်းစဆုံဖူးတာ လှမျိုးနောင်ပါ။ တကယ်ပြောရရင် သူ့ကိုစဆုံဖူးကတည်းက ‘မ’ရယ်လို့ဆိုရင် တော်တော်လန့်သွားရတယ် ပြောရပါမယ် (နောင်တော့ အခင်မင်ဆုံးပေါင်းရတဲ့ အဖွဲ့အစည်းဖြစ်လာပါတယ်)။ မာရေကျောရေစရိုက်ရှိသလို တစ်ဖက်မှာလည်း ထူထဲတဲ့မျက်မှန်နဲ့လိုက်အောင် ဖတ်ရှုလေ့လာမှုအားကောင်းပြီး မှတ်လည်းမှတ်မိတဲ့သူမှန်း ထူးထူးခြားခြား သတိထားမိပါတယ်။ မာရေကျောရေစရိုက်ရှိပေမယ့် ရှေ့တစ်မျိုးနောက်တစ်မျိုး မလုပ်တတ်တဲ့သူ၊ အားမနာတတ်တဲ့သူ၊ တော်တော့်ကိုဖြောင့်ဖြောင့်၊ ဒိုးဒိုးဒေါက်ဒေါက် (အခြေအနေအချိန်အခါကိုတောင် မငဲ့ကွက်ဘဲ ) ပြောတတ်လုပ်တတ်တဲ့ သူပါ။ အဓိကဆိုလိုချင်တာက ၈၈မှာပါဝင်ခဲ့တဲ့ သူ့ရဲ့အားကောင်းတဲ့ ဇာတ်ကောင်စရိုက်ပါ။ ၈၈အရေးတော်ပုံမှာ သူ့ရဲ့ အားကောင်းတဲ့ ဇာတ်ကောင်စရိုက်ကိုပြောရင် သေချာတာကတော့ အဲသည်တုန်းက လုပ်ခဲ့တဲ့ အရေးပါတဲ့ အစည်းအဝေးတွေမှာ မှန်ကြီးပါတဲ့အစည်းအဝေးနဲ့ မပါတဲ့အစည်းအဝေး ရလဒ်မတူပါ။ ဒါကိုက သေချာတဲ့ ကိုလှမျိုးနောင်ရဲ့အားကောင်းချက်ပါ။

နှစ်နှစ်ဆယ်ကျော်ကြာလာတော့ အတိတ်ကို ပြန်အမှတ်ထင်ခဲ့တဲ့ ကျွန်တော့်အမြင်တွေက နည်းနည်း သွေးအေးလို့ ရလာပါတယ်။ တကယ်တမ်းတော့ ၈၈ သမိုင်းကြောင်းရဲ့ အစောဆုံးအားယူခဲ့ရတဲ့ ကာလတွေမှာ အင်မတန် ပြင်းပြင်းထန်ထန်နဲ့ မတူတဲ့ဇာတ်ကောင်စုံတွေက တော်တော့်ကို လိုအပ်ခဲ့တယ် ပြောရပါလိမ့်မယ်။ စကားပြောညင်သာတဲ့၊ လူယဉ်ကျေးဆန်တဲ့၊ ပညာတတ်ဆန်တဲ့ သူတွေများစွာ ရှိခဲ့သလို၊ အင်မတန် ပြင်းထန်တဲ့ဇာတ်ကောင်စရိုက်တွေနဲ့ အရေးတော်ပုံကို ရုပ်လုံးကြွအောင်၊ ရသစုံအောင် ဖန်တီးပေးနိုင်ခဲ့တဲ့ ဇာတ်ကောင်တွေလည်း ရှိခဲ့ပါတယ်။ သည်ထဲမှာတော့ လှမျိုးနောင်ခေါ် မှန်ကြီး၊ ချစ်ခင်သူတွေက နောင်ကြီးလို့ခေါ်တဲ့ သူ့ရဲ့စရိုက်ဟာ ၈၈အကြောင်းပြန်ပြောရင် မဖြစ်မနေပါနေမယ့် အားကောင်းလှတဲ့ ဇာတ်ကောင်ပါ။ သူစွမ်းဆောင်နိုင်ခဲ့တဲ့ အရေးတော်ပုံဇာတ်ကြောင်းတွေကလည်း ၈၈အတွက် အရေးပါခဲ့ပါတယ်။

လူချင်း အလွန်ချစ်ခင်တွယ်တာခဲ့သူမဟုတ်ပေမဲ့ မှန်ကြီးမရှိတော့တဲ့အခါ ထူးဆန်းတဲ့ခံစားချက်တချို့ ဖြစ်ရပါတယ်။ သံဝေဂတရားလို့တော့ တချို့ ဆိုနိုင်ကောင်းပါတယ်။ နှစ်နှစ်ဆယ်ကျော်ကြာ အရေးတော်ပုံသက်တမ်းတစ်လျှောက်မှာ ကျွန်တော်တို့ရဲ့ သူရဲကောင်းဆန်မှု၊ သူရဲဘောကြောင်မှု၊ ကျွန်တော်တို့ရဲ့ မြင့်မြတ်မှုနဲ့ အားနည်းချက်တွေ၊ ကျွန်တော်တို့ရဲ့ ထူးချွန်ပြောင်မြောက်မှုနဲ့ အမှားအယွင်းတွေ၊ အဲသည်လို ဇာတ်လမ်းဇာတ်ကွက်အထွေထွေမှာ ကျွန်တော်တို့ ၈၈ရဲဘော်ရဲဘက်ချင်းထားတဲ့ အပြန်လှန်ယုံကြည်ကိုးစားမှုနဲ့ ထူးဆန်းတဲ့ချည်နှောင်မှုပါပဲ။ အယူအဆနဲ့ သဘောတရားအရ မကြာခဏ ရန်ဘက်သဘောဖြစ်သည့်တိုင်အောင် ကျွန်တော်တို့ချင်းထားတဲ့ ယုံကြည်အားကိုးမှုဟာ နှစ်နှစ်ဆယ်ကျော်ကြာ အခုပြန်စဉ်းစားတဲ့အခါ အင်မတန်မှ ထူးဆန်းပါတယ်။ အရေးတော်ပုံအပေါ် ဘဝလုံးပုံထားခဲ့တဲ့ ကျွန်တော်တို့စိတ်ဝိညာဉ်ချင်း သိပ်သိပ်သည်းသည်းချည်နှောင်ခဲ့ကြခြင်းဟာ အံ့သြစရာပါ။ တော်လှန်ရေးသရုပ်ခွဲသူတွေက mob Psychology လို့ ဆိုကောင်းဆိုပါလိမ့်မယ်။ အမြင်သဘောထားမတူတာ မကြာခဏဖြစ်ဖူးခဲ့တဲ့ ကိုလှမျိုးနောင် လူ့ဘဝထဲမရှိတော့တဲ့အခါ ဆုံးရှုံးမှုက ကျွန်တော်တို့အတွက်တော့ အစားထိုးဖို့ မဖြစ်နိုင်တော့ပါ။

အာဏာသိမ်းကြေညာတဲ့ ညလိုမျိုး၊ အဖမ်းခံရ နှစ်ရှည်ထောင်ကျပြီး တော်လှန်ရေးအတွက် ဘာမှ ထူးထူးခြားခြားမဆောင်ရွက်နိုင်တော့တဲ့ အခြေအနေမျိုး၊ အလားတူ အဆုံးရှုံးအခြေအနေတွေထဲ ကိုယ်တိုင်ကျရောက်နေ၊ ကိုယ်တိုင်မလှုပ်နိုင်တဲ့အခြေအနေမျိုးမှာတောင်မှ၊ ကျွန်တော်တို့တစ်တွေ အရေးတော်ပုံအပေါ်ယုံကြည်ချက် ဘာလို့ကင်းမဲ့မနေခဲ့သလဲ၊ အနာဂတ် ဘာလို့မပျောက်နေခဲ့သလဲ၊ ရွေပြည်တော်မျှော်မှန်းချက်တွေ ဘာကြောင့် မဝေဝါးခဲ့ပါသလဲ။ သေချာတာက ကျွန်တော်တို့အားလုံး တစ်ဦးတည်းမဟုတ်ခဲ့ကြပါ။ တော်လှန်ရေးမျက်နှာစာမှာ ၈၈အရေးတော်ပုံမှာ စပါဝင်ခဲ့ကတည်းက ကျွန်တော်တို့အားလုံး တစ်ဦးတည်းမဖြစ်ခဲ့ကြ၊ မခံစားခဲ့ကြရတော့ပါ။ ရန်ဖြစ်နိုင်တယ်၊ ငြင်းခုံနိုင်၊ ကွဲလွဲနိုင်၊ ပေါင်းလုပ်နိုင်ခဲ့ကြတယ်။ မတူသည့်တိုင်အောင်မှ အင်မတန်ပြင်းထန်အားကောင်းတဲ့၊ ကျွန်တော်တို့နည်းတူ ရဲဘော်ရဲဘက်၊ သူငယ်ချင်းများစွာ ရှိခဲ့ကြပါတယ်။ ပိုကံကောင်းတဲ့အချက်က အဲသည်သူငယ်ချင်းတွေဟာ တော်လှန်ရေးအကြောင်းမစဉ်းစားဘဲ ဘယ်တော့မှ မေ့ပျောက်နေမယ့်သူတွေ၊ ကျောခိုင်းသွားမယ့်သူတွေ မဟုတ်ဘူးလို့ ကျွန်တော်တို့ချင်း ယုံနိုင်ခဲ့ကြတာပါ။

တော်တော်ပိန်းတဲ့…ဥပမာတစ်ခုပေါ့လေ…။ ကျွန်တော်တို့ကိုယ်တိုင် ထောင်ထဲရောက်၊ အပြင်းအထန်အနှိပ်စက်ခံနေရ၊ ဘာမှမတုံ့ပြန်နိုင်ခဲ့ချိန်တွေ။ အောင်ပွဲကို မဆောင်ကြဉ်းနိုင်ရင်တောင်မှ၊ အပြင်မှာရှိတဲ့ငါ့သူငယ်ချင်းတွေက ငြိမ်ခံနေကြမှာမဟုတ်ဘူး၊ ငါမသိတောင် တစ်ခုခုလုပ်နေကြမှာပဲဆိုတဲ့အသိနဲ့ ကျွန်တော်တို့ရင်ဆိုင်ရတဲ့ အုတ်နံရံကို ခေါင်းနဲ့တိုက်နိုင်ခဲ့ကြတာပါ။ ဒါကို ပြန်စဉ်းစားရင် ကျွန်တော်တို့အားလုံး ကံကောင်းကြပါတယ်။ နောင် ထောင်က တကယ်ထွက်လာတဲ့အခါ၊ ကံဆိုးတဲ့ အလှည့်အပြောင်းတစ်ခုက ကျော်လာတဲ့အခါမှာလည်း ကွဲကွာစဉ်ကအဖြစ်အပျက်တွေ အပြန်လှန်ပြန်သိလာတော့ ဒါဟာ ပိုသေချာလာခဲ့ပါတယ်။ ကျွန်တော်တို့သူငယ်ချင်းတွေ၊ ရဲဘော်ရဲဘက်တွေဟာ တကယ်ကိုလည်း တစ်ခုခုလုပ်နေခဲ့ကြပါတယ်။ သေချာတာက အဲသည်လိုယုံစားနိုင်တဲ့၊ အပြန်အလှန်အားကိုးနိုင်တဲ့ ၈၈မျိုးဆက်ရဲ့သူငယ်ချင်းတွေထဲမှာ လှမျိုးနောင် ခေါ် မှန်ကြီးတစ်ယောက် အသေအချာပါခဲ့တာပဲ။ အရေးတော်ပုံအကြောင်း၊ တော်လှန်ရေးအကြောင်း၊ တိုင်းပြည်အကြောင်း တစ်ရက်မှမစဉ်းစားမိတဲ့ရက် မရှိဖူးဆိုတဲ့အထဲမှာ သူပါတယ်။ မနည်းလှတဲ့ ကျွန်တော်တို့သူငယ်ချင်းတွေပါတယ်။ မထူးဆန်းပါဘူး။ ကျွန်တော်တို့တွေရဲ့ ဘဝကိုက ၈၈ဖြစ်ခဲ့ကြလို့ပါ။ မယုံနိုင်စရာ ကံဆိုးခဲ့ဖူးကြပေမဲ့ ကျွန်တော်တို့တွေအားလုံး တူညီစွာကံကောင်းခဲ့ခြင်းက သည်အချက်မှာတော့ တစ်ယောက်ကိုတစ်ယောက် အပြန်အလှန်ယုံနိုင်ခဲ့ကြတာဖြစ်ပါတယ်။

ဟုတ်ပြီ။ အခု မှန်ကြီးမရှိတော့ဘူး။ မာရေကျောရေတစ်ယောက် မရှိတော့ဘူး။ ရန်ဖြစ်ဖော်တစ်ယောက် မရှိတော့ဘူး။ ကျွန်တော်ဘာဆုံးရှုံးသလဲ။ ခပ်တုံးတုံးပြောရရင် ရန်ဖြစ်လို့ရတဲ့သူတစ်ယောက် မရှိတော့ဘူး။ သေသေချာချာပြောရရင် အကြိမ်ကြိမ်ရန်ဖြစ်ပြီးလည်း ပြန်ခေါ်လို့ရတဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက် မရှိတော့ဘူး။ ၈၈ အရေးတော်ပုံတွေရဲ့အစည်းအဝေးလို့ ပြောတဲ့အထဲမှာ မပါမဖြစ် မာရေကျောရေအသံတစ်သံ မရှိတော့ဘူး။ ကျွန်တော်တို့သိခဲ့တဲ့ ၈၈သမိုင်းဟာ အင်္ဂါချို့ယွင်းလာတယ်။ ဇာတ်ကောင်စရိုက်ပျော့လာတယ်။ ဇာတ်ခေါင်းကွဲတယ် မပြောနိုင်တောင် အနှစ်နှစ်ဆယ်ကျော် မနိုင်သေးတဲ့အရေးတော်ပုံဟာ အင်္ဂါမစုံတော့ဘူး။ မှန်ကြီးမရှိတော့ဘူး၊ ကြီးသန်းမရှိတော့ဘူး၊ ပုသိမ်စိုးနိုင်မရှိတော့ဘူး၊ ရွှေဘုန်းလူမရှိတော့ဘူး၊ ဦးဝင်းတင်မရှိတော့ဘူး။ ဦးသော်ကမရှိတော့ဘူး၊ မင်းသိင်္ခမရှိတော့ဘူး။ …မရှိတော့ဘူး။ ….လည်း မရှိတော့ဘူး။ နောက်….မရှိတော့ဘူး။ အခု ရှိနေသေးတာတွေလည်း နောက်ဆို..မရှိတော့ဘူး။ ၈၈အရေးတော်ပုံကိုက ဘဝဖြစ်ခဲ့တဲ့ …ဖြစ်နေခဲ့ ဖြစ်နေဆဲ..ကျွန်တော်တို့ဘဝထဲမှာ….သူတို့နဲ့မှ ၈၈ဖြစ်ခဲ့တဲ့သူတို့ မရှိတော့ဘူး။ ကျွန်တော်တို့ရဲ့ဘဝတွေ တဖြည်းဖြည်း ပဲ့ထွက်နေတယ်။ တဖြည်းဖြည်းသေနေကြတယ်။ ကျွန်တော်တို့ရဲ့အားကောင်းခဲ့တဲ့ …၈၈တွေ တတိတိ သေနေကြတယ်။ မာရေကျောရေကောင်တွေ သေနေကြတယ်။ မပျော့ပျောင်းလှသူတွေ သေနေကြတယ်။ ကျောက်တောင်ကြီးပြိုသလို လောကဓံတရားမဟုတ်ဘဲ၊ မျောနေတဲ့ ရေခဲတောင်ကြီးက ပဲ့ထွက်နေသလို လောကဓံတရားဖြစ်လာပြီး၊ ပဲ့ကြွေမှုဟာ မြန်လာ၊ လောကဓံတရားဟာ မာလာတယ်။ တစစ သေနေကြတယ်။ အဲဒါ ကျွန်တော်မသေဘူးပြောမလို့လား။ ခင်ဗျားမသေဘူးပြောမလား။ ကျွန်တော်တို့တွေ သေနေကြတာ မဟုတ်ဘူးလား။ မီးလောင်နေတဲ့ ပန်းခင်းကြီးထဲမှာ ပန်းတွေဆီက မီးလျှံတွေ၊ လှမျိုးနောင်ပန်းပွင့်ဟာ တောက်လောင်ဆဲ။ ပန်းခင်းကြီးထဲလည်း မီးလျှံတွေ ယစ်မူးဖွယ်ပဲ။

မှန်ကြီးသေတာ ဆင်းရဲမှုကြောင့်လို့ ပြောတယ်။ ထောင်ထဲကဒဏ်တွေကြောင့်လို့ ပြောတယ်။ အဆုတ်နာလို့ ပြောတယ်။ အရက်ကြောင့်လို့ ပြောတယ်။ တကယ်က အရှုံးဟာ သူ့ကိုသတ်တယ်။ မနိုင်သေးတဲ့တော်လှန်ရေးဟာ သူ့ကိုယ်ထဲမှာ တတိတိဆွေးနေတဲ့ အနာ။ မနိုင်သေးတဲ့တော်လှန်ရေးက သူ့မျက်လုံးကို အရင်ထိုးဖောက်တယ်။ နောက်ဆုံး သူ့အသည်းကို ခွဲတယ်။ နောက်ထပ်လည်း အသည်းတော်တော်များများကို ဆက်ခွဲပါလိမ့်ဦးမယ်။ ရှုံးနိမ့်မှုဟာ အကျည်းတန်တယ်။ မှန်ကြီးသေသွားတာ မလှဘူး။ ရန်သူနဲ့ မိတ်ဆွေတွေကြားမှာ လောကဓံတရားဟာ အတူတူပဲလို့ ခင်ဗျားတို့ ထင်သလား။ ချောင်းဆိုးရင် လေယာဉ်စင်းလုံးနဲ့ နေ့ချင်း စင်ကာပူသွားကုနိုင်တဲ့ အာဏာရှိတဲ့ရန်သူနဲ့၊ သေခါနီး ဆေးရုံတက်ဖို့ မိသားစုကို ညနေစာမထားခဲ့နိုင်တဲ့ ချစ်သူတွေကြားထဲမှာ လောကဓံတရားဟာ အထူအပါးကွာတယ်။

အခု လှမျိုးနောင်သေပြီ။ ၈၈ရဲ့မာရေကျောရေကောင်သေပြီ။ နောက်လှမျိုးနောင်တွေ ထပ်သေမယ်။ နောက် ၈၈တွေ အထွေးလိုက်သေမယ့်ရက်တွေ ဆက်ဆက်ရောက်လာမယ်။ သူရဲကောင်းဆန်စွာကျဆုံးခဲ့သည်ဆိုတာ စာအုပ်ထဲဖတ်ကောင်းတယ်။ တကယ့်လက်တွေ့မှာက အရှုံးဟာ သူရဲကောင်းဘယ်လိုမှ ဆန်ခွင့်မရဘူး။ ရှုံးနိမ့်နေတာက သိက္ခာရှိခွင့်၊ ဣန္ဒြေရှိခွင့်မရဘူး။ အကျည်းတန်လှတယ်။ ဂူဗိမာန်နဲ့ မသေရရင်တောင် အနိုင်နဲ့သေရတာ ကျက်သရေရှိတယ်။ ကျဆုံးကြကြေးဆိုရင် ရန်သူတွေ သူရဲကောင်းဆန်စွာကျဆုံးကြပါစေလေ။ သေချာတာ မသေခင် ကျွန်တော်တို့တွေမှာ ကျေနပ်မှုတစ်ခုကို ရခဲ့သင့်တယ်။ ကျက်သရေရှိစွာ ဘဝကို ပြန်ကြည့်နိုင်ခွင့် ရသင့်တယ်။

ပြောရရင် ၈၈ဟာ ကျွန်တော်တို့ရဲ့သာမန်ဘဝတွေကို ပြောင်မြောက်စေခဲ့တယ်၊ သူရဲကောင်းဆန်စေခဲ့တယ်။ အဲသည်လိုပဲ လူသာမန်တွေမကြုံဖူးတဲ့ အတိဒုက္ခတွေနဲ့ကြုံစေခဲ့တယ်။ လောကဓံတရားရှစ်ပါးလုံးကို အတုံးလိုက်အတစ်လိုက် တစ်ချိန်ထဲကြုံစေခဲ့တယ်။ ကိုယ်တိုင်လည်း စဉ်းစားမိပါတယ်။ ကျွန်တော်တို့ အဟာရိပတ္တိတရားနည်းပါးခဲ့ကြသလား၊ လောကဓံတရားကို လူခွဲပြီး တစ်ယောက်ချင်းရင်ဆိုင်နေခဲ့ကြသလား။ တကယ်တော့ အဆုံးအရှုံးဟာ အကျည်းတန်လွန်းလှပါတယ်။ ကျွန်တော်ပြောချင်ပါတယ်။ ၈၈တွေ မြွေပါးကင်းပါးရှောင်ပါ၊ ရေမကူးပါနဲ့။ လမ်းလျှောက်ရင် ဓာတ်ကြိုးမော့ကြည့်ပါ။ မတည့်တာမစားပါနဲ့။ သောက်တာလျှော့ပါ။ ပျော်အောင်နေပါ။ ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်ခြင်းအားဖြင့် အမျိုးကိုစောင့်ပါ။ ၈၈ကို စောင့်ရှောက်ပါ။ အရေးတော်ပုံကို စောင့်ရှောက်ပါ။ ကျွန်တော်တို့သေတာ ကျွန်တော်တို့သေရုံမျှမကပါဘူးး။ ဆက်မသေကြပါနဲ့။ မကဒတွေ ဆက်မသေပါနဲ့၊ မကသတွေ အသေမစောပါနဲ့။ လူ့ဘောင်သစ်တွေ မသေပါနဲ့၊ တပ်ဦးတွေ မသေကြပါနဲ့ဦး၊ အရေးတော်ပုံမပြီးခင်သေရင် မလှဘူး။ ပျော်စရာမကောင်းဘူး။ ၈၈တွေ အသက်ရှည်ပါစေ။

***

နိုင်မင်းမျိုး

Show More

Related Articles

Back to top button