
ရန်ကုန် – ဖားကန့်မြို့နယ် လုံးခင်းအုပ်စု ကျောက်စိမ်းလုပ်ကွက်အတွင်း ဇူလိုင် ၁၄ရက်က အနည်းဆုံး လူ၁၈ဦးသေဆုံးပြီး ၄၂ဦး ဒဏ်ရာရခဲ့သော မြေပြိုကျခဲ့သည့် နေရာတွင် ထပ်မံ မြေပြိုနိုင်သည့် အလားအလာများကြောင့် ယနေ့ (ဇူလိုင် ၁၆ ရက်)တွင်ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းထားလိုက်ကြောင်း ဒေသအာဏာပိုင်များကပြောသည်။
ပျောက်ဆုံးသူများအား မြေပြိုကျမှုကြောင့် ဖြစ်ပေါ်လာသော နုန်းကန်ကြီးအတွင်း ရှာဖွေရမည်ဖြစ်ပြီး အလွန်အန္တရာယ်များသည့်အခြေအနေတွင် ရှိကြောင်း၊ နုန်းကန်၏ အခြားတစ်ဖက်သည်လည်း ထပ်မံ ပြိုကျနိုင်သည့် အခြေအနေကြောင့် ရှာဖွေရေးလုပ်ငန်းများကို ရပ်ဆိုင်းထားကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
“ အခြေအနေက ကယ်ဆယ်မယ့်သူတွေကိုတောင် ပြန်ကယ်ရမယ့်အခြေအနေ ဖြစ်သွားနိုင်တယ်” ဟု သူက ပြောသည်။
ပျောက်ဆုံးနေသူများထဲမှ ယနေ့ (ဇူလိုင် ၁၆ ရက်) နေ့လယ်တွင် အမျိုးသားအလောင်းတစ်လောင်းကို ရှာဖွေတွေ့ရှိခဲ့ပြီး အလောင်းကို လုံးခင်းမြို့နယ်ဆေးရုံသို့ ပို့ဆောင်သွားမည်ဖြစ်ကြောင်း အဆိုပါနေရာနှင့် အနီးဆုံးကျေးရွာဖြစ်သည့် ဆန်ခါကျေးရွာမှ အုပ်ချုပ်ရေးမှူး ဦးဇော်နမ်က ပြောသည်။
“ နွံထဲကနေပေါ်လာတာ ပြိုတဲ့နေရာကမဟုတ်ဘူး၊ ပြိုတဲ့နေရာကို မသွားရဲဘူး” ဟု သူက ပြောသည်။
ရှာဖွေးရေးလုပ်ငန်းများ ရပ်ဆိုင်းထားရသော်လည်း လူမှုကူညီရေးအဖွဲ့များ ကြက်ခြေနီများ၊ ထွေအုပ်နှင့် ရဲတပ်ဖွဲ့ဝင်များ တာဝန်ရှိသူများက ဖြစ်ပွားသည့်နေရာအနီးတွင် အသင့် စောင့် ဆိုင်းနေကြောင်း မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသန်းဝင်းအောင်က ပြောသည်။
“ဖြစ်တဲ့နေရာက ရွှံ့နွံမြေတွေ ဖြစ်တယ်၊ နောက်ထပ် ပြိုကျနိုင်တဲ့အန္တရာယ် ရှိတဲ့အတွက်ကြောင့် ပိုပြီးအခြေအနေ ဆိုးသွားမှာစိုးလို့ စောင့်ကြည့်နေတာပါ” ဟု ရဲမှူး ဦးသန်းဝင်းအောင်က ပြောသည်။
ရဲတပ်ဖွဲ့၏စာရင်းများအရ လူပျောက်ဆုံးကြောင်း တိုင်ကြားထားသူ ၃ ဦးရှိကြောင်း ဖားကန့်မြို့နယ်ရဲတပ်ဖွဲ့မှ ရဲမှူး ဦးသန်းဝင်းအောင်က ပြောကြားထားသော်လည်း ရေမဆေးလုပ်သား တချို့ကတော့ သေဆုံးသူ ရာဂဏန်းရှိနိုင်ကြောင်း ခန့်မှန်းပြောဆိုကြသည်။
“ သေတဲ့သူက အနည်းဆုံး ၆၀ နဲ့အထက် ရှိနိုင်တယ် အဲဒီနေရာမှာ ရှာနေတဲ့သူတွေက နည်းတာမှ မဟုတ်တာ” ဟု ရေမဆေးသမားတစ်ဦးဖြစ်သည့် ကိုမောင်ထွေးက ပြောသည်။
မြို့နယ်အထွေထွေအုပ်ချုပ်ရေးအဖွဲ့မှ သေဆုံးသူများကို တစ်ဦးလျှင် ထောက်ပံ့ငွေ သုံးသိန်းကျပ်နှင့် ဒဏ်ရာရသူများကို တစ်ဦးလျှင် တစ်သိန်းကျပ် ထောက်ပံ့ပေးနေကြောင်း သိရသည်။
အခင်းဖြစ်ပွားရာ ကျောက်စိမ်းလုပ်ကွက်သည် မဟာကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ၏ လုပ်ကွက်အတွင်းဖြစ်ပြီး ကုမ္ပဏီက မိုးတွင်းကာလဖြစ်သောကြောင့် ကျောက်တူးဖော်ခြင်း လုပ်ငန်းများ ရပ်ဆိုင်းထားကြောင်း သိရသည်။
မြေပြိုမှု စတင်ဖြစ်ပွားပြီးသည်နှင့် ဖားကန့်မြို့နယ် မြို့ပေါ်ရပ်ကွက် ၅ ခုနှင့် ကျေးရွာအုပ်စု ၃ အုပ်စုမှ ရေမဆေးသမားများကို လူပျောက်ပါက တိုင်ကြားရန် အကြောင်းကြားထားသော် လည်း ယနေ့အထိ တိုင်ကြားထားသူ ၅ ဦးသာရှိကြောင်း ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးကျော်စွာအောင်က ပြောသည်။
ဒဏ်ရာရသူ ၃၉ ဦး ကျန်ရှိနေပြီး မြစ်ကြီးနားဆေးရုံတွင် ၂၁ ဦး လုံးခင်းဆေးရုံတွင် ၅ ဦးနှင့် ဖားကန့်ဆေးရုံတွင် ၉ ဦးတို့ဖြစ်ပြီး ဒဏ်ရာရသူ ၃ ဦးမှာ သက်သာနေပြီဖြစ်ကြောင်း သိရသည်။
ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဌာန၏ စာရင်းများအရ ၂၀၁၈ ခုနှစ်အတွင်း မြေစာပုံပြိုမှု၊ ကမ်းပါးပြိုမှု နှင့် မြေပြိုမှုများကြောင့် သေဆုံးသူ ၅၀ ကျော်ခန့်ရှိသွားပြီဟု သိရသည်။