
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယနေ့ (ဒီဇင်ဘာ ၂၂) နံနက်အစောပိုင်းက ကျောက်စိမ်းလုပ်ကွက်များရှိရာအနီး မြေစာပုံပြိုကျသဖြင့် ရေမဆေးကျောက်ရှာဖွေနေသူ ၁၀၀ ခန့် ပျောက်ဆုံးနေပြီး အမျိုးသားရုပ်အလောင်း တစ်လောင်း ရှာဖွေတွေ့ရှိခဲ့ကြောင်း အကူအညီပေးနေသူများနှင့် ဒေသခံအချို့ထံမှ သိရသည်။
ဖားကန့်မြို့နယ် မှောစီစာ၊ သာယာကုန်းရွာနှင့် အောင်သာယာရပ်ကွက် (၂) ကြားရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျခြင်းဖြစ်ကာ ရေမဆေးကျောက်ရှာဖွေသူ ၈၀ မှ ၁၀၀ ကြား ပျောက်ဆုံးနေပြီး မွန်းတည့် ၁၂ နာရီဝန်းကျင်၌ အမျိုးသားအလောင်းတစ်လောင်း တွေ့ခဲ့ပြီး အများစုမှာ သေဆုံးနိုင်ခြေများသည်ဟု ဒေသခံများက ခန့်မှန်းသည်။
မြေစာပုံပြိုကျရာနေရာသို့ ဖားကန့်မြို့နယ်ရှိ လူမှုကူညီရေးအသင်းများက ယနေ့ နံနက်အစောပိုင်းမှစ၍ ရှာဖွေကယ်ဆယ်ရေးလုပ်ဆောင်နေပြီး နံနက် ၁၁ နာရီခန့်အထိ ရှာတွေ့သူမရှိသေးကြောင်း သင်္ဂဟလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးမင်းနိုင်က Myanmar Now ကို ပြောသည်။
“လောလောဆယ်ကတော့ အလောင်းက မတွေ့ဘူးဗျ။ မတွေ့ဘူးဆိုတာက ပြိုကျသွားတဲ့ဟာတွေက ပိရင်လည်း ပိသွားနိုင်တာပေါ့ဗျာ။ ပေါ်လည်း လေးငါးရက်၊ တစ်ပတ်လောက်နေမှ ပေါ်တာ” ဟု ၎င်းက ပြောသည်။
ပြိုကျမှုဖြစ်ပွားသည့်ဧရိယာမှာ ပေ ၃၀၀ ခန့်ရှိပြီး၊ မြေစာပုံ၏ အခြေတွင် ရေကန်ရှိသည့်အတွက် စိမ့်ဝင်ကာ ပြိုကျသည့်သဘောဖြစ်ကြောင်း ဦးမင်းနိုင်က ယူဆသည်။
မြေစာပုံပြိုကျမှုအတွင်း အနီးအနားတွင် ရောင်းချနေသည့် ဈေးဆိုင်အချို့လည်း ပါဝင်သွားပြီး ဈေးရောင်းသူများ ပါမပါ အတည်မပြုနိုင်သေးကြောင်း ဒေသခံ ကျောက်စိမ်းရောင်းဝယ်သူတစ်ဦးက ပြောသည်။
“စွန့်ပစ်ထားတဲ့ မြေစာပုံက သိပ်တော့ မမြင့်ဘူးဗျ။ အောက်က ရေကန်ရှိတော့ ရေကြောင့် လျှောကျသွားတာပေါ့၊ အောက်ကလည်း ရွှံ့မျှောတိုက်နဲ့ ဘာနဲ့ဆိုတော့ ဆက်လျက်ပါသွားတာပေါ့” ဟု ၎င်းက ရှင်းပြသည်။
မြေပြိုမှုဖြစ်ပွားသည့်နေရာသို့ လူမှုကူညီရေးအသင်းများနှင့် ဒေသခံများ ကူညီရန် ရောက်ရှိနေသော်လည်း စစ်ကောင်စီခန့် ဒေသအာဏာပိုင်များ လာရောက်ခြင်းမရှိဟု မြေပြိုမှုဖြစ်ပွားသည့်နေရာတွင် ရောက်ရှိနေသည့် အထက်ပါ ကျောက်စိမ်းရောင်းဝယ်သူအမျိုးသားက ပြောသည်။
ယနေ့ မွန်းတည့်ချိန်အထိ လူမှုကူညီရေးအသင်းများ၊ နာရေးအသင်းများနှင့် ဒေသခံများက ရှာဖွေမှုများ ဆက်လုပ်နေဆဲဖြစ်သည်။
စစ်တပ်က အာဏာသိမ်းပြီးနောက် ကချင်ပြည်နယ်အတွင်း စစ်ကောင်စီတပ်နှင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ တိုက်ပွဲများဖြစ်ပွားခဲ့ရာဒေသများတွင် ဖားကန့်မြို့နယ်လည်း ပါဝင်ခဲ့သည်။
ဒီဇင်ဘာ ၁၉ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ် ဆိပ်မူကျေးရွာအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့သည်။
သယံဇာတကျိန်စာသင့်နေသည်ဟု တင်စားပြောဆိုကြသည့် ကျောက်စိမ်းနယ်မြေ ဖားကန့်တွင် ယမန်နှစ် ဇူလိုင်လအတွင်း မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး ၁၇၂ ဦး သေဆုံးခဲ့ရပြီး ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။
ကျောက်မျက်လုပ်ငန်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားပြီး အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နှက်နေကြောင်း ကမ္ဘာတစ်ဝန်း သယံဇာတတူးဖော်မှုလုပ်ငန်းများ စောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness အဖွဲ့က ဒီဇင်ဘာ ၁၅ တွင် ထုတ်ပြန်သည်။
စစ်တပ်၏ ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့်ပြင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက်ပြုစေသော မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာကုမ္ပဏီများက အရောင်းအဝယ်ရပ်တန့်ရန်လည်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့က တောင်းဆိုထားသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)