သတင်း

ဖားကန့် ကမ်းပါးပြိုမှုတွင် အလောင်း ၂၅ လောင်း ပြန်ရှာတွေ့

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ဩဂုတ် ၁၃ ရက်က မြေကမ်းပါးပြိုကျမှုကြောင့် ထိခိုက် ပျောက်ဆုံးသွားသူများကို ရှာဖွေကယ်ဆယ်ရေး ဆက်လုပ်နေရာ ရုပ်အလောင်း ၂၅ လောင်း ပြန်ရှာတွေ့ထားသည်ဟု လူမှုကူညီရေးအသင်းများက ယနေ့ (သြဂုတ် ၁၅) ညနေပိုင်းတွင် ပြောသည်။

ဖားကန့်မြို့ မနကျေးရွာအနီးရှိ ကျောက်စိမ်းတူးဖော်ရာမှ ဖြစ်ပေါ်လာသည့် ပေရာနှင့်ချီ ကျယ်ဝန်းသော ရေကန်ကြီးတွင် ကမ်းပါးပြိုကျခဲ့ပြီး ကမ်းစပ်တွင် ရေမဆေးကျောက်ရှာဖွေနေသူ ၃၀ ကျော် သေဆုံးကာ ၈ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု လူမှုရေးအသင်းအချို့က ပြောသည်။

ယနေ့နံနက် ၇ နာရီခန့်မှ စတင်ပြီး ရုပ်အလောင်းအချို့ ရေကန်အတွင်း ပြန်လည်ပေါ်လာခဲ့သည်။ လူမှုရေးအသင်းများက ရှာဖွေ၊ ဆယ်ယူမှုများ ပြုလုပ်ခဲ့ရာ စုစုပေါင်း ၂၅ လောင်းကို ပြန်လည် ရှာဖွေနိုင်ခဲ့ပြီး ရှာဖွေမှုများ ဆက်လက်လုပ်ဆောင်နေသည်ဟု နှလုံးလှလူမှုရေးအသင်းမှ အဖွဲ့ဝင် အမျိုးသားက ပြောသည်။

“ဆယ်တာကတော့ လှေနဲ့ ကြိုးနဲ့ ဆွဲဆွဲခေါ်ပြီးတော့ ဆယ်တင်ထားတာ၊ (အလောင်း) တချို့ကျတော့ ပိုင်ရှင်ပေါ်တယ်၊ ပိုင်ရှင်တွေပေါ်တာတွေကတော့ သူတို့ဟာသူတို့ သယ်သွားကြတယ်၊ ပိုင်ရှင်မပေါ်သေးတဲ့ဟာတွေကျတော့ ဒီနားမှာပဲ ထားထားတယ်” ဟု အဆိုပါ အမျိုးသားက ပြောသည်။

ပိုင်ရှင်ပေါ်သည့် အလောင်း ၇ လောင်းခန့်ရှိပြီး၊ ပိုင်ရှင်မပေါ် အမည်မသိသူတို့၏ ရုပ်အလောင်းများနှင့် ပတ်သက်ပြီး မည်သို့ ဆက်လက်စီစဉ်မည်ကို မသိရသေးကြောင်း ၎င်းက ပြောသည်။

အလောင်းဆယ်ယူရေးလုပ်ငန်းကို ဆက်လက်လုပ်ဆောင်နေဆဲဖြစ်ပြီး ဖားကန့်မြို့ရှိ လူမှုကူညီရေးနှင့် နာရေးကူညီရေးအသင်းအားလုံးနီးပါး လာရောက်ကူညီပေးနေသည်ဟု ဒေသခံအချို့က ပြောသည်။

မိုးရာသီရောက်တိုင်း ဖားကန့်တွင် ကမ်းပါးပြိုကျမှု၊ မြေစာပုံပြိုကျမှုတို့ကြောင့် လူအစုလိုက်အပြုံလိုက်သေဆုံးမှု မကြာခဏ ဖြစ်ပွားလေ့ရှိသည်။

စက်ယန္တရားကြီးများဖြင့် မဆင်မခြင် တူးဖေါ်ခြင်း၊ တောင်များကို ဖြိုဖျက်ရာမှ ပေါ်ပေါက်လာသည့် မြေစာပုံများကို စည်းကမ်းမဲ့ စွန့်ပစ်ခြင်းတို့ကြောင့် ဖားကန့်တွင် ကျော်ကြားခဲ့သည့် ဥရုချောင်းသည်ပင်လျှင် တိမ်ကောပျက်စီးနေသည်။

ဖားကန့်သည် မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ပဋိပက္ခများ အပါအဝင် လူမှုဒုက္ခမျိုးစုံရှိနေပြီး အန္တရာယ်များလှသည့် ထိုဒေသတွင် ကျောက်စိမ်းရှာရန် မြန်မာနိုင်ငံတစ်ဝန်းမှ လူများစွာရောက်နေပြီး ကျောက်ရှာဖွေသည့်နေရာအဖြစ် လူသိများသည်။

၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုများ ပေါ်ပေါက်လာရာ ဖားကန့်မြို့နယ်သည်လည်း အပါအဝင်ဖြစ်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်နေသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button