သတင်း

ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းရှိ အရေးပါသည့် စခန်း ၃ ခုကို KIA သိမ်းပိုက်

“တစ်နေ့လုံးနီးပါးတိုက်တာ၊ လေယာဉ်လည်းလာတယ်၊ လေးငါးကြိမ်လောက်ကြဲတယ်၊ ညနေမိုးချုပ်ခါနီးမှ ဝေလုံကို စရတာ၊ ပြီးတော့ ညောင်ပင် ချောင်းဝတော့ ဒီမနက်ဝင်သွားပြီ၊ လက်နက်ခဲယမ်းက အခုချိန်ထိကို သယ်နေတုန်းပဲ” ဟု သူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

ကချင်ပြည်နယ်၊ ဖားကန့်မြို့နှင့် အင်းတော်ကြီးဒေသကို ဆက်သွယ်ထားသည့် လမ်းပိုင်းရှိ စစ်ကောင်စီတပ်၏ အရေးပါသော စခန်း ၃ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ပူးပေါင်းတပ်က သိမ်းပိုက်လိုက်သည်။

မြို့အနောက်တောင်ဘက် ဝှေခါကျေးရွာမှ အင်းတော်ကြီး အနောက်ဘက်ကမ်းအထိ မိုင် ၂၀ ကျော်သည့် လမ်းပိုင်းရှိ ဝေလုံ၊ ညောင်ပင်နှင့် ချောင်းဝ စခန်းများကို ဇွန် ၂၂ ရက်မှစတင်ကာ တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

ယမန်နေ့ (ဇွန် ၂၃ ရက်) ည ၅ နာရီခန့်တွင် ဝေလုံစခန်း၊ ည ၈ နာရီခွဲခန့်တွင် ညောင်ပင်စခန်းနှင့် ယနေ့ နံနက်တွင် ချောင်းဝစခန်းတို့ကို သိမ်းပိုက်နိုင်သည်ဟု ရှေ့တန်းတွင် ပါဝင်တိုက်ခိုက်နေသည့် ကချင်ဒေသကာကွယ်ရေးအဖွဲ့ KPDF (ဖားကန့်) တာဝန်ခံတစ်ဦးက ပြောသည်။

“တစ်နေ့လုံးနီးပါးတိုက်တာ၊ လေယာဉ်လည်းလာတယ်၊ လေးငါးကြိမ်လောက်ကြဲတယ်၊ ညနေမိုးချုပ်ခါနီးမှ ဝေလုံကို စရတာ၊ ပြီးတော့ ညောင်ပင် ချောင်းဝတော့ ဒီမနက်ဝင်သွားပြီ၊ လက်နက်ခဲယမ်းက အခုချိန်ထိကို သယ်နေတုန်းပဲ” ဟု သူက ယနေ့ နေ့လယ်ပိုင်းတွင် ပြောသည်။

အမှတ် (၄၂) ခြေလျင်တပ်ရင်း တပ်ထိုင်ထားသည့် ဝေလုံစခန်းတွင် အင်အား ၄၀ ခန့်နှင့် ဗိုလ်မှူးတစ်ဦး တပ်စွဲထားသည်၊ တိုက်ခိုက်နေစဉ် အားလုံးနီးပါး ဆုတ်ခွာ ထွက်ပြေးသွားသည်ဟုလည်း သိရသည်။

ညောင်ပင်နှင့် ချောင်းဝစခန်းသိမ်းတိုက်ပွဲများတွင်လည်း စစ်ကောင်စီတပ်မှ အကျအဆုံးများခဲ့ပြီး စခန်းသိမ်းပွဲပြီးသည့်နောက် သေဆုံး၊ ဒဏ်ရာရနှင့် သုံ့ပန်းရရှိမှုအခြေအနေများ စိစစ်နေဆဲဟုလည်း KPDF (ဖားကန့်) တာဝန်ခံက ပြောသည်။

မိုင် ၂၀ ကျော်ရှည်သည့် အဆိုပါ လမ်းပိုင်းကို စိုးမိုးထားနိုင်သည့်အတွက် ဖားကန့်မြို့ကို ပိုမိုထိန်းချုပ်လာနိုင်သလို အင်းတော်ကြီးဒေသတစ်ခုလုံးနှင့် မိုးညှင်းမြို့အနီးသို့ပါ တော်လှန်ရေးတပ်များ တိုးကပ်လာနိုင်ပြီဟု KPDF တာဝန်ခံက ဆိုသည်။

တိုက်ပွဲဖြစ်ပွားသည့်နေရာများသို့ ဟိုပင်မြို့နှင့် အင်းတော်ကြီးကန်ဘေးရှိ လုံးတုံရွာတွင် အခြေစိုက်ထားသည့် စစ်ကောင်စီတပ်တို့က လက်နက်ကြီးများ၊ အတွဲလိုက်ဒုံးများဖြင့် လှမ်းပစ်ခဲ့သည်ဟု သိရသည်။

ထို့ပြင် ယမန်နေ့တစ်နေ့လုံးနီးပါး စစ်ကောင်စီတပ်က တိုက်ခိုက်ခံရသည့် စခန်းသုံးခုလုံးကို ပစ်ကူပေးသည့်အနေဖြင့် စစ်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီတပ်စခန်းများတွင် စစ်သားများနှင့်အတူ ပြည်သူ့စစ်များလည်း ရှိခဲ့သည်ဟု သိရသည်။

ယနေ့နံနက်တွင် ဟိုပင်မြို့ရှိ စစ်ကောင်စီတပ်၏ အခြေစိုက်တပ်မှ သံချပ်ကာကား ၄ စီး အင်းတော်ကြီးကန်အရှေ့ဘက်ရှိ နမ့်မွန်းမြို့သို့ ရောက်ရှိလာသည်ဟု KPDF (ဖားကန့်) တာဝန်ခံက ပြောသည်။

“ဟိုပင်က သံချပ်ကာကားက နမ့်မွန်းမှာ ထိုင်ထားပြီး မိုးညှင်းထဲကို ဝင်လာမှာစိုးလို့ ဂိတ်စခန်းတွေက တစ်ခုမှမရှိတော့ဘူး၊ မိုးညှင်းကို ကာကွယ်ဖို့ ကြိုလုပ်ထားတာနေမှာပါ” ဟု သူက ပြောသည်။

ယမန်နေ့ညကလည်း မြစ်ကြီးနားမြို့မှ စစ်ကား ၂ စီး၊ နမ့်မတီးမြို့သို့ ရောက်ရှိလာသည်၊ ယနေ့နံနက်တွင် အင်းတော်ကြီးဒေသသို့ ဆက်လက်ထွက်ခွာနေသည်ဟု သူက ဆိုသည်။

တိုက်ပွဲများကြောင့် အင်းတော်ကြီးအနောက်ဘက်ကမ်းဒေသမှ ဒေသခံတချို့ နမ့်မွန်းနှင့် မိုးညှင်းမြို့ဘက်သို့ တိမ်းရှောင်ကြသည်ဟု နမ့်မွန်းမြို့ခံ အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် တိုက်ပွဲများနှင့် နီးကပ်လာနေသည့်အတွက် နမ့်မွန်းမှ ဒေသခံများလည်း စစ်ရှောင်ရမည်ကို စိုးရိမ်နေကြသည်ဟု အထက်ပါ ဒေသခံအမျိုးသားက ပြောသည်။

“တိုက်ပွဲတွေက ဘယ်အထိရောက်မလဲ မပြောတတ်ဘူး၊ အခုက အနောက်ဘက်ကမ်းဆိုပေမဲ့ မိုးညှင်းထိလည်း ဝင်မယ်ကြားနေတော့ ဘယ်ပြေးရမှန်းမသိဘူး၊ အရှေ့ပြေးမှ အရှေ့မှာ ဆက်ဖြစ်နေရင်လည်း မလွယ်ဘူး” ဟု အဆိုပါအမျိုးသားက ပြောသည်။

ဖားကန့်-အင်းတော်ကြီးလမ်းပိုင်း အင်းတော်ကြီးအနောက်ဘက် ကမ်းဒေသတစ်ခုလုံးကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ထားသည်။

ဖားကန့်-မိုးကောင်းလမ်းပိုင်းကိုလည်း သိမ်းပိုက်ပြီးဖြစ်သည့်အတွက် မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းကို KIA နှင့် ပူးပေါင်းတပ်များက စိုးမိုးလာနေသည်။

စစ်ကိုင်းတိုင်းမှ ကချင်ပြည်နယ်အတွင်းသို့ ဝင်သည့် အဓိကလမ်းမကြီးနှစ်ခုတွင် မြစ်ကြီးနား-မန္တလေးလမ်းပိုင်းကို KIA က သိမ်းပိုက်ထားပြီး ဖြစ်ရာ မြစ်ကြီးနား-ရွှေဘို လမ်းပိုင်းတွင်လည်း တိုက်ပွဲများဖြစ်ပွားလာနိုင်သည်ဟု ဒေသခံများက ယူဆကြသည်။

KIA နှင့် ပူးပေါင်းတပ်များသည် စစ်ဆင်ရေး ၂ လကျော်အတွင်း တပ်ရင်းဌာနချုပ် ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ခန့်ကို သိမ်းယူထားသည်။

ရှမ်းပြည်နယ်မြောက်ပိုင်းရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ မြို့လှ၊ ဆဒုံးမြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကိုလည်း သိမ်းပိုက်ထားသည်။

Show More

Related Articles

Back to top button