သတင်း

ဖားကန့်တွင် တိုက်ပွဲ ၂ ရက်ဆက်ဖြစ်စဉ် အရပ်သားတချို့ ဒဏ်ရာရ၊ သေဆုံး

ကချင်ပြည်နယ်၊ ဖားကန်မြို့နယ်အတွင်း တိုက်ပွဲများ ဖြစ်ပွားနေရာ လူနေရပ်ကွက်အတွင်း လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲသဖြင့် ဒေသခံများ ထိခိုက်ကြရသည်။

ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က ၎င်း၏ မဟာမိတ်ဖြစ်သည့် ကချင်အခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် (KPDF) နှင့်အတူ ဇွန် ၂၅ ရက် နံနက်ပိုင်းက ဖားကန့်မြို့သို့ စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို နှစ်ရက်ဆက်တိုက် တိုက်ခိုက်နေသည်။

ယမန်နေ့နံနက်က အင်အား ၅၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ဆိုင်းတောင်ရွာအတွင်းသို့ ဝင်ရောက်လာရာ ကင်းစောင့်နေသည့် KIA, KPDF တပ်များနှင့် တိုက်ပွဲစတင်ဖြစ်ပွားခဲ့သည်ဟု သိရသည်။

အဆိုပါ စစ်ကြောင်းမှာ ဆိုင်းတောင်ရှိ စစ်ကောင်စီတပ်ကုန်းပေါ်သို့ တက်သွားပြီး ယနေ့နံနက်တွင် အင်အား ၃၀ ခန့်ပါသည့် စစ်ကောင်စီစစ်ကြောင်းတစ်ခု ဆိုင်းတောင်သို့ ရောက်ရှိလာရာ တော်လှန်ရေးတပ်များက ဒရုန်းဖြင့် တိုက်ခိုက်ခဲ့သည်ဟု ဖားကန့်-KPDF အဖွဲ့မှ တာဝန်ခံတစ်ဦးက ပြောသည်။

“မနေ့က မနက်က ယူမာကနေ ဆိုင်းတောင်ကို လာတဲ့ လမ်းမှာ ထိတွေ့မှုဖြစ်တယ်၊ ပြီးတော့ ဆိုင်းတောင်ထဲကို ဝင်ပြီး ဆိုင်းတောင် နှီးဘုရားကုန်းမှာ သူတို့စစ်ကြောင်းပြန်ထိုင်ပြီး ပစ်ကြခတ်ကြသေးတယ်၊ အခု ဆိုင်းတောင်စစ်တပ်ကုန်းထဲ ပြန်ဝင်သွားပြီ ရွာထဲမှာလည်း တစ်ဖွဲ့ရှိသေးတယ်” ဟု အဆိုပါ KPDF တာဝန်ခံက ပြောသည်။

ဖားကန့်တွင် စစ်ကောင်စီတပ် အင်အား ၁၀၀ မှ ၂၀၀ ကြား ရှိနေပြီး တော်လှန်ရေးတပ်ဖွဲ့များက မကြာခဏတိုက်ခိုက်နေသည်။

ယနေ့နံနက် ၁၁ နာရီခန့်တွင် နှီးဘုရားကုန်းတွင် စစ်ကြောင်းထိုင်နေသည့် စစ်ကောင်စီတပ်ကို KIA, KPDF ပူးပေါင်းတပ်များက ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အရာရှိ ၃ ဦး သေဆုံးပြီး စစ်သည် ၈ ဦး ဒဏ်ရာရသွားသည်ဟု သတင်းရထားကြောင်း KPDF အဖွဲ့က ပြောသည်။

အဆိုပါ စစ်ကြောင်း ဖမ်းဆီးသွားသည့် ဒေသခံအမျိုးသားတစ်ဦးမှာ တိုက်ပွဲအတွင်း ထွက်ပြေးလွတ်မြောက်ခဲ့ပြီး ၎င်းထံမှ စစ်ကောင်စီတပ်၏ သေဆုံးဒဏ်ရာရမှုအခြေအနေကို ပြန်သိရခြင်းဖြစ်သည်ဟု KPDF အဖွဲ့က ပြောသည်။

စစ်ကောင်စီတပ် ထိခိုက်မှု အရေအတွက်နှင့် ပတ်သက်ပြီး သီးခြား အတည်ပြုနိုင်ခြင်း မရှိသေးပေ။

ဒရုန်းတိုက်ခိုက်မှုပြီးသည့်နောက် ဆိုင်းတောင်စစ်တပ်ကုန်းရှိ စစ်ကောင်စီတပ်က လက်နက်ကြီးများဖြင့် အနီးဝန်းကျင်ကို လှမ်းပစ်ရာ ဆိုင်းတောင်ရွာတွင်းမှ နေရာလေးခုထက်မနည်းတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး ဒေသခံ ၁၀ ဦးထက်မနည်း ဒဏ်ရာရခဲ့သည်ဟု ဆိုင်းတောင်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

“စိန်မြသုခဘုန်းကြီးကျောင်းနားမှာ တစ်လုံးကျတယ်၊ အဲဒီမှာ ၅ ယောက်ထိတယ်၊ အားမာန်ဆိုင်မှ တစ်လုံးကျတယ်၊ ၂ ယောက်ထိတယ်၊ ပြီးတော့ ရှမ်းကုန်းဈေးနားက အိမ်မှာ တစ်လုံးကျတယ်၊ အဲဒီမှာ ၄ ယောက်၊ ပြီးတော့ မှော်ရှန်ဘက်က လီဆူးဘုရားကျောင်းဘက်မှာ ကျသေးတယ်” ဟု အဆိုပါ ဒေသခံက ပြောသည်။

ဆိုင်းတောင်ရွာအတွင်းရှိ စိန်မြသုခဘုန်းကြီးကျောင်းဝင်းအတွင်း လက်နက်ကြီးကျည် ကျရောက်မှုတွင် ဘုန်ကြီးကျောင်းအနီးရှိ လက်ဖက်ရည်ဆိုင်မှ စားပွဲထိုးတစ်ဦး ဒဏ်ရာရခဲ့သလို ဆိုင်အတွင်း အမျိုးသားတစ်ဦး လက်နက်ကြီးစထိမှန်ပြီး ဗိုက်ပွင့်သေဆုံးခဲ့သည်ဟု ဖားကန့်ဒေသခံများက ပြောသည်။

သေဆုံးသူနှင့် ဒဏ်ရာသူများကို ဖားကန့်ဆေးရုံသို့ ပို့လိုက်ကြသည်၊ သေဆုံးသည့် အမျိုးသားနှင့် အခြားဒဏ်ရာရသူများ၏ အချက်အလက်အသေးစိတ်ကို မသိရသေးပေ။

လက်နက်ကြီးပစ်ခတ်မှုများကြောင့် ဆိုင်းတောင်ရွာအတွင်း စျေးဆိုင်များအားလုံးပိတ်ထားပြီး လူအသွားအလာ ကင်းမဲ့နေသည်ဟု ဖားကန့်ဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။

ယမန်နေ့ နံနက်က စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်ခဲ့သလို လုံးခင်းရှိ မဇွန်ယန်ထောင်ကိုလည်း KPDF အဖွဲ့များက သွားရောက်ပစ်ခတ်ခဲ့သည်ဟု KPDF တာဝန်ခံက ပြောသည်။

ထို့ကြောင့် ဖားကန့်မြို့ပေါ်ရှိ စစ်ကောင်စီဗျူဟာကုန်းမှ လက်နက်ကြီးများဖြင့် တစ်နေ့လုံးနီးပါး ပစ်ခတ်ခဲ့သည်၊ လုံးခင်းတွင် စစ်ကောင်စီလက်နက်ကြီးကြောင့် နေအိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့သည်ဟု သိရသည်။

ဇွန် ၂၄ ရက်နေ့ကလည်း ဖားကန့်-အင်းတော်ကြီးလမ်းပိုင်းမှ ‌ဝေလုံ၊ ညောင်ပင်၊ ချောင်းဝ စသည့် စစ်ကောင်စီတပ်စခန်းသုံးခုကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်ခဲ့ပြီး အင်းတော်ကြီးကန်ဘေးတွင်ရှိသည့် လုံးတုံရွာမှ စစ်ကောင်စီတပ်ကို ဆက်လက်တိုက်ခိုက်နေသည်ဟု သိရသည်။

“လုံးတုံက မရသေးဘူး ကျွန်တော်တို့။ သူတို့ကို ဆုတ်ဖို့ လမ်းကြောင်းပေးထားတယ်။ အဲဒီကုန်းက ပြန့်ဖြစ်နေတော့ ကျွန်တော်တို့ လုပ်ရ နည်းနည်းခက်နေတာ” ဟု KPDF တာဝန်ခံက ပြောသည်။

လုံးတုံတွင် ယမန်နေ့ကလည်း တိုက်ပွဲများ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်က လေကြောင်းမှ အပြင်းအထန်တိုက်ခိုက်ခဲ့သည်ဟု သိရသည်။

KIA နှင့် ပူးပေါင်းတပ်များက အင်းတော်ကြီးအနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို စိုးမိုးထားနိုင်သည့်အတွက် အင်းတော်ကြီးအရှေ့ဘက် နမ့်မွန်းရွာအထက်တွင် စစ်ကောင်စီတပ်က သံချပ်ကာကား ၄ စီး အင်အားဖြည့်ကာ ခံစစ်ပြင်ထားသည်ဟု သိရသည်။

ထို့ပြင် ဟိုပင်မြို့အခြေစိုက် ခြေမြန်တပ်ရင်း ခမရ (၃၈၉) တပ်မှ အင်အားတချို့လည်း နမ့်မွန်း စစ်တပ်ကုန်းသို့ ရောက်နေသည်ဟု သိရသည်။

ဖားကန့်-အင်းတော်ကြီးလမ်းပိုင်း အင်းတော်ကြီးအနောက်ဘက်ကမ်းဒေသတစ်ခုလုံးကို KIA နှင့် ပူးပေါင်းတပ်များက သိမ်းပိုက်နိုင်ပြီးဖြစ်သလို ဖားကန့်-မိုးကောင်းလမ်းပိုင်းကိုလည်း သိမ်းပိုက်ပြီးဖြစ်သည်။ ဤအခြေအနေကြောင့် မြစ်ကြီးနား-ရွှေဘိုလမ်းပိုင်းကို KIA နှင့် ပူးပေါင်းတပ်များက ခြိမ်းခြောက်လာနိုင်ပြီဖြစ်သည်။

KIA က ယခုနှစ် မတ်လ ၇ ရက်မှစတင်ပြီး ကချင်ပြည်နယ်အတွင်း ထိုးစစ်ကြီးတစ်ခုဆင်နွှဲခဲ့ရာ သုံးလကျော်အတွင်း တပ်ရင်းဌာနချုပ်ပေါင်း ၇ ခုအပါအဝင် စခန်းပေါင်း ၁၀၀ ခန့်နှင့် ရှမ်းမြောက်ရှိ မဘိမ်းမြို့၊ ကချင်ပြည်နယ်ရှိ အင်ဂျန်းယန်၊ ဆင်ဘို၊ ဆွမ်ပရာဘွမ်၊ မြို့လှ၊ ဆဒုံးမြို့များနှင့် နယ်စပ်ကုန်သွယ်ရေးမြို့ လွယ်ဂျယ်တို့ကို သိမ်းပိုက်ထားသည်။

KIA က ဆက်တိုက် ထိုးစစ်ဆင်နေချိန်တွင် ရခိုင်တပ် AA, တအာင်းတပ် TNLA တို့က နိုင်ငံအနောက်ပိုင်းနှင့် မြောက်ပိုင်းတို့မှ စစ်ကောင်စီတပ်စခန်းများကို တိုက်ခိုက်နေသည်။

Show More

Related Articles

Back to top button