မြန်မာပြည်မြောက်ပိုင်း ကချင်ပြည်နယ် ကျောက်စိမ်းမြို့တော် ဖားကန့်တွင် ယမန်နေ့ (ဩဂုတ် ၁၃) မွန်းလွဲပိုင်းက ကမ်းပါးပြိုကျသဖြင့် လူ ၃၀ ကျော် သေဆုံးသွားသည်။
ဖားကန့်မြို့နယ် မနကျေးရွာအနီးရှိ လုပ်ကွက်တစ်ခုအတွင်း စက်ယန္တရားကြီးများဖြင့် တောင်ဖြိုပြီး ကျောက်စိမ်းတူးဖော်ခြင်းကြောင့် ဖြစ်ပေါ်လာသည့် ရေကန်ကြီးအနီး လက်လုပ်လက်စားသမားများ ကျောက်ရှာနေစဉ် မြေကမ်းပါး ရုတ်တရက်ပြိုကျခဲ့ခြင်းဖြစ်သည်။
မြေပြိုမှုကြောင့် ရေကန်ကြီးအတွင်းသို့ ရေမဆေးသမားဟု ခေါ်သည့် အဆိုပါ ကျောက်ရှာဖွေသူများ မျောပါသွားခဲ့ရာ ယမန်နေ့ ညနေတွင် ထိုအထဲမှ ၁၀ ဦးခန့်ကိုသာ ပြန်လည်ကယ်ဆယ်နိုင်ခဲ့ပြီး ဖားကန့်ဆေးရုံ ပို့ပေးခဲ့ကြောင်း၊ ကျန်သူများကို ယနေ့တိုင် ရှာမတွေ့၍ သေဆုံးသွားပြီဟု သတ်မှတ်လိုက်ကြောင်း ဖားကန့်မြို့ခံ လူမှုကူညီရေးအသင်းနှင့် ဒေသခံအချို့ထံမှ သိရသည်။
“အသက်ရှင်ဖို့က မဖြစ်နိုင်တော့ဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ပြိုတာမှာ သုံးလေးမိနစ်လောက် ရေထဲပါသွားတဲ့သူက ခဏပဲ ရုန်းနိုင်တယ်၊ အခြားအကူအညီတွေ မပါရင်တော့ အသက်ရှင်ဖို့ မဖြစ်နိုင်တော့ဘူး” ဟု လူမှုကူညီရေးအသင်းတစ်ခုမှ အသက် ၃၀ အရွယ် အမျိုးသားတစ်ဦးက ပြောသည်။
ကမ်းပါးပြိုကျမှုကို မလှမ်းမကမ်းမှ တွေ့လိုက်ရသည့် အသက် ၃၅ နှစ်အရွယ် ရေမဆေးသမားတစ်ဦး၏ အဆိုအရ ထိုရေကန်သည် ပေရာနှင့်ချီ ကျယ်ဝန်းပြီး ကမ်းပါးပြိုကျမှုကြောင့် ဖြစ်ပေါ်လာသည့် ရေလှိုင်းအမြင့်မှာ ပေ ၄၀၊ ၅၀ ခန့် ရှိခဲ့ကြောင်း ပြောသည်။
“ပြိုပြိုချင်း ကျွန်တော်တို့ ကန်ထဲက ရုန်းနေကြတဲ့သူတွေကို ရေပုံးတွေ ပစ်ပေးတယ်၊ ရေပုံးရတဲ့သူတွေနဲ့ ကမ်းနဲ့ နည်းနည်းနီးတဲ့သူတွေကတော့ လွတ်သွားတယ်။ ခေါင်းပေါက်တာတွေ ပွန်းပဲ့တာတွေ အဲဒီလိုမျိုး ဒဏ်ရာတွေ ရသွားကြတယ်” ဟု ထိုအမျိုးသားက ပြောသည်။
“ကျွန်တော်တို့ကတော့ ကမ်းပါးပြိုပြီးကတည်းက ရေလှိုင်းလာမယ် ကြိုသိလို့ မြန်မြန် တောင်ပေါ်ကို ပြေးတက်လိုက်လို့ လွတ်သွားတာ”
ထိုဖြစ်စဉ်အတွင်း သေဆုံးသူ ၈၀ ခန့်ရှိနိုင်ကြောင်း တချို့က ခန့်မှန်းသော်လည်း အထက်ပါ သတင်းရင်းမြစ်များက အတည်မပြုနိုင်ကြပေ။ စစ်ကောင်စီကလည်း နှုတ်ဆိတ်နေသည်။
စစ်တပ်နှင့် ၎င်းတို့ နီးစပ်သည့် စီးပွားရေးသမားများသာမက ထိုဒေသတွင် အခြေစိုက်သည့် တော်လှန်ရေးအဖွဲ့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တို့ နှစ်ပေါင်းများစွာ ကျောက်စိမ်းမှ အကျိုးစီးပွားရနေသည့် ကျောက်စိမ်းလုပ်ကွက်များသည် မြေပြို၍ လူအများအပြားသေဆုံးသည့် ဖြစ်စဉ်များ မကြာခဏ ပေါ်ပေါက်တတ်သည့် ဒေသဖြစ်သည်။
စက်ယန္တရားကြီးများဖြင့် မဆင်မခြင် တူးဖော်ခြင်း၊ တောင်များကို ဖြိုဖျက်ရာမှ ပေါ်ပေါက်လာသည့် မြေစာပုံများကို စနစ်တကျ မစွန့်ပစ်ခြင်းတို့ကြောင့် ဖားကန့်တွင် ရှေးယခင်က ကျော်ကြားလှသည့် ဥရုချောင်းသည်ပင်လျှင် ယနေ့တွင် တိမ်ကောပျက်စီးသည့် အခြေစိုက်နေပြီဖြစ်သည်။
မူးယစ်ဆေးဝါး၊ လက်နက်ကိုင်ပဋိပက္ခများ အပါအဝင် လူမှုဒုက္ခမျိုးစုံရှိနေပြီး အန္တရာယ်များလှသည့် ထိုဒေသတွင် ကျောက်စိမ်းရှာရန် မြန်မာနိုင်ငံတစ်ဝန်းမှ လူများစွာ ရောက်နေပြီး ရေမဆေးသမားများအဖြစ် လူသိများသည်။
၂၀၂၁ စစ်တပ်က အာဏာသိမ်းပြီးနောက်တွင် နိုင်ငံအနှံ့ လက်နက်ကိုင် ခုခံမှုများ ပေါ်လာရာ ဖားကန့်မြို့နယ်သည်လည်း အပါအဝင်ဖြစ်ပြီး စစ်ကောင်စီနှင့် တော်လှန်ရေးအဖွဲ့များအကြား တိုက်ပွဲများ မကြာခဏဖြစ်နေသည်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီ လိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)