သတင်း

ဖားကန့်မြေစာပုံပြိုကျမှုတွင် အလောင်း ၄ လောင်းရှာတွေ့ထား

ကမ္ဘာကျော် ကျောက်စိမ်းထွက်ရှိရာ ကချင်ပြည်နယ် ဖားကန့်မြို့နယ်တွင် ယမန်နေ့ နံနက်အစောက ဖြစ်ပွားသည့် မြေစာပုံပြိုကျမှုအောက်သို့ ရောက်သွားသူ အများအပြားရှိပြီး ယနေ့ (ဒီဇင်ဘာ ၂၃) ညနေအထိ အမျိုးသားအလောင်း ၄ လောင်း ရှာဖွေတွေ့ရှိထားသည်ဟု ကယ်ဆယ်‌ရေးသမားများက ပြောသည်။

ယမန်နေ့ နံနက် ၄ နာရီခန့်က သာယာကုန်းရွာနှင့် အောင်သာယာရပ်ကွက် (၂) ကြားရှိ ကျောက်စိမ်းလုပ်ကွက်ဟောင်းတစ်ခုတွင် မြေစာပုံပြိုကျခြင်းဖြစ်သည်။ 

ကူညီကယ်ဆယ်ရေးများ လုပ်ဆောင်နေကြရာ ယမန်နေ့က အသက် ၃၀ အရွယ်ခန့် အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ခဲ့ပြီး ယနေ့ ၃ လောင်း ထပ်တွေ့သည်ဟု ဖားကန့်အခြေစိုက် သင်္ဂဟလူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးမင်းနိုင်က ပြောသည်။

“အခုက‌‌တော့ ရှာနေတုန်းပဲ လူမှုရေးအသင်းတွေကတော့ ဖားကန့်က အသင်းတွေလည်း လာကြပါတယ်၊ ဝှေခါဘက်က အသင်းတွေလည်း လာကြပါတယ်၊ မနက်ဖြန်လည်း ထပ်ပြီးတော့ ရှာကြဦးမှာပါ” ဟု ၎င်းက ဆိုသည်။

ယနေ့ရှာဖွေမှုအတွင်း လူမှုရေးအသင်း ၇ ဖွဲ့၊ ကြက်ခြေနီ၊ မြို့နယ်မီးသတ်အဖွဲ့တို့ ပါဝင်သည်ဟု ၎င်းထံမှ သိရသည်။

မီးသတ်အဖွဲ့၏ နောက်ဆက်တွဲသတင်းထုတ်ပြန်ချက်များတွင်လည်း ရုပ်အလောင်း ၄ လောင်း ရှာတွေ့ထားသည်ဟု ဖော်ပြထားသည်။

ပြိုကျသည့် မြေစာပုံသည် ဘေးရှိ ရေကန်ကြီးအတွင်းသို့လည်း ကျရောက်သွားရာ ပိတ်မိသူများသည် မြေစာပုံများအောက် သို့မဟုတ် ရေအောက်သို့ ရောက်သွားသည်ဟု မျက်မြင်သက်သေများက ပြောကြပြီး ပြန်လည်လွတ်မြောက်မလာသေးသူများထဲတွင် ဈေးရောင်းနေသည့် အမျိုးသမီးနှစ်ဦးလည်း ပါဝင်သည်ဟု ဆိုကြသည်။  

ယခင်ဖြစ်ရပ်များကဲ့သို့ မတော်တဆမှုတွင် ပျောက်ဆုံးနေသူအများစုမှာ ဒေသအသီးသီးမှ ရေမဆေးကျောက်ရှာဖွေသူများ ဖြစ်သည်။ ၎င်းတို့မှာ ကျောင်းစိမ်းတူးဖော်လုပ်ပိုင်ခွင့်ရသည့် ကုမ္ပဏီများ၏ စွန့်ပစ်မြေစာပုံတွင် စျေးကွက်ဝင်ကျောက်ကို စွန့်စားရှာဖွေသူများ ဖြစ်သည်။ 

မြေစာပုံပိသွားသူ အရေအတွက် ၈၀ ခန့်ရှိနိုင်သည်ဟု လူမှုရေးအဖွဲ့တချို့က ဆိုကြသည်။

လူမှုကယ်ဆယ်ရေးသမားတစ်ဦးဖြစ်သည့် ကိုဂျက်ဆိုသူကမူ မြေစာပုံပြိုကျမှုမှ ပြန်လွတ်လာသူများရှိသည့်အတွက် သေဆုံးသူ ၂၀ ကျော်သာရှိနိုင်သည်ဟု ခန့်မှန်းသည်။

“ပါသွားတာက စဖြစ်ဖြစ်ချင်း ပြိုကျတုန်းကတော့ ဟုတ်တယ်၊ နောက်တော့ ကမ်းစပ်ပြန်တက်ကြတယ်၊ ဖောင်တွေပေါ်လည်း ပြန်တက်ကြတာရှိတယ်” ဟု ကိုဂျက်က ရှင်းပြသည်။

မတော်တဆမှုကြီး ဖြစ်ပွားစဉ် အနီးအနားတွင် ရှိနေသည့် ကိုအေးပီက မြေပြိုကျသည့်နေရာတွင် ကျောက်ရှာဖွေသူ ၈၀ ခန့်ရှိနိုင်သည်ဟု ခန့်မှန်းသည်။ ထိုအထဲမှ အများအပြား ပြိုကျမှုအောက် ရောက်သွားသည်ဟု သူက ယူဆနေသည်။

ကိုယ်တိုင် ရေမဆေးကျောက်ရှာဖွေသူတစ်ဦးဖြစ်သည့် ကိုအေးပီက ကူညီကယ်ဆယ်ရေးလုပ်ငန်း ချက်ချင်းဆောင်ရွက်ရာတွင် ပါဝင်ခဲ့သူဖြစ်ပြီး ထိုဖြစ်ရပ်တွင် အသက်ဘေးမှ လွတ်လာသူ ၁၅ ဦးခန့်သာ ရှိမည်ဟု ခန့်မှန်းသည်။

“ပြိုပြီးတော့ အလယ်မှာ သောင်ထွန်းသွားတာတွေရှိတယ်၊ အဲဒီနေရာမှာ အနောက်ဘက်ထောင့်ပေါ်က ၅ ယောက်လောက် ပြန်ပြီးတော့ ကူးလာနိုင်တယ်၊ စက်ဖောင်တွေပေါ် လက်နဲ့ ယက်ယက်ပြီး‌တော့” ဟု ၎င်းက ဆက်ပြောသည်။ 

“အရှေ့ဘက်ထောင့်မှာလည်း ၁၀ ယောက်လောက် တင်တယ်၊ အဲဒါတွေလည်း လွတ်‌မြောက်သွားတယ်။ ကျန်တာတွေကတော့ မပေါ်လာတော့ဘူး” 

ကယ်ဆယ်ရေးအဖွဲ့များက ပျောက်ဆုံးနေသူများကို ရှာဖွေနေသည်ကို ဒီဇင်ဘာ ၂၃ နံနက်က တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Fire Services Department) 

ဒီဇင်ဘာ ၁၉ နံနက်ပိုင်းကလည်း ဖားကန့်မြို့နယ်၊ ဆိပ်မူကျေးရွာအုပ်စု ဆိုင်းဂျာဘွမ့်ကျေးရွာတွင် မြေစာပုံပြိုကျမှု ဖြစ်ပွားခဲ့ပြီး လူ ၅ ဦးသေဆုံးခဲ့သည်။

သယံဇာတကျိန်စာသင့်နေသည်ဟု တင်စားပြောဆိုကြသည့် ကျောက်စိမ်းနယ်မြေ ဖားကန့်တွင် ယမန်နှစ် ဇူလိုင်လအတွင်း မြေစာပုံပြိုကျမှုကြောင့် အနည်းဆုံး ၁၇၂ ဦး သေဆုံးခဲ့ရပြီး ရုပ်အလောင်း ၁၆၆ လောင်း ရှာဖွေတွေ့ရှိခဲ့သည်။ 

ကျောက်မျက်လုပ်ငန်းကို အာဏာသိမ်းခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုနှင့် တိုင်းရင်းသားလက်နက်ကိုင်များက ထိန်းချုပ်ထားပြီး အကျင့်ပျက်ခြစားမှုများနှင့် ပြည့်နှက်နေကြောင်း ကမ္ဘာတစ်ဝန်း သယံဇာတတူးဖော်မှုလုပ်ငန်းများစောင့်ကြည့်လေ့လာရေးအဖွဲ့ Global Witness အဖွဲ့က ဒီဇင်ဘာ ၁၅ တွင် ထုတ်ပြန်သည်။

စစ်တပ်၏ ဘဏ္ဍာငွေအရင်းအမြစ်တစ်ခုဖြစ်သည့်ပြင် ပဋိပက္ခများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို အားပေးအားမြှောက်ပြုစေသော မြန်မာ့ကျောက်မျက်ရတနာများကို နိုင်ငံတကာကုမ္ပဏီများ ဝယ်ယူမှုရပ်တန့်ရန်လည်း လန်ဒန်အခြေစိုက် Global Witness အဖွဲ့က တောင်းဆိုထားသည်။ 

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button