သတင်း

ဖားကန့်မြေပြိုမှု ကချင်နယ်လုံဝန်ကြီးနှင့် တပ်မှူးတစ်ဦးကို အရေးယူ

လူ ၁၇၀ ကျော် သေဆုံးစေခဲ့သည့် ဖားကန့်မြေပြိုမှုနှင့် ပတ်သက်ပြီး ကျောက်မျက်လုပ်ကွက်နယ်မြေအတွက် လုံခြုံရေးဆိုင်ရာတာဝန်ရှိသူ တပ်မှူးတစ်ဦးနှင့် ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို အရေးယူလိုက်ကြောင်း တပ်မတော်က ယနေ့ ထုတ်ပြန်သည်။ 

အရေးယူခံရသည့် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးကို မူလစစ်ဘက်တာဝန်များ ပြန်လည်ထမ်းဆောင်စေပြီး လစ်လပ်နေရာအတွက် အစားထိုးခန့်အပ်ရန် ဆောင်ရွက်နေသည်ဟု တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

“လုံခြုံရေးအရ တာဝန်ရှိတာကို တာဝန်အတိုင်း မတင်ပြခဲ့မှု” ကြောင့် အဆိုပါ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် တပ်မှူးကို အရေးယူခဲ့ခြင်း ဖြစ်သည်ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့၏ အတွင်းရေးမှူး ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက Myanmar Now ကို ပြောသည်။ 

“အဲ့ဒီနယ်မြေအတွင်းမှာ တားဆီးထားတဲ့နယ်မြေ ရှိတယ်၊ ကန့်သတ်ထားတဲ့နယ်မြေ ရှိတယ်။ တားဆီး၊ ချိုးဖောက်တာတွေရှိတယ်ဆိုရင် သူတို့အနေနဲ့ လုံခြုံရေးအရ တင်ပြဖို့အတွက် တာဝန်ရှိတယ်။ လုံခြုံရေးအရ စစ်ဆေးဖို့ တာဝန်ရှိတယ်။ ဒါတွေနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့လည်း စုံစမ်းစစ်ဆေးလျက်ရှိပါတယ်” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောသည်။

ကချင်ပြည်နယ် လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးမှာ ဗိုလ်မှူးကြီးနေလင်းထွန်းဖြစ်ပြီး ၂၀၁၈ နိုဝင်ဘာတွင် အဆိုပါရာထူးတာဝန်ကို စတင်ယူခဲ့သူ ဖြစ်သည်။

ဇူလိုင် ၂ မနက်အစောပိုင်းက ဖားကန့် မြို့နယ် ဝှေခါမှော်နေရာ၌ မြေပြိုကျမှုကြောင့် ရေမဆေးကျောက်ရှာဖွေသူ ၂၀၀ ကျော် မျောပါသွားခဲ့ကာ ၎င်းတို့အနက် ၁၇၂ ဦး သေဆုံးခဲ့ပြီး ၅၀ ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့သည်။ အဆိုပါဖြစ်စဉ်သည် လူသေဆုံးမှုအများဆုံး ဖားကန့်မြေပြိုမှုတစ်ခုလည်း ဖြစ်သည်။ 

မြေပြိုခဲ့သည့်နေရာသည် ၂၀၁၉ အရှေ့ပိုင်းတွင် သက်တမ်းကုန်ဆုံးခဲ့သောလုပ်ကွက်များနှင့် ၂၀၂၀ နှစ်ကုန်ပိုင်းအထိ သက်တမ်းရှိနေသေးသော လုပ်ကွက်နေရာများ ဖြစ်သော်လည်း သက်တမ်းကုန်ပြီး ဆက်လက်တူးဖော်နေခြင်းမျိုး မရှိကြောင်း မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း အထွေထွေမန်နေဂျာ ဦးသက်ခိုင်က Myanmar Now ကို ပြောသည်။ မည်သည့်ကုမ္ပဏီများ၏ လုပ်ကွက်များ ဖြစ်သည်ကိုမူ မဖြေကြားခဲ့ပါ။ 

ထို့အပြင် မြေပြိုမှုမှာ မြေစာပုံပြိုကျခြင်း မဟုတ်ကြောင်း၊ ဇွန်လလယ်မှစ၍ ဖားကန့်ဒေသတွင် မိုးအဆက်မပြတ်ရွာသွန်းခဲ့မှုကြောင့် ဝှေခါလုပ်ကွက် အနောက်ဘက် ပေ ၃၀၀ ခန့်အကွာ မောက်ဖာတောင်မှ အလျား ပေ ၂၀၀၊ အနံ ပေ ၁၀၀၊ အမြင့် ပေ ၄၀၀ ရှိ မြေလွှာပြတ်ကျခဲ့ပြီး အရှေ့ဘက် ပေ ၄၀၀ အကွာရှိ တူးဖော်ပြီး ကျင်းဟောင်းရေကန်အတွင်းသို့ ကျရောက်ခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ဆိုသည်။ 

သို့သော် ကချင်ပြည်နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဦးခင်မောင်မြင့်၏ အဆိုအရ မြေပြိုသည့်နေရာမှာ ဧက ၁၀၀ ကျော် အကျယ်အဝန်းရှိပြီး တစ်သုံးလုံး ၊ ဧရာရတနာနှင့် ရတနာကြယ်ကုမ္ပဏီတို့၏ ကျောက်စိမ်းတူးဖော်ရေးလုပ်ကွက်ဖြစ်သည်ဟု သိရသည်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကလည်း ဖားကန့်မြေပြိုမှုသည် နိုင်ငံအတွက် ဝမ်းနည်းစရာကိစ္စဖြစ်ပြီး ကွယ်လွန်သွားသူများအနက် တရားမဝင်တူးဖော်သူများ အများအပြား ပါဝင်ကြောင်း၊ တရားမဝင် ကျောက်တူးနေရသည်မှာ တရားဝင် အလုပ်ရှာရန် အခက်အခဲကြောင့်ဖြစ်သည်ဟု ကိုဗစ်နိုင်တင်းနှင့် ဆောက်လုပ်ရေးကဏ္ဍအပေါ်သက်ရောက်မှုများ အွန်လိုင်းစကားဝိုင်းအစီအစဉ်တွင် ထည့်သွင်းပြောကြားခဲ့သည်။ 

ဖားကန့်ကျောက်စိမ်းတူးဖော်ရေးဒေသ၌ နှစ်စဉ်ဖြစ်ပွားနေသည့် မြေပြိုမှုများကို ဖြစ်သည့်အခါမှသာ ဖြေရှင်းသည့်ပုံစံမျိုးသည် အလုပ်မဖြစ်ကြောင်း၊ နောက်နောင် ဖြစ်လာဦးမည့် အခြေအနေဖြစ်သည့်အတွက် ကျောက်စိမ်းကဏ္ဍတွင် ပါဝင်ပတ်သက်သူများ အားလုံးပါဝင်သည့် ကော်မရှင်တစ်ရပ် ဖွဲ့စည်းပြီး လိုအပ်သည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ တွင်းထွက်သယံဇာတတူးဖော်ထုတ်လုပ်ရေးတွင် ပွင့်လင်းမြင်သာမှုဖော်ဆောင်ရေး (MEITI) သုံးပွင့်ဆိုင်ညွန့်ပေါင်းအဖွဲ့၏ အရပ်ဘက်ကိုယ်စားလှယ် ဒေါ်မိုးမိုးထွန်းက Myanmar Now ကို ပြောသည်။ 

“နည်းဥပဒေတွေ၊ မူဝါဒတွေ ကြိုက်သလောက် ထွက်ပါ။ ဒါတွေအားလုံးသည် (အောက်ခြေ) မှာ အသက်မဝင်ဘူးဆိုရင် ဘာပဲလုပ်လုပ် အဖြေထွက်မှာမဟုတ်ဘူး” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။ 

ဖားကန့်ဒေသနှင့် ပတ်သက်ပြီး လက်ရှိအစိုးရသည် လုပ်ကွက်များ ရပ်ဆိုင်းခဲ့သည်ကလွဲ၍ အခြားသိသာထင်ရှားသည့် ပြုပြင်ပြောင်းလဲမှုမျိုး မလုပ်ခဲ့သည့်အတွက်လည်း ဝေဖန်ခံနေရခြင်း ဖြစ်သည်ဟု ၎င်းက ဆိုသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့နှင့် အကျိုးစီးပွားပဋိပက္ခ

မြေပြိုမှုဖြစ်စဉ်အတွက် သမ္မတဦးဝင်းမြင့်က ဇူလိုင် ၃ တွင် စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းခဲ့ပြီး ဥက္ကဋ္ဌအဖြစ် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဦးအုန်းဝင်း၊ အတွင်းရေးမှူးနှင့် တွဲဖက်အတွင်းရေးမှူးအဖြစ် မြန်မာကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးမင်းသူနှင့် ကချင်ပြည်နယ်အစိုးရအဖွဲ့ဝင် ဦးထွန်းဇော်တို့ကို အသီးသီး ခန့်အပ်ခဲ့သည်။

ထို့အပြင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီး ဒေါက်တာဝင်းမြတ်အေး၊ ပြည်ထဲရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်နှင့် ကချင်ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာ ခက်အောင်တို့က အဖွဲ့ဝင်အဖြစ် ပါဝင်သည်။ 

မြေပြိုသည့်နေရာသို့ စုံစမ်းစစ်ဆေးရေးအဖွဲ့က သွားရောက်ကွင်းဆင်းစစ်ဆေးရာ မြေပြိုကျမှုဖြစ်စဉ်သည် ရေမဆေးကျောက်ရှာဖွေသူများ၏ လောဘ အပါအဝင် အချက်နှစ်ချက်ကြောင့် ဖြစ်သည်ဟု စုံစမ်းရေးအဖွဲ့ ဥက္ကဋ္ဌတာဝန်ယူထားသူ သယံဇာတဝန်ကြီး ဦးအုန်းဝင်းက မီဒီယာများကို ပြောကြားခဲ့သည်။

“တစ်က မြေပြိုတာပေါ့ဗျာ။ ပြိုတာက သဘာဝမြေကြီး။ ဖို့တဲ့မြေ မဟုတ်ဘူးနော်။ မိုးကလည်း ရွာတယ်။ အဲ့ဒီမှာ ဖော့လိုင်း (fault line) ရှိတယ်။ မြေက ပြိုလွယ်တဲ့မြေသား ဖြစ်တယ်။ မိုးကလည်း အဆက်မပြတ် ရွာတယ်လို့သိရတယ်။ အဲ့ဒါတွေက ပေါင်းစပ်သွားတာ၊ တစ်အချက်က။ နှစ်အချက်ကတော့ ဒီမှာက ဇွန်လ ၂၀ ရက်ကတည်းက သတိပေးထားတယ်။ လောဘပေါ့။ ဒါတွေရှာကြတော့ ဖြစ်ကြတယ်” ဟု ဦးအုန်းဝင်းက ပြောသည်။ 

ထို့အပြင် အဆိုပါစုံစမ်းစစ်ဆေးရေးအဖွဲ့နှင့်ပတ်သက်ပြီး Justice for Myanmar လူ့အခွင့်အရေးအဖွဲ့က အကျိုးစီးပွားပဋိပက္ခဆိုင်ရာကိစ္စများကိုလည်း ထောက်ပြထားသည်။ 

စုံစမ်းစစ်ဆေးရေးအဖွဲ့ဝင် ဒုတိယဗိုလ်ချုပ်ကြီးစိုးထွဋ်သည် တပ်မတော်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက် (MEHL) တွင် တစ်ဦးတည်း ရှယ်ယာအများဆုံးပိုင်ဆိုင်ထားသူများအနက် တစ်ဦးဖြစ်သည့်အတွက် ဖားကန့်အပါအဝင် ကျောက်စိမ်းလုပ်ငန်းများမှ အကျိုးအမြတ်များ ရရှိနေကြောင်း၊ ထိုကဲ့သို့ အကျိုးစီးပွားပဋိပက္ခရှိနေသည့်အတွက် ယင်းစုံစမ်းစစ်ဆေးရေးအဖွဲ့မှ နုတ်ထွက်ပေးရန် လိုသည်ဟု Justice for Myanmar က ဇူလိုင် ၆ တွင် တောင်းဆိုခဲ့သည်။ 

MEITI ၏ ၂၀၁၇-၁၈ အစီရင်ခံစာအရ ဦးပိုင်၏ စီးပွားရေးလက်ခွဲတစ်ခုဖြစ်သည့် Myanmar Imperial Jade ကုမ္ပဏီသည် ကျောက်စိမ်းလိုင်စင် ၃၉၇ ခု ပိုင်ဆိုင်ထားပြီး ကျောက်စိမ်းလိုင်စင် အများဆုံးကိုင်ဆောင်ထားသည့် ကုမ္ပဏီဖြစ်သည်။  

ကျောက်မျက်ရတနာတူးဖော်လုပ်ကိုင်ခွင့်ရရှိထားသည့် ကုမ္ပဏီများအနေဖြင့် ဆယ်စုနှစ်ချီလုပ်ပိုင်ခွင့်များဖြင့် တူးဖော်နေကြကာ ဝင်ငွေ ဒေါ်လာသန်းပေါင်းများစွာ ရရှိနေသော်လည်း လူ့အခွင့်အရေးကို အလေးထားပြီး ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်များကို ကာကွယ်ရန် ကြိုတင်ပြင်ဆင်မှုအားနည်းခဲ့သည်ဟုလည်း မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ဇူလိုင် ၃ တွင် ထုတ်ပြန်ခဲ့သည်။ 

မင်းမင်း ပူးပေါင်းရေးသားသည်

Show More

Related Articles

Back to top button