ဆောင်းပါး

ဈေးကွက်ပျက်သော်လည်း တရားမဝင်ကျောက်စိမ်းတူးဖော်မှု အားကောင်းနေ

အာဏာသိမ်းမှု ဆန့်ကျင်သူတို့ကို လိုက်လံတိုက်ခိုက်သည့် စစ်ဆင်ရေးများ နိုင်ငံအနှံ့ ရှိနေချိန်တွင် ကချင်ပြည်နယ်၊ ဖားကန့်ဒေသတွင် မတူခြားနားသည့် မြင်ကွင်းများ ရှိနေသည်။ တောင်ဖြို မြေတူးပြီး အရည်အသွေးကောင်းကျောက်စိမ်းရှာဖွေသည့် လုပ်ငန်းခွင်တွင် မြေသယ်သည့် ဧရာမမော်တော်ယာဉ်ကြီးများ လှုပ်ရှားသွားလာလျက်ရှိသည်။

လုပ်ငန်းခွင်အန္တရာယ်များသည့် မိုးတွင်းကာလ၌ပင် ဆက်လက်တူးဖော်နေကြောင်း ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းများကို စောင့်ကြည့်နေသူတို့က ဆိုသည်။

ကုမ္ပဏီလုပ်ကွက်များတွင် နေ့အချိန် လုပ်ငန်းရပ်နားထားပြီး ညအချိန်တွင် တူးဖော်နေကြသည်ဟု ယခုနှစ် ဇန်နဝါရီနှင့် ဧပြီတွင် ဖားကန့်ကျောက်စိမ်းလုပ်ကွက်များကို သွားရောက်လေ့လာသည့် Citizen Action for Transparency  (CAfT)  အဖွဲ့ ဒါရိုက်တာ ဒေါ်မိုးမိုးထွန်းက ပြောသည်။

“အရင်ထက် မများရင်တောင် အရင်တိုင်းပဲ။ စက်ယန္တရားတွေက ကျွန်မတို့ အရပ်ထက်တောင် မြင့်တဲ့ ကားဘီးကြီးတွေနဲ့။ တော်တော်တော့များတယ်။ စည်းကမ်းမဲ့လုပ်တာကတော့ ပိုများလာတာပေါ့” ဟု ဒေါ်မိုးမိုးထွန်းက ပြောသည်။

CAfT သည် အကျင့်ပျက်ခြစားမှုများနှင့် ဘဏ္ဍာငွေသုံးစွဲမှုအလွဲများကို အသိပညာပေး၊ အစီရင်ခံစာထုတ်သည့် အဖွဲ့အစည်းတစ်ခုဖြစ်ကာ အာဏာသိမ်းကာလ ကျောက်စိမ်း တရားမဝင်တူးဖော်မှုအစီရင်ခံစာအကျဉ်းကိုလည်း ယခုနှစ် ဖေဖော်ဝါရီတွင် ထုတ်ပြန်ထားသည်။

ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်နိုင်တင်း (Covid-19)  စတင်ဖြစ်ပွားသည့် ၂၀၂၀ အစောပိုင်းမှစ၍ တရုတ်ဘက်က နယ်စပ်လမ်းကြောင်းများပိတ်ပင်ခဲ့ရာ ကျောက်စိမ်းအရောင်းအဝယ် ရပ်တန့်သည်အထိ ဈေးကွက်ပျက်နေသော်လည်း တရားမဝင် ကျောက်စိမ်းတူးဖော်မှု ပိုမိုကြီးထွားလာနေသည်ဟု စောင့်ကြည့်လေ့လာသူများနှင့် ကျောက်တူးသမားများက ဆိုကြသည်။

ခိုးတူးခြင်း

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်ပျက်စီးမှုများနှင့် နောက်ဆက်တွဲအကျိုးဆက်များကြောင့် ဖားကန့်ဒေသတွင် လူရာချီ သေဆုံးသည်အထိ မတော်တဆမြေပြိုမှုများရှိလာသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ တွင် ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင်အသစ် ထုတ်မပေးတော့ပေ။ လိုင်စင်သက်တမ်းတိုးမပေးတော့သဖြင့် ဖားကန့်ကျောက်စိမ်းလုပ်ငန်းအားလုံး သက်တမ်းကုန်ဆုံးနေပြီဖြစ်သည်။​

စစ်ကောင်စီလက်အောက်ရောက်နေသော မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကလည်း ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များကို ယခုနှစ် ဧပြီ ၁ မှစ၍ ဆက်လက်တူးဖော်ခွင့်မပြုကြောင်း နိုင်ငံပိုင်သတင်းစာများမှနေ၍ ထုတ်ပြန်ကြေညာထားသည်။

သို့သော် ကုမ္ပဏီအများအပြားမှာ မြေပြင်တွင် ရပ်ဆိုင်းထားခြင်းမရှိဘဲ အင်တိုက်အားတိုက် တူးဖော်လျက်ရှိရာ စစ်ကောင်စီကြေညာချက်မှာ ဟန်ပြသက်သက်သာဖြစ်နေသည်ဟု CAfT မှ ဒေါ်မိုးမိုးထွန်းက ပြောသည်။

“လေးလပိုင်းမှာ ကျောက်စိမ်းလုပ်ကွက်တွေကို ရေရှည်အတွက် မျှော်မှန်းပြီးတော့ သူတို့ပိတ်သိမ်းမယ်ဆိုပြီးတော့ သူတို့ရေးတယ်။ လေးလပိုင်းနောက်ပိုင်းမှာ သူတို့ပိတ်သိမ်းတာ ဟုတ်လား မဟုတ်လားဆိုတာ လေးလပိုင်း သင်္ကြန်တွင်းမှာ သွားခဲ့ကြတာပေါ့။ ထပ်သွားတဲ့အခါမှာလည်း ဒီအတိုင်းပဲ ပုံစံမပျက် ထပ်တူးတာ တွေ့ရတယ်” ဟု CAfT ဒါရိုက်တာက ဆိုသည်။

ကျောက်စိမ်းတူးဖော်နေသည့် ကုမ္ပဏီများသာမက ပြင်ပမှ ငွေကြေးတက်နိုင်သူများက ဖားကန့်နယ်မြေကို ထိန်းချုပ်သည့် လက်နက်ကိုင်တပ်ဖွဲ့များနှင့် ညှိနှိုင်းကာ စစ်အာဏာသိမ်းကာလအတွင်း ဆက်လက်လုပ်ကိုင်နေခြင်းဖြစ်သည်။

အာဏာသိမ်းပြီးနောက် နိုင်ငံခြားငွေလိုအပ်ချက်ရှိနေသည့် စစ်ကောင်စီကလည်း ကျောက်စိမ်းတူးဖော်မှုကို တိုးမြှင့်ထုတ်လုပ်နေပြီး စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လိမိတက်၏ လုပ်ကွက်များမှာ ပုံမှန်တူးဖော်နေဆဲဖြစ်ကြောင်း ဒေါ်မိုးမိုးထွန်းက ဆိုသည်။

၂၀၁၇-၁၈ ဘဏ္ဍာနှစ်အစတွင် မြန်မာ့စီးပွားရေးဦးပိုင်၏ လက်အောက်ခံကုမ္ပဏီများသည် တူးဖော်ခွင့်လိုင်စင် ၁,၁၁၀ အထိရှိပြီး လုပ်ကွက်များမှာ အဖိုးတန်သဖြင့် စစ်တပ်အတွက် ဝင်ငွေပွပေါက်ကြီးတစ်ခုဖြစ်နေကြောင်း သဘာဝသယံဇာတထုတ်လုပ်တူးဖော်မှုနှင့် ပတ်သက်၍ စုံစမ်းထုတ်ဖော်နေသည့် ဗြိတိန်အခြေစိုက် Global Witness အဖွဲ့၏ အစီရင်ခံစာတစ်စောင်တွင် ဖော်ပြသည်။

တစ်ကိုယ်တော်သမားများ ကန့်သတ်ခံရမှု

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ ညအချိန် ကျောက်စိမ်းတူးဖော်နေသည်ကို ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – CAfT)

မြေစာပုံပြိုကျခြင်းကဲ့သို့ လုပ်ငန်းခွင်အန္တရာယ်ကို မိုးတွင်းကာလတွင် ပိုမိုကြုံတွေ့ရနိုင်သော်လည်း ကုမ္ပဏီများ၏ စွန့်ပစ်မြေစာထဲမှ ပြန်ရောင်းနိုင်သည့်ကျောက်ကို လိုက်လံရှာဖွေသူတို့မှာ ဖားကန့်ဒေသတွင် သိန်းနှင့်ချီ ရှိနေသည်။

အနယ်နယ်မှ လာရောက်သော ၎င်းတို့ကို ရေမဆေးကျောက်ရှာဖွေသူများဟု ခေါ်ကြသည်။

လက်နက်ကိုင်ထားသူတို့ကို ဆက်ကြေးပေးရခြင်း၊ ကျောက်ကောင်းရလျှင် လုံခြုံရေးစိုးရိမ်ရခြင်းများနှင့် ရင်ဆိုင်ရသည့် ရေမဆေးသမားအများစုတွင် နေရေး၊ စားရေးစီစဉ်ပေးသည့် လောပန်း ခေါ် အလုပ်ရှင် ရှိတတ်ပြီး ကျောက်ရောင်းရလျှင် ငွေကို အချိုးကျ ခွဲဝေကြသည်။ 

ဖားကန့်မြို့နယ် လုံးခင်းမှော်ထဲတွင် လွန်ခဲ့သည့် တစ်လမှစ၍ လုပ်ကွက်အများအပြား ရပ်နားထားသော်လည်း အချို့လုပ်ကွက်များမှာ မိုးတိတ်လျှင် တူးဖော်မှုရှိနေကြောင်း ထိုဒေသတွင် ၁၁ နှစ်ကြာ ရေမဆေးရှာဖွေခဲ့သလို လက်ရှိတွင် ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်သူတစ်ဦးက ဆိုသည်။

စစ်အာဏာသိမ်းပြီးနောက် လုံးခင်းတွင် လုပ်ငန်းရှင်များက နယ်မြေထိန်းချုပ်သည့် လက်နက်ကိုင်အဖွဲ့အစည်းများနှင့် ညှိနှိုင်း၍ တရားမဝင်တူးဖော်နေပြီး ၎င်းတို့၏မြေစာပုံသို့ ရေမဆေးသမားများ လာရောက်ခွင့်ကိုပင် ကန့်သတ်လာကြောင်း ၎င်းက ဆိုသည်။

“နေ့လုပ်တာမျိုး ရှားတယ်။ မှောင်ခိုလုပ်တဲ့ပုံစံမျိုးပေါ့။ ညကိုလုပ်တယ်။ နေ့ကိုမလုပ်ဘူး။ အဲဒီအချိန်မှာ ကျွန်တော်တို့ ရှာဖွေစားသောက်ရတဲ့သူတွေအတွက်မှာ တချို့ဆိုက်တွေဆိုရင် သွားလို့ကို အဆင်မပြေဘူး။ မရှာခိုင်းဘူး။ အဲ့လိုမျိုးဖြစ်နေတယ်” ဟု လုံခြုံရေးအရ အမည်မဖော်လိုသည့် ထိုအမျိုးသားက ဆိုသည်။

ကျောက်စိမ်းမှော်မှ ထွက်ရှိသည့် စွန့်ပစ်မြေစာပေါ်တွင် ယခင်က လွတ်လွတ်လပ်လပ်ရှာခွင့်ရသော်လည်း ယခုအခါ လုပ်ကွက် ၁၀ ခုလျှင် နှစ်ခုသုံးခုသာ ရှာခွင့်ပြုကြောင်း၊ ခွင့်မပြုဘဲ ရှာဖွေပါက ရိုက်နှက်ခြင်း၊ ထိုင်ထလုပ်ခိုင်းခြင်းနှင့် ရှာဖွေထားသည့်ကျောက်များသိမ်းဆည်းခြင်းတို့ရှိကြောင်း ၎င်းက ဆိုသည်။

စစ်ကောင်စီက ဖားကန့်ကို  ၂၀၂၁ ဩဂုတ်မှစ၍ ယနေ့အချိန်ထိ အင်တာနက်ဖြတ်တောက်ကာ သတင်းစီးဆင်းမှုထိန်းချုပ်ထားသည်။ တောင်များပျောက်ကွယ်သွားသည်အထိ တူးဖော်နေကြောင်း ဒေသခံများကို ကိုးကား၍ CAfT အဖွဲ့က ဆိုသည်။

ဖားကန့်နှင့် လုံးခင်းနယ်မြေမှ ကျောက်စိမ်းလုပ်ကွက်များသည် စစ်တပ်၊ ရဲနှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ လာဘ်ပေးလာဘ်ယူမှု၊ အဂတိလိုက်စားမှု၊ အခကြေးငွေရယူပြီး အကာအကွယ်ပေးထားမှုအောက်တွင် တရားမဝင်သယံဇာတတူးဖော်သည့်လုပ်ငန်းဖြစ်လာကြောင်း ထိုအဖွဲ့က ဆိုသည်။ 

သို့သော် ယခုနှစ်ဆန်းမှစ၍ ဖားကန့်နယ်မြေကို ကချင်လွတ်မြောက်ရေးတပ် (KIA) က ပိုမိုထိန်းချုပ်လာသည်။ ၎င်းတို့ကို ကျောက်မျက်လောကတွင် တောအဖွဲ့ဟု ခေါ်ဝေါ်ပြီး လက်ရှိတွင် စစ်ကောင်စီနှင့် KIA  နှစ်ဖက်စလုံးကို ငွေကြေးပေး၍ တူးဖော်ထုတ်လုပ်နေခြင်းဖြစ်ကြောင်း နေပြည်တော်မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

“ကုမ္ပဏီကြီးတွေတင် မဟုတ်ဘဲနဲ့ အပြင်သူဌေးပေါ့။ အပြင်ကျောက်သူဌေးတွေပေါ့။ ပိုက်ဆံရှိတဲ့သူတွေကိုယ်တိုင်က လုပ်ကွက်တွေ ညှိနှိုင်းပြီးတော့ ဘယ်နေရာ၊ ဘယ်နေရာကို တူးမယ်ပေါ့။ မြေကွက်တွေကို ဝယ်ကြတယ်လို့ ကြားတယ်။ အဲဒီလိုမြေကွက်တွေ အများအပြားဝယ်ပြီးတော့ လုပ်ကြတာပေါ့” ဟု ၎င်းက ဆိုသည်။

ပုံစံမျိုးစုံဖြင့် တူးဖော်ထုတ်လုပ်သည့် ကျောက်စိမ်းကို အရည်အသွေးကောင်းပါက လုပ်ငန်းရှင်ကြီးများက အချင်းချင်းချိတ်ဆက်ကာ မောင်ပိုင်စီးဝယ်ယူထားသဖြင့် အောက်ခြေဈေးကွက်ကို ကျောက်ကောင်းများ မရောက်ကြောင်း ၎င်းက ဆက်ပြောသည်။

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ ညအချိန် ကျောက်စိမ်းတူးဖော်နေသည်ကို ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – CAfT)

ပုံမှန်အားဖြင့် ဖားကန့်မှ ကျောက်စိမ်းများမှာ စစ်ကိုင်း၊ မန္တလေးနှင့် အခြားကျောက်ဝိုင်းများကို ဝင်ရောက်သည်။ အကျိုးတူနှင့် ပုဂ္ဂလိကကုမ္ပဏီများက အရည်အသွေးမြင့်မားသည့် ကျောက်စိမ်းများကို ယူရိုငွေ၊ ကျပ်ငွေဖြင့် ရောင်းချသည့် ပြည်တွင်းကျောက်မျက်ပြပွဲများတွင် တင်ရောင်းကြသည်။

စစ်ကောင်စီလက်ထက်တွင် မှောင်ခိုတူးဖော်မှု ပိုမိုကြီးထွားလာရာ ပြည်တွင်းကျောက်စိမ်းဈေးကွက်ထဲတွင် ပြပွဲများမှ ဆင်းလာသည့်ကျောက်နှင့် အခွန်ဆောင်ထားပြီး တရားဝင်အထောက်အထားရှိသည့် ကျောက်များ မရှိသလောက်ရှားလာကြောင်း ထိုလုပ်ငန်းရှင်က ဆိုသည်။ 

ထို့ပြင် ဒေသနှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက စစ်ကောင်စီဝင်ငွေလမ်းကြောင်းကို ပိတ်ဆို့ရန် ကျောက်စိမ်းသယ်လမ်းကြောင်းကို ထိန်းချုပ်စစ်ဆေးနေကြောင်း ၎င်းက ဆက်ပြောသည်။

“ကျောက်တွေက အောက်ကိုရောက်တာ ရှားတယ်။ သေးသေးသောသောပဲ ရောက်တာပေါ့။ ကိုယ့်ဘာသာ ခန္ဓာကိုယ်ထဲ ဝှက်ပြီး လွယ်အိတ်ထဲ အသာလေးယူသွားလောက်တာလေးလောက် ရောက်တယ်။ အရင်လိုမျိုး ပြူးပြဲနေတာမျိုးတွေသယ်လို့ မရတော့ဘူးပေါ့။ ကျောက်တွေအပေါ်မှာ ရှိသင့်သလောက်ရှိတယ်” ဟု ၎င်းက ဆိုသည်။

ဖားကန့်တွင် WeChat ဖြင့် ကြိုက်ရောင်းကြိုက်ဝယ်ရောင်းချမှုရှိသလို မြစ်ကြီးနားလမ်းကြောင်းဖြစ်သည့် ကန်ပိုက်တီ၊ ပန်ဝါနယ်စပ်နှင့် မူဆယ်လမ်းကြောင်းတို့မှ တရားမဝင်တင်ပို့မှုများရှိကြောင်း ဖားကန့်အခြေစိုက် ကျောက်စိမ်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။

ဈေးလည်းအနှိမ်ခံရ ဈေးကွက်လည်းပျက်

ပုံမှန်အားဖြင့် တရုတ်နှစ်သစ်ကူးအပြီး သင်္ကြန်မတိုင်မီ ကျောက်စိမ်းအရောင်းဝယ် အကောင်းဆုံးဖြစ်ပြီး ထိုအချိန်မတိုင်မီ ကျောက်မျက်ပြပွဲတစ်ခုပြုလုပ်တတ်သဖြင့် ကုန်ကြမ်းလည်း ပေါလေ့ရှိသည်။

သို့သော် ကိုဗစ်နိုင်တင်းကပ်ရောဂါစတင်သည့် အချိန်မှစ၍ ပြည်တွင်းကျောက်စိမ်းဈေးကွက် ထိုင်းမှိုင်းပြီး စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုများကြောင့် လုပ်ရကိုင်ရ ပိုကျပ်တည်းလာသည်ဟု နေပြည်တော်မှ အမည်မဖော်လိုသည့် ကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။

”စားရရုံ သောက်ရရုံ လည်ပတ်ရရုံလောက်ပဲ ရတာ။ ဘယ်သူမှ သူဌေးဖြစ်လာအောင် အရင်ကာလတွေလို အဆင်ပြေမနေဘူး။ ငတ်ပြတ်နေတာမဟုတ်ဘူး။ ဈေးကွက်အေးတယ်။ အရင်လိုမျိုးမဟုတ်ဘူး။ တရုတ်အပေါ်မှာပဲ မူတည်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီလက်အောက်ခံ မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကို အမေရိကန်၊ ဥရောပသမဂ္ဂနှင့် ဗြိတိန်တို့က အရေးယူဒဏ်ခတ်ထားသော်လည်း ကျောက်စိမ်းကို တရုတ်က အဓိကဝယ်သဖြင့် တိုက်ရိုက်မထိခိုက်ကြောင်း၊ နယ်စပ်ဂိတ်ပြန်ပွင့်ရေးသာ အခရာကျကြောင်း ၎င်းက ဆိုသည်။

အဓိကကျောက်စိမ်းဈေးကွက်တစ်ခုဖြစ်သည့် မန္တလေးကျောက်ဝိုင်းတွင်လည်း စစ်အာဏာသိမ်းပြီးနောက် အရောင်းအဝယ်ရပ်ထားရာမှ လွန်ခဲ့သည့်တစ်လအတွင်း အရောင်းအဝယ်ဖြစ်လာကြောင်း မန္တလေးမြို့ခံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။

သို့သော် ပုံမှန်အရောင်းအဝယ် ပုံမှန်ဈေးကွက်မဟုတ်ကြောင်း ၎င်းက ဆိုသည်။ ယခင်က ပွင့်လင်းရာသီတွင် ပြည်ပဧည့်သည်များဝင်ရောက်လာချိန် ကျောက်စိမ်းနှင့် လက်ဝတ်ရတနာဆိုင်အားလုံး အရောင်းအဝယ်ဖြစ်ပြီး ယခုအခါ ပစ္စည်းတင်ရောင်းပြီး ငွေဖော်ရန် ရုန်းကန်နေရသည်ဟု ၎င်းက ဆိုသည်။ 

“လောလောဆယ် ဈေးကွက်ပျက်နေတယ်ပဲ ပြောရမှာပေါ့။ ရောင်းဖို့ဝယ်ဖို့ ခက်ခဲတဲ့အနေအထားတစ်ခုမှာ ရှိတယ်ပေါ့” ဟု ၁၉၈၆ ကတည်းက ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူ ၎င်းက ဆိုသည်။ 

တူးဖော်မှုမရပ်တန့်သော်လည်း လမ်းပန်းဆက်သွယ်ရေး၊ သယ်ယူစရိတ်မြင့်၍ မန္တလေးကျောက်ဝိုင်းထဲသို့ ကုန်ကြမ်းဝင်ရောက်မှုနည်းပါးကြောင်း၊ ဝယ်လက်မျက်နှာကြည့်ရောင်းရ၍ ဈေးကောင်းမရကြောင်း၊ မန္တလေးနယ်ခံနှင့် နာမည်ရှိကျောက်ပွဲစားများ၊ အရင်းအနှီးတောင့်သူများသာ ရပ်တည်နိုင်ကြောင်း ၎င်းက ဆိုသည်။ 

ကျောက်စိမ်းကုမ္ပဏီများလက်တွင် ထုတ်လုပ်ပြီးကုန်ကြမ်းအများအပြားရှိသော်လည်း တစ်နိုင်တစ်ပိုင်နှင့် ပြပွဲကြီးကောင်းကောင်း မဖြစ်ကြောင်းလည်း ၎င်းက ပြောသည်။

ထွက်နှုန်း အလားအလာ

ကချင်ပြည်နယ် ဖားကန့်ဒေသတွင် စက်ယန္တရားကြီးများ ညအချိန် ကျောက်စိမ်းတူးဖော်နေသည်ကို ယခုနှစ် ဇန်နဝါရီလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – CAfT)

ဈေးကွက်မကောင်းသည့်ပြင် စစ်ကောင်စီက မန္တလေးကျောက်ဝိုင်းကို စစ်ဆေးဖမ်းဆီးမှုများရှိသဖြင့် လွတ်လွတ်လပ်လပ်ရောင်းဝယ်ခွင့်မရကြောင်း ကျောက်စိမ်းအရောင်းအဝယ်လုပ်ကိုင်သည့် အမျိုးသမီးတစ်ဦးက ပြောသည်။

“ရင်တထိတ်ထိတ်လုပ်ရတယ်။ မြန်မြန်ဆုံးဖြတ်ပြီး ရောင်းရတယ်။ ဈေးကွက်က မတည်ငြိမ်ဘူးလေ။ ဈေးပေးတုန်း ရောင်းမှပဲဆိုပြီး အဲလိုရောင်းပစ်လိုက်ရတာ များတယ်။ နိုင်ငံရေးမတည်ငြိမ်တဲ့အခါကျတော့ တော်ကြာနေရင် ဝိုင်းက ပိတ်မှာလား။ ကျောက်တွေက အောင်းနေရင် မရောင်းရမှာ စိုးရိမ်ရတယ်” ဟု ၎င်းက ဆိုသည်။

အရပ်သားအစိုးရလက်ထက်က နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်မျက်ပြပွဲများကို ပြည်တွင်းပြည်ပကုန်သည် ထောင်ချီတက်ရောက်သော်လည်း စစ်ကောင်စီပြုလုပ်သည့်ပွဲကို ရာဂဏန်းသာ တက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) သယံဇာတနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ထောက်ပြသည်။

နိုင်ငံခြားငွေဖြင့် ရောင်းချသည့် ကျောက်စိမ်းနှင့် ကျောက်မျက်ရောင်းချပွဲတစ်ခုလျှင် ယူရို သိန်း ၄,၀၀၀ ကျော် ရရှိပြီး အာဏာသိမ်းပြီးနောက် ဒီဇင်ဘာနှင့် ဧပြီတွင် ပြုလုပ်သည့် ပြပွဲနှစ်ခုပေါင်းမှ ယူရို သိန်း ၁,၆၀၀ ခန့်သာ ရရှိကြောင်း ၎င်းက ဆိုသည်။

ကျင့်ဝတ်လိုက်နာသည့် ကုန်သည်များက စစ်ကောင်စီပြပွဲကို လက်ရှောင်ကြောင်း၊ အနောက်နိုင်ငံများ၏ အရေယူဒဏ်ခတ်မှုကြောင့် တန်ရာတန်ကြေးမရရှိကြောင်း ၎င်းက ဆက်ပြောသည်။

“ပြောရရင် Sanction  (အရေးယူဒဏ်ခတ်မှု) လုပ်ထားတော့ ပေါ်ပေါ်တင်တင် မရောင်းရဘူး။ ခိုးကြောင်ခိုးဝှက်ရောင်းရတော့ တန်ရာတန်ကြေးမရဘဲ ဈေးနှိမ်ခံရတယ်။ ပြောရရင် မတန်မရာဈေးရတာပေါ့” ဟု ၎င်းက Myanmar Now ကို ပြောသည်။ 

ယခင်စစ်အစိုးရ အဆက်ဆက်ကလည်း နယ်စပ်လမ်းကြောင်းမှတစ်ဆင့် ကျောက်မျက်ဈေးကွက်ဖြစ်သည့် ထိုင်းနှင့် ကျောက်စိမ်းဈေးကွက်ဖြစ်သည့် တရုတ်ကို အဓိကစီးထွက်နေပြီး အနောက်နိုင်ငံဈေးကွက်များကို တင်ပို့လိုလျှင် ခိုးကြောင်ခိုးဝှက်လုပ်ကိုင်ရကြောင်း ၎င်းက ဆိုသည်။

CAfT အဖွဲ့၏ အစီရင်ခံစာတွင်လည်း စစ်အာဏာသိမ်းမှုနောက်ဆက်တွဲ နိုင်ငံရေးမတည်ငြိမ်မှုကြောင့် တရုတ်သည် ကျောက်စိမ်းလုပ်ငန်းမှ ယခင်ကထက် အကျိုးအမြတ်ထွက်နေကြောင်း ဖော်ပြထားသည်။

ကိုဗစ်ကပ်ဘေးအပါအဝင် ငွေကြေးလွှဲပြောင်းမှုအကျပ်အတည်းကြောင့် တရုတ်ကုန်သည်များနှင့် ငွေသုံးနိုင်သည့် ကုန်သည်များ ရောက်မလာ၍ ကျောက်စိမ်းကို ဈေးနှုန်းအပြိုင်အဆိုင် မပေးတော့ဘဲ လျှော့ဈေးဖြင့် ဝယ်ယူကြသည့် အခြေအနေဖြစ်ကြောင်း ကျောက်မျက်လုပ်ငန်းလုပ်ကိုင်သူတို့ထံမှ သိရသည်။

ကျောက်စိမ်းဈေးကွက်ပြန်ကောင်းမည့်အချိန်ကို မခန့်မှန်းနိုင်သော်လည်း ကျောက်စိမ်းထွက်ရာဒေသများတွင် အထိန်းချုပ်မဲ့တူးဖော်မှုများကြောင့် ကျောက်စိမ်းကုန်ကြမ်း ရှားပါးနိုင်ကြောင်း နေပြည်တော်မှ ကျောက်မျက်လုပ်ငန်းရှင်က ဆိုသည်။

“ကျောက်ထွက်တဲ့ နေရာတွေကို အရင်လိုမျိုး မကျန်တော့ဘူး။ ကျောက်ရှားနေပြီ။ တရုတ်ဘက်အခြမ်းက သူတို့ဟာကို မခန့်မှန်းနိုင်ဘူး။ ပွင့်ပွင့်လင်းလင်းပြောရရင် ဘာမှမရှိတော့ဘူး။ ကျောက်က ရှားလာမှာ သူတို့ မထိန်းချုပ်ဘူးဆိုရင် ပိုရှားမှာ” ဟု ၎င်းက ပြောသည်။

ယခုနှစ်အတွင်း ဖားကန့်ကျောက်စိမ်းဒေသကို နှစ်ကြိမ်ရောက်ခဲ့သည့် ဒေါ်မိုးမိုးထွန်းကလည်း အလားတူ မှတ်ချက်ပြုသည်။

“ကိုယ့်နိုင်ငံက ထွက်တဲ့ သယံဇာတကတော့ တန်ဖိုးမရှိသလောက်ကို ဖြစ်ပြီးတော့ ကြားထဲမှာ လုပ်ရဲကိုင်ရဲတဲ့သူတွေပဲ ဒီအသီးအပွင့်ကို ခံစားသွားရတဲ့သူတွေပေါ့။ ဒေသကတော့ ဟောင်းလောင်းပဲ ကျန်သွားမဲ့သဘောဖြစ်တယ်။ ဒေသခံလည်း ခံစားရမဲ့သဘောမဟုတ်ဘူး” ဟု ဒေါ်မိုးမိုးထွန်းက ပြောလိုက်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button