နာမည်ကျော် ကျောက်စိမ်းထွက်ရာ ကချင်ပြည်နယ်၊ ဖားကန့်မှာ အာဏာသိမ်းစစ်ကောင်စီတပ်က အင်အားရာနဲ့ချီ စစ်ကြောင်းထိုးနေတာကြောင့် ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေ ဖြစ်နေတာ တစ်လကျော် ရှိလာပါပြီ။ ထောင်နဲ့ချီတဲ့ ဖားကန့်ဒေသခံတွေ ဘေးလွတ်ရာ ထွက်ပြေးနေကြရသလို ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းတွေလည်း ရပ်တန့်နေပါတယ်။
ပြီးခဲ့တဲ့ ၂၀၂၄ နှစ်ဆန်းပိုင်းကနေ စခဲ့တဲ့ KIA ရဲ့ ထိုးစစ်အတွင်း ဖားကန့်မြို့နဲ့ နီးစပ်ရာ ကျေးရွာတွေကို KIA က ထိမ်းချုပ်နိုင်ခဲ့ပါတယ်။ အဲ့ဒီနောက် ဖားကန့်မြို့အခြေစိုက် စစ်ကောင်စီတပ်စခန်းတွေဟာ ပိတ်ဆို့ခံရတဲ့ အခြေအနေဖြစ်သွားခဲ့ပါတယ်။ ဆုံးရှုံးသွားတဲ့ နယ်မြေတွေကို ပြန်ရဖို့ စစ်ကောင်စီက အခု ၂၀၂၅ ဧပြီလကစပြီး အင်အား ၆၀၀ ကျော်နဲ့ ထိုးစစ်ပြန်စခဲ့ပါတယ်။
မေလမှာတော့ အင်အား၁၀၀ ကျော်ပါတဲ့ စစ်ကောင်စီစစ်ကြောင်း ဖားကန့်မြို့ထဲကို ဝင်နိုင်ခဲ့ပြီးတဲ့နောက် ဖားကန့်က ကျောက်စိမ်းလုပ်ကွက်တွေ ၊ စစ်စခန်းနေရာတွေကို ပြန်ယူဖို့ ကြိုးစားလာပါတယ်။
အခုချိန်မှာတော့ ဖားကန့်မြို့မြောက်ဘက် နှစ်မိုင်အကွာမှာရှိတဲ့ အမှိုက်ပုံရွာနားမှာ စစ်ကောင်စီစစ်ကြောင်းတခုနဲ့ KIA ပူးပေါင်းတပ်တွေ တိုက်ပွဲဖြစ်နေပြီး မြို့အနောက်ဘက် မှော်ဝမ်းလေးနဲ့ မှော်ဝမ်းကြီးရွာနားမှာလည်း စစ်ကောင်စီရဲ့ နောက်ထပ် စစ်ကြောင်းတစ်ခုနဲ့ KIA ပူးပေါင်းတပ်တွေကြား တိုက်ပွဲပြင်းထန်နေပါတယ်။
ဖားကန့်မြို့ကို ပြန်ထိမ်းချုပ်ဖို့အပြင် သူတို့လက်လွှတ်ခဲ့ရတဲ့ ကျောက်စိမ်းလုပ်ကွက်တွေ ၊ တပ်စခန်းတွေကို ပြန်လိုချင်တာကြောင့် စစ်ကောင်စီတပ်ဟာ ထိုးစစ်ဆင်နေတာလို့ KIA ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
မင်းမောင်၊ မြတ်ကြီး/ Myanmar Now



