သတင်း

နယ်စပ်တွင် စစ်ကောင်စီ ဝင်ငွေရသည့် ကျောက်စိမ်းတင်ပို့မှုရပ်ဆိုင်း

စစ်ကောင်စီ အခွန်ငွေ အများအပြားရစေသည့် ကျောက်စိမ်းတင်ပို့မှုမှာ တရုတ်နယ်စပ် အခြေအနေများကြောင့် ရပ်ထားရသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များက ပြောသည်။

တရုတ်−မြန်မာ နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်ပြီး၊ နယ်စပ်ဂိတ်များ လက်လွှတ်ထားရချိန်တွင် စစ်ကောင်စီအတွက် အခွန်ငွေအများအပြားရနေသည့် ကျောက်စိမ်းတင်ပို့မှု ရပ်သွားသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များကပြောသည်။

ပြီးခဲ့သည့် ၂၀၂၃ အောက်တိုဘာလအတွင်း ဖြစ်ပေါ်ခဲ့သည့် ၁၀၂၇ စစ်ဆင်ရေးအတွင်း ရှမ်းပြည်မြောက်ပိုင်းရှိ စစ်ကောင်စီတပ်စခန်းများနှင့် မြို့အများပြားကို ကိုးကန့်တပ် MNDAA၊ တအာင်းအဖွဲ့ TNLA နှင့် အာရက္ခတပ်တော် AA တို့က  သိမ်းပိုက်ထားပြီး နယ်စပ်ကုန်သွယ်ရေးစခန်းများကို ထိန်းချုပ်ထားသည်။

ထိုဒေသများတွင် ကုန်စည်စီးဆင်းမှု ရပ်ဆိုင်းသွားခြင်းနှင့်အတူ စစ်ကောင်စီကို အခွန်ပေးတင်ပို့သည့် ကျောက်စိမ်းတင်ပို့မှုလည်း လုံးဝရပ်ဆိုင်းသွားသည်၊ လောက်ကိုင်မြို့တွင် ကျားဖြန့် ခေါ် အွန်လိုင်းငွေလိမ်ဂိုဏ်းများကို အကြီးအကျယ် နှိမ်နင်းမှုကာလအပြီးတွင် ဖြစ်သည်ဟု မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များ အသင်းဝင်တစ်ဦးက Myanmar Now ကို ပြောသည်။

“ကျားဖြန့်ပေါ်လာပြီး နောက်ပိုင်းပေါ့။ ပြီးခဲ့တဲ့နှစ် အောက်တိုဘာလောက်ကပေါ့။ လောက်ကိုင်အရေးအခင်းနောက်ပိုင်း တောက်လျှောက်ပိတ်ကုန်တယ်” ဟု အဆိုပါကုန်သည်က ပြောသည်။

“လုံးဝနီးပါးလောက်ပါပဲ၊ တစ်နေ့ထက်တစ်နေ့ ပိုပြီးတော့ ပိတ်လာတယ်။ လမ်းတွေလည်းပိတ်တယ်။ လမ်းတွေလည်း ဆိုးလာတာပေါ့။ မိုးတွင်းဆို လမ်းကလည်း ဆိုးတယ်။ လမ်းတွေလည်း ပျက်စီးလာတယ်။ နောက်ပြီး လမ်းကြောင်းလည်း ပိတ်ထားတယ်”

တရုတ်သို့ ကျောက်စိမ်းတင်ပို့မှုရပ်သွားသည့်အတွက် ပြည်တွင်းဈေးကွက်တွင် ကျောက်စိမ်းများကို လက်ကောက်၊ ပုတီးနှင့်အချောထည်ပြုလုပ်သည့် ပြည်တွင်းလုပ်ငန်းရှင်အချင်းချင်း ပြန်ရောင်းဝယ်ရသည့် အခြေအနေဖြစ်လာသည်ဟုလည်း အထက်ပါ ကျောက်စိမ်းလုပ်ငန်းရှင်က ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေမြို့နယ်၊ ၄၁ လမ်းနှင့် ၈၇ လမ်းကြား သင်္ဂဇာချောင်းအနီး ဖွင့်ထားသည့်၊ ဆိုင်ခန်း ၁,၀၀၀ ကျော်ရှိ ကျောက်မျက်ရောင်းဝယ်ရေးစခန်းတွင်လည်း တရုတ်ကုန်သည်များ လာရောက်မှုနည်းသဖြင့် အရောင်းအဝယ်ထိုင်းနေကြောင်း ကျောက်အရောင်းအဝယ် ၁၃ နှစ်ကျော်ကြာ အတွေ့အကြုံရှိသူ ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

“အဝယ်မလိုက်တော့ တစ်ကျပ်တန်တဲ့ပစ္စည်းက ပြား ၆၀၊ ပြား ၇၀ လောက်ဝန်းကျင်ပဲ ရကြတယ်။ ဈေးနှိမ်တာရယ်လို့မဟုတ်ဘဲ အဝယ်ပါးတဲ့အချိန်မှာတော့ တွန်းတွန်းတိုက်တိုက် မဝယ်ကြတာပေါ့။ တကယ်‌ကောင်းတဲ့ပစ္စည်းဆိုရင်တော့ သူ့ဈေးနဲ့သူ့ရပါတယ်” ဟု သူက ပြောသည်။

မန္တလေးမြို့ မဟာအောင်မြေကျောက်ဝိုင်းတွင် မြန်မာကုန်သည်အချင်းချင်းသာ ရောင်းဝယ်နေကြပြီး WeChat မှတစ်ဆင့် ရောင်းချမှုများလည်း ရှိနေသည်။

တရုတ်ကုန်သည်အများအပြား ပြည်တော်ပြန်သွားကြပြီး ကျန်နေသူများမှာလည်း ဈေးနှိမ်ဝယ်ယူရန် ရည်ရွယ်သူဖြစ်၍ ယခုနှစ်ဆန်းတွင် ကျောက်စိမ်းဈေးကွက်ပျက်လုနီးပါး ဖြစ်နေသည်ဟု နေပြည်တော်နေ ကျောက်မျက်လုပ်ငန်းရှင် အမျိုးသားတစ်ဦးက ပြောသည်။

သို့သော် တရုတ်နိုင်ငံသည် မြန်မာကျောက်စိမ်း အဓိကတင်ပို့ရာဈေးကွက်ဖြစ်၍ မှောင်ခိုလမ်းကြောင်းမှ သူ့နည်းသူဟန်ဖြင့်ဆက်လက်တင်ပို့နေကြောင်း ၎င်းက ဆိုသည်။

“အရင်တုန်းက မန္တလေးမှာဆိုရင် တရုတ်ကုန်သည်တွေရှိတယ်။ ဒါပေမဲ့ အခုက တိုက်ပွဲတွေဖြစ်တော့ ကျောက်တွေက မှော်ထဲကနေ မှောင်ခိုလမ်းက တရုတ်ကို တိုက်ရိုက်ရောက်သွားတာများတယ်။ မန္တလေးကို မလာတော့ဘူး။ ပြောရရင် သူနည်းသူ့ဟန်နဲ့လုပ်စားနေကြတာပါပဲ”

ပြီးခဲ့သည့် ၂၀၂၃-၂၄ ဘဏ္ဍာနှစ်တွင် ကျောက်စိမ်းအပါအဝင် သတ္တုတွင်းထွက်ပစ္စည်းတင်ပို့မှုသည် အမေရိကန်ဒေါ်လာ ၂၇၁ သန်းကျော်သာ ရရှိခဲ့ပြီး ယခင်နှစ်နှင့် နှိုင်းယှဉ်ပါက ဒေါ်လာသန်း ၆၀ ကျော် ကျဆင်းခဲ့ကြောင်း စီးပွားကူးသန်းဝန်ကြီးဌာန စာရင်းများတွင် တွေ့ရသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရလက်ထက် ၂၀၁၆ တွင် ကျောက်စိမ်းနှင့် ကျောက်မျက်တူးဖော်ရေးလိုင်စင်အသစ်ထုတ်မပေးတော့ပေ။ လိုင်စင်သက်တမ်း တိုးမပေးတော့သဖြင့် ဖားကန့်ရှိ ကျောက်စိမ်းလုပ်ငန်းအားလုံး သက်တမ်းကုန်ဆုံးနေပြီဖြစ်သည်။​

စစ်ကောင်စီလက်အောက်ရောက်နေသော မြန်မာ့ကျောက်မျက်ရတနာရောင်းဝယ်ရေးလုပ်ငန်း (MGE) ကလည်း ကချင်ပြည်နယ်အတွင်းရှိ ကျောက်စိမ်းလုပ်ကွက်များကို ၂၀၂၂ ဧပြီ ၁ မှစ၍ ပိတ်ပင်ကြောင်း နိုင်ငံပိုင်သတင်းစာတွင် ထုတ်ပြန်ကြေညာထားသည်။

သို့သော် ကျောက်စိမ်းလုပ်ငန်းရှင်များက ဒေသအခြေစိုက် စစ်ကောင်စီတပ်ရင်းများမှ စစ်တပ်အရာရှိများ၊ ဒေသတွင်း တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တို့ထံ ဆက်ကြေးပေးကာ ကျောက်စိမ်းဆက်လက်တူးဖော်နေသည်ဟု ကျောက်မျက်လုပ်ငန်းရှင်များက ဆိုသည်။

အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီသည် တစ်နှစ်လျှင် ကျောက်မျက်ရောင်းချပွဲ သုံးကြိမ်ထက်မနည်း ပြုလုပ်ကာ နိုင်ငံခြားငွေနှင့် ကျပ်ငွေ ရရန် ကြိုးပမ်းနေသည်။

နိုင်ငံခြားငွေဖြင့်ရောင်းသည့် ကျောက်မျက်ရောင်းချပွဲ၊ စစ်တပ်ပိုင် မြန်မာ့စီပွားရေးဦးပိုင်ကုမ္ပဏီနှင့် ပူးပေါင်းပြုလုပ်သည့် အကျိုးတူကျောက်မျက်ပွဲနှင့် ကျပ်ငွေဖြင့်ရောင်းချသည့် ကျောက်မျက်ပွဲဟူ၍ ပြပွဲများ နှစ်စဉ်ပြုလုပ်နေသည်။

ဗြိတိန်နိုင်ငံအခြေအစိုက် Global Witness အဖွဲ့ကြီး၏ ၂၀၂၁ ခုနှစ်ထုတ် အစီရင်ခံစာတစ်စောင်အရ နိုင်ငံပိုင် မြန်မာ့ကျောက်မျက်ရတနာလုပ်ငန်းသည် နှစ်စဉ် ဒေါ်လာ ၃၄၆ သန်းမှ ၄၁၅ သန်းကြား ရရှိနိုင်ပြီး တရားမဝင်တူးဖော်မှုများပါ ထည့်တွက်မည်ဆိုပါက နှစ်စဉ် ပျမ်းမျှ ဒေါ်လာ ၂ ဘီလျံအထိ ရရှိနိုင်သည်ဟု ဆိုသည်။

Show More

Related Articles

Back to top button