(ရန်ကုန်) – နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို လူမှုကွန်ရက်တွင် ဝေဖန်ရေးသားမှုကြောင့် ဖမ်းဆီး တရားစွဲခံနေရသည့် ငါးမင်းဆွေ၏အမှုတွင် တရားလိုပြ သက်သေ ၅ ဦးကို စစ်ဆေးသွားမည်ဟု အနောက်ပိုင်းခရိုင်တရားရုံး ဥပဒေအရာရှိက Myanmar Now သို့ ယနေ့ (ဇူလိုင်၃၁) တွင် ပြောသည်။
ဦးမင်းဆွေဟုလည်း လူသိများသည့် အသက် ၆၂ ခန့် အရွယ် ငါးမင်းဆွေသည် ဇူလိုင်၁၂ တွင် ထိန်းသိမ်းခံခဲ့ရပြီးနောက် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇသတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် တရားရင်ဆိုင်နေရခြင်းဖြစ်သည်။
ပုဒ်မ ၁၂၄(က) အရ အစိုးရကို လူအများက မုန်းထားအောင် သို့မဟုတ် မလေးမစားအောင် နှုတ်အားဖြင့်၊ စာအားဖြင့်၊ အမှတ်အသားအားဖြင့်၊ ပုံသဏ္ဌာန်တစ်ခုခုဖြင့် ပြုလုပ်လျှင် သို့မဟုတ် မေတ္တာပျက်အောင် လှုံ့ဆော်လျှင် သုံးနှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ တစ်သက်တစ်ကျွန်းအထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ် သက်သက်ဖြစ်စေ ချမှတ်ရမည်ဟု ပြဋ္ဌာန်းထားသည်။
တရားလိုပြသက်သေ ၅ ဦးတွင် ငါးမင်းဆွေကို လှိုင်မြို့နယ်ရှိ နေအိမ်တွင် သွားရောက် ထိန်းသိမ်းခဲ့သူ လှိုင်မြို့နယ် ရဲမှူး၊ ထိန်းသိမ်းစဉ်က သိမ်းဆည်းလိုက်သည့် ကွန်ပျူတာနှင့် မိုဘိုင်းဖုန်းများကို စစ်ဆေးမည့် နည်းပညာကျွမ်းကျင်သူ သုံးဦး၊ တရားလို ဒုတိယရဲမှူးကြီး သာထွန်းတို့ ဖြစ်သည်ဟု ခရိုင်ရုံး ဥပဒေအရာရှိ ဦးအောင်သန်းရွှေက ပြောသည်။
ယခုနှစ် မေလ ၁၆ရက်နေ့က ငါးမင်းဆွေ၏ လူမှုကွန်ရက် ဖေ့စ်ဘုတ်စာမျက်နှာတွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြည့်တန်ဆာအမျိုးသမီးထက်ပင် ယုတ်ညံ့သည့်အမျိုးသမီး ဖြစ်သည်ဟု ရေးသားထားပြီး တပ်နှင့်ပြည်သူကို သွေးကွဲအောင်လုပ်နေသူ ဖြစ်သည်ဟုလည်း ရေးသားထားကြောင်း တရားလို ဒုရဲမှူးကြီးသာထွန်းက အနောက်ပိုင်းခရိုင်တရားရုံး၏ ယနေ့တရားခွင်တွင် ထွက်ဆိုခဲ့သည်။
ဒုရဲမှူးကြီးသာထွန်းက ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံ၏အတိုင်ပင်ခံနှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် ပြည်ထောင်စုအစိုးရအတွက် တာဝန်ယူ ဆောင်ရွက်နေသူဖြစ်၍ ငါးမင်းဆွေ၏ ရေးသားချက်များမှာ အစိုးရကို ပြည်သူက မလိုမုန်းထားအောင် ရေးသားခြင်းများ ဖြစ်နေသောကြောင့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ရာဇဝတ်ကြီး ပုဒ်မ ၁၂၄ (က) ဖြင့် အရေးယူပေးရန် တရားသူကြီးကို လျှောက်ထားခဲ့သည်။
ငါးမင်းဆွေက ၎င်း၏ ဖေ့စ်ဘုတ်စာမျက်နှာတွင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီးဦးသန်းရွှေ ကြေးရုပ်ကို နေပြည်တော်တွင် ထားရှိသွားမည်ဟု ဇူလိုင်လ ၄ ရက်နေ့တွင် ရေးသားခဲ့သည်။
ဇူလိုင်လ ၁၃ ရက်နေ့ကလည်း သမ္မတဦးဝင်းမြင့်နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ ဓာတ်ပုံဖြင့် သမ္မတက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ တပ်ချုပ်ကြီးအား အာဏာလွှဲအပ်လိမ့်မည်ဟု မျှော်လင့်ကြောင်း ရေးသားထားသည်။
ဆောင်းပါးရှင် ငါးမင်းဆွေသည် တပ်မတော်အစိုးရ အာဏာရစဉ် နိုင်ငံပိုင်သတင်းစာများတွင် ဒေါ်အောင်ဆန်းစုကြည်ကို ပုတ်ခတ်ရေးသားခဲ့ဖူးသည်။