သတင်း

တစ်နှစ်ကျော် ပုန်းအောင်းနေသည့် ဘူးလက်လှဆွေ လာရောက်အဖမ်းခံ 

နိုင်ငံတော်အကြည်ညိုပျက်စေမှုဖြင့် ဖမ်းဝရမ်းထုတ်ခံထားရသော ဘူးလက်လှဆွေ (ခေါ်) ဦးလှဆွေသည် ယနေ့ (ဒီဇင်ဘာ ၂၈) တွင် လာရောက်အဖမ်းခံခဲ့ကြောင်း ရန်ကုန်အနောက်ပိုင်းခရိုင်တရားရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ 

ဘူးလက်လှဆွေကို အဆိုပါတရားရုံး၌ပင် စစ်ဆေးနေဆဲဖြစ်ပြီး ၎င်း၏အမှုနှင့် ပတ်သက်၍ မည်သို့ ဆက်လက် စစ်ဆေးမည်ကို မသိရသေးကြောင်းလည်း အဆိုပါတာဝန်ရှိသူက ပြောသည်။ 

ပြည်ခိုင်ဖြိုးပါတီဝင် လွှတ်တော်ကိုယ်စားလှယ်ဟောင်းတစ်ဦးဖြစ်သည့် ဦးလှဆွေသည် ၂၀၁၉ ခုနှစ် ဩဂုတ်လ ၃ ရက်က ရန်ကုန်မြို့တွင် ပြုလုပ်ခဲ့သော ဆန္ဒဖော်ထုတ်ပွဲအတွင်း ပြောကြားချက်နှင့် ပတ်သက်၍ နိုင်ငံတော် အကြည်ညိုပျက်စေမှု ရာဇသတ်ကြီးပုဒ်မ ၁၂၄-က ဖြင့် အမှုဖွင့် အရေးယူခံခဲ့ရခြင်းဖြစ်သည်။ 

အဆိုပါ ဆန္ဒဖော်ထုတ်ပွဲတွင် ဦးလှဆွေက “အမေရိကန်က လာဗုံးခွဲရင် ဝန်ကြီးများရုံးတို့၊ သမ္မတရုံးတို့၊ အစိုးရ အဖွဲ့ရုံးတို့၊ အတိုင်ပင်ခံရုံးတို့ ဗုံးကြဲရင် သဘောမတူဘူးလား။ အသာလေး ကြည့်နေလိုက်ပေါ့ ” ဟု လည်း ကောင်း၊ “ဗုံးကြဲစမ်းပါ။ အစိုးရအဖွဲ့ရုံးတွေ၊ ဝန်ကြီးရုံးတွေ၊ အကုန်လုံးသေပါစေ၊ အေးရော မဟုတ်ဘူးလား” ဟု ပြောဆိုခဲ့သည်။ 

၎င်း၏ လုပ်ရပ်နှင့် စွဲဆိုထားသည့် ပုဒ်မမှာ မထိုက်တန်သဖြင့် အမှုမှ ထွက်ပြေးတိမ်းရှောင်နေခြင်း ဖြစ်သည်ဟု ရဲတပ်ဖွဲ့ထံ လာရောက်အဖမ်းခံခြင်းမပြုမီ ဦးလှဆွေက လက်ရှိအာဏာရပါတီနှင့် အစိုးရကို ဝေဖန်တိုက်ခိုက်မှု များပြုလုပ်လေ့ရှိသည့် Myanmar Hard Talk နှင့် ရုပ်သံအင်တာဗျူးတွင် ပြောကြားထားသည်။ 

“ဒါကြီးက လွန်လွန်းအားကြီးတယ်။ တရားမျှတမှု မရှိတဲ့ အစိုးရလက်ထက်မှာ ဝရမ်းပြေးတို့ သူပုန်တို့ ဖြစ်နေတာ ပိုပြီးတော့ သတ္တိရှိလို့” ဟု ဦးလှဆွေက ပြောသည်။ 

အမှုဖွင့်ခံရပြီးနောက် အမှုရင်ဆိုင်ခြင်းမရှိဘဲ ပုန်းအောင်းနေသည့် ဦးလှဆွေကို ၂၀၁၉ ဩဂုတ်လ ၇ ရက်တွင် ဖမ်းဝရမ်းထုတ်ခဲ့သော်လည်း တစ်နှစ်ကျော်ကြာသည်အထိ ရဲတပ်ဖွဲ့က ဖမ်းဆီးနိုင်ခြင်း မရှိခဲ့ပေ။ 

Tomorrow News Journal ၏ Facebook စာမျက်နှာတွင် ယနေ့နံနက်ပိုင်း ဖော်ပြမှုအရ ခရိုင်ရဲတပ်ဖွဲ့ရုံးတွင် လာရောက်အဖမ်းခံခဲ့သော ဦးလှဆွေသည် ဆံပင်ကုတ်ဝဲ၊ ပန်းရောင်ရှပ်အင်္ကျီနှင့် ဘောင်းဘီအဖြူ၊ နေကာ မျက်မှန်ဝတ်ဆင်ထားသည်ကို တွေ့ရသည်။ 

ဦးလှဆွေ အဖမ်းမခံဘဲ ပုန်းအောင်းနေစဉ်အတွင်း အနောက်ပိုင်းခရိုင်တရားရုံးက ဦးလှဆွေ၏ ပိုင်ဆိုင်မှုများကို သိမ်းဆည်းထားနိုင်ရန် ကြိုးပမ်းခဲ့သော်လည်း မည်သည့်ပိုင်ဆိုင်မှု တစ်စုံတစ်ရာကိုမျှ သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ပေ။ 

တပ်မတော်တွင် ဒုဗိုလ်မှူးကြီးအထိ တာဝန်ထမ်းဆောင်ဖူးသော အသက် ၆၀ နှစ်အရွယ်ရှိ ဦးလှဆွေကို စွဲဆိုထား သည့် နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၁၂၄-က အရ အမြင့်ဆုံးထောင်ဒဏ် တစ်သက်တစ်ကျွန်း (ထောင်ဒဏ် နှစ် ၂၀) အပြင် ငွေဒဏ်လည်း ချမှတ်နိုင်သည်။ 

၂၀၂၀ နှစ်ကုန်ပိုင်းတွင် ဝရမ်းပြေးဘဝဖြင့် ထွက်ပြေးတိမ်းရှောင်နေသူများဖြစ်သည့် မဘသဦးဆောင်ဆရာ တော် ဦးဝီရသူ၊ ဦးကိုနီအမှုမှ တရားခံများကို ထောက်ခံအားပေးသူ အမျိုးသားရေးသမားများဖြစ်ကြသည့် ဟိဏ်းဝေယံ၊ မြတ်ဘုန်းမို၊ အောင်လင်း၊ တင်လင်းထိုက်တို့လည်း လာရောက်အဖမ်းခံခဲ့သည်ကို တွေ့ရသည်။ 

Show More

Related Articles

Back to top button