သတင်း

၁၅ လအတွင်း ကရင်နီဒေသ ရှေ့တန်းစခန်း ၁၃ ခုကို စစ်ကောင်စီတပ် စွန့်ခွာ

ပြီးခဲ့သည့် ၁၅ လအတွင်း စစ်ကောင်စီက  တော်လှန်ရေးတပ်ဖွဲ့များ အားကောင်းသည့် ကရင်နီ (ကယား) ပြည်နယ်မှ ရှေ့တန်း ခံစစ်စခန်း ၁၃ ခုကို စွန့်ခွာသွားသည်ဟု ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) ထံမှ သိရသည်။

ရှားတောမြို့နယ်ရှိ စခန်း ၈ ခု၊ ဖရူဆိုမှ ၂ ခု၊ မယ်စဲ့မှ ၂ ခု၊ ဘောလခဲမှ  ၁ ခု ဖြစ်သည်ဟု ဆိုသည်။ 

“ယာယီစခန်းတစ်ခုမှ မပါဘူး။ အားလုံးက (သက်တမ်း) ၁၀ နှစ်နဲ့ အထက်တွေပဲ ရှိတယ်” ဟု KNPP အတွင်းရေးမှူး (၁) ခူးဒန်နီရယ်က ပြောသည်။

ဩဂုတ် ၅ ရက်တွင် ဆုတ်ခွာသည့် ရှားတောမြို့နယ်အတွင်း သက်တမ်း ၁၅ နှစ်ရှိ တငူးဆို (ခေါ်) ထင်းရှူးတောင် စခန်းမှာ စစ်ကောင်စီက နောက်ဆုံးဆုတ်ခွာသွားသည့် စခန်းဖြစ်ကြောင်း၊ KNPP ၏ စစ်ရေးအဖွဲ့ဖြစ်သော ကရင်နီတပ်မတော် (KA)က မီးရှို့ ဖျက်ဆီးလိုက်ကြောင်း ၎င်းက ဆက်ပြောသည်။

တော်လှန်ရေးတပ်များက ပြောက်ကျားစနစ်ဖြင့် လှုပ်ရှား၊ ​တိုက်ခိုက်နေခြင်းဖြစ်သည်။

“ကျွန်တော်တို့က တပ်စခန်းကို အဓိကထားပြီး ထိုင်တာ မဟုတ်ဘူး။ ကျွန်တော်တို့က ကြိုက်တဲ့နေရာ သွားလို့ ရတယ်လေ။ သူတို့(စစ်ကောင်စီ) တပ်ရင်းဌာနချုပ်တို့ တပ်စခန်းထိုင်တဲ့နေရာမှာပဲ ရှိနေတယ်၊ အပြင်မထွက်ဘူး။ ထွက်တာနဲ့ တိုက်ပွဲဖြစ်ပြီ” ဟု ခူးဒန်နီရယ်က ပြောသည်။

ယခုနှစ်ဆန်းပိုင်းအထိ ကရင်နီဒေသ မြို့တော် လွိုင်ကော်အထိပင် တော်လှန်ရေးအဖွဲ့များ စိုးမိုး နိုင်ပြီး နောက်တွင် စစ်ကောင်စီက လေကြောင်း၊ လက်နက်ကြီးနှင့် စစ်အင်အား အများအပြား သုံးကာ စစ်ဆင်ခဲ့သည်။ 

KA ၏ ၇၁ ကြိမ်မြောက်စစ်သင်တန်းဆင်းပွဲတွင် တွေ့ရသော ကရင်နီစစ်သည်အချို့အား ယမန်နှစ် အောက်တိုဘာအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Karenni Army Center-Kn.A.C) 

ဒေသအခြေစိုက် တော်လှန်ရေးအဖွဲ့များက လက်နက်အင်အား နည်းပါးသော်လည်း နယ်မြေကျွမ်းကျင်မှု၊ စိတ်ဓာတ်ပြင်းပြမှု၊ လူထုထောက်ခံမှုအင်အားတို့ဖြင့် ခုခံတိုက်ခိုက်နေဆဲဖြစ်သည်။

စနိုက်ပါသေနတ် ခေါ် မှန်ပြောင်းတပ်ရိုင်ဖယ်နှင့် အဝေးမှ ပစ်ခတ်မှုကြောင့်လည်း စစ်ကောင်စီတပ် အထိနာစေသည်ဟု ခူးဒန်နီရယ်က ပြောသည်။

“ပြောက်ကျားပစ်တယ်၊ စနိုက်ပါ ပစ်တယ်၊ ရိက္ခာလမ်းကြောင်း ပိတ်တယ်၊ အဲလိုပဲ လုပ်ရင်းနဲ့ သူ့ဟာသူ စခန်းတွေ ရုပ်ပစ်လိုက်တာပါ” ဟု ခူးဒန်နီရယ်ကပြောသည်။

ထိုဒေသတွင်  KA အပြင် ၂၀၂၁ စစ်တပ်က အာဏာ သိမ်းပြီးနောက်မှပေါ်လာသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG) လက်အောက်ခံ PDF နှင့် ဒေသအခြေစိုက် အဖွဲ့များစွာ စစ်ကောင်စီကို ခုခံနေကြခြင်းဖြစ်သည်။

၂၀၂၂  ဇန်နဝါရီ ၇ ရက်နေ့ကဆိုလျှင် ရှားတောမြို့နယ်၊ သံလွင်မြစ်အရှေ့ခြမ်း ကရင်နီ-ထိုင်းနယ်စပ်ရှိ   နတ်တောင် (ခေါ်) ကျားပါးစပ်ကြီး စခန်းကိုပင် KA က သိမ်းပိုက်နိုင်ခဲ့သည်။

ထိုတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၃၂ ဦးသေဆုံးကာ ၎င်းတို့ဘက်မှ ၂ ဦးသေသည်၊  ၄ ဦး  အရှင်ဖမ်းမိထားသည်ဟု  ထိုစဉ်က KA၏ ထုတ်ပြန်ချက်များအရ သိရသည်။

ဩဂုတ်လဆန်းပိုင်းမှစ၍ ဒီးမော့ဆိုမြို့နယ်အတွင်း စစ်ကောင်စီက အင်အား အလုံးအရင်းဖြည့်တင်းလာပြီးနောက် တိုက်ပွဲ  နေ့စဉ် ဖြစ်ပွားလျက်ရှိကြောင်း ကရင်နီကာကွယ်ရေးတပ်များထံမှ သိရသည်။ 

အာဏာသိမ်းပြီး တစ်နှစ်ခွဲကျော်အတွင်း ကရင်နီဒေသ အပါအ၀င် ထိုဒေသနှင့် ဆက်စပ်နေသည့် ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံ မြို့နယ်တို့တွင် တိုက်ပွဲ ၄၂၀ ကြိမ်ဖြစ်ပွားသည်ဟု တိုးတက်သောကရင်နီပြည်သူ့အင်အားစု (PKPF) က ဩဂုတ် ၁၆ တွင် ထုတ်ပြန်သည်။

စစ်တပ်ဘက်က ၁၃၀၆ ဦး သေဆုံးကာ ကရင်နီတော်လှန်ရေးတပ်များဘက်က ၁၄၉ ဦး သေဆုံးကြောင်း၊ တိုက်ပွဲ များကြောင့် ကရင်နီဒေသခံ နှစ်သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပြီး စစ်ကောင်စီ လက်ချက်ဖြင့် အရပ်သား သေဆုံးမှု ၃၀၀ ခန့်ရှိကြောင်း PKPF ၏ ထိုစာရင်းကဆိုသည်။

နေပြည်တော်နှင့် နီးကပ်စွာ တည်ရှိသည့် ကရင်နီဒေသ ဖြစ်စဉ်များနှင့်ပတ်သက်၍ စစ်ကောင်စီထံ မေးခွင့် မရသေးသလို စစ်ကောင်စီကလည်း တိုက်ပွဲသတင်းများ ထုတ်ပြန်၊ ထုတ်ပြောလေ့ မရှိပေ။

ကရင်နီဒေသအပြင် စစ်ကိုင်း၊ ကချင်၊ ရခိုင်၊ ကရင်ဒေသများတွင်  တိုက်ပွဲများ ရှိနေပြီး စစ်သည်အင်အား မလုံလောက်သည့် အခြေအနေတွင် စစ်ကောင်စီတပ်က အရပ်သားများကို ပြည်သူ့စစ်အဖွဲ့များ ဖွဲ့စည်း လေ့ကျင့်ပေးကာ လက်နက် တပ်ဆင်ပေးထားသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာ တွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button