သတင်း

ဆန္ဒပြပွဲလုပ်ခဲ့သည့် လှိုင်မြို့နယ်တွင် စစ်တပ်က နှစ်ရက်ဆက် အစစ်ဆေးကြမ်း

ရန်ကုန်မြို့၊ လှိုင်မြို့နယ်ရှိ စစ်အာဏာရှင်ဆန့်ကျင်ဆန္ဒပြပွဲပြုလုပ်ခဲ့သည့် နေရာအနီးတစ်ဝိုက်တွင် စစ်ကောင်စီတပ်က နှစ်ရက်ဆက် ပိတ်ဆို့ကာ ကြမ်းကြမ်းတမ်းတမ်း စစ်ဆေးနေသည်ဟု မြို့ခံများထံမှ စုံစမ်းသိရသည်။​

ယမန်နေ့ (ဇူလိုင် ၂၈) ညနေက လှိုင်မြို့နယ် ၁၆ ရပ်ကွက်၊ ပေ ၅၀ စျေးလမ်းပေါ်တွင် “တော်လှန်ရေးအတွက် လုပ်နေတာ ငါတို့ သရဏဂုံ မတင်နိုင်ဘူး” ဟူသော စာတန်းကိုင်ဆောင်ကာ ဒေသအခြေစိုက် စစ်အာဏာရှင်ဆန့်ကျင်ရေး ရန်ကုန်အင်အားစု (AJAY) က စစ်ကောင်စီကို ဆန့်ကျင်ဆန္ဒထုတ်ဖော်ခဲ့ကြ သည်။ 

နောက်တစ်နေ့ (ဇူလိုင် ၂၉) နေ့လယ်တွင် ယင်းနေရာ၌ စစ်ကောင်စီတပ်ဖွဲ့ဝင်များက လမ်းပေါ်တွင် စစ်ဆေးနေသည်ဟု AJAY မှ အဖွဲ့ဝင်တစ်ဦးဖြစ်သည့် အိုမီဆိုသူ လူငယ်အမျိုးသားက ပြောသည်။ 

“ဒီနေ့က ပိတ်ထားတဲ့သဘောမျိုးတော့ရှိတယ်။ ကားတွေကတော့ ဖြတ်သွား၊ ဖြတ်လာ လုပ်လို့ရတယ်။ လူတွေကတော့ ဒီကောင်တွေရှိနေတော့ မသွားကြတော့ဘူး” 

ပေ ၅၀ လမ်းအနီးတစ်ဝိုက်ရှိ စျေးဆိုင်များမှာ ယနေ့ ဖွင့်လှစ်ရောင်းချသူ နည်းပါးသည်ကို တွေ့ရကြောင်း ဆက်ပြောသည်။ 

ယမန်နေ့က ထိုနေရာတွင် ဆန္ဒပြပြီး မိနစ်ပိုင်းအကြာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရောက်လာပြီး လမ်းကို ပိတ်ဆို့ကာ ရပ်ကွက်နေပြည်သူများကို ဒူးထောက်ခိုင်းခြင်း၊ ဝမ်းလျားမှောက်ခိုင်းခြင်း၊ ရိုက်နှက်ခြင်းအပါအဝင် ပေ ၅၀ လမ်း အတွင်းရှိ စျေးဆိုင်များကိုပါ ရိုက်နှက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့သည်ဟု AJAY ထံမှ သိရသည်။ 

“ကျွန်တော်တို့သပိတ်လုပ်ခဲ့တဲ့ နေရာကို ကားတွေနဲ့ ရောက်လာခဲ့တယ်။ ရပ်ကွက်နေပြည်သူလူထုတွေ၊ စျေးဆိုင်ခန်းတွေက ပစ္စည်းတွေကို သိမ်းယူသွားတယ်။ အရက်ပုလင်းတွေ၊ စားသောက်စရာတွေ၊ ပိုက်ဆံတွေလည်း ယူသွားတယ်လို့ လာပြောထားသူတွေရှိပါတယ်” ဟု AJAY အဖွဲ့မှ ကိုဝေယံက ပြောသည်။ 

ပေ ၅၀လမ်းအတွင်း လမ်းဘေးစျေးသည်တို့၏ စျေးဗန်းများ၊ ခုံများကို လုယူသွားကာ လမ်းသွားလမ်းလာ လူငယ် ၂ ဦးကိုလည်း ဖမ်းဆီးသွားသည်ဟု သိရသည်။ 

“အဲဒီနားမှာရှိတဲ့ တွေ့သမျှလူအကုန်လုံးကို ဒူးထောက်ထိုင်ခိုင်းတယ်။ အသက်ကြီးတဲ့သူတွေကအစ မှောက်ပြီး လက်ကို နောက်ပစ်ထားခိုင်းတယ်။ အနားမှာရှိတဲ့ စျေးဆိုင်တွေကို ရိုက်ချိုးသွားတာ။ ပစ္စည်းတွေကို ဖျက်ဆီးသွားတယ်။ အဲဒီနားတစ်ဝိုက်မှာ ရှိတဲ့ ဆိုင်ခန်းတွေကတော့ ဖျက်ဆီးခံရတယ်” ဟု အိုမီက မျက်မြင်များကို ကိုးကား၍ ပြောသည်။  

“ဖြတ်သွားဖြတ်လာနှစ်ယောက်ကို လက်ထိတ်တွေခတ်ပြီး ခေါ်သွားတယ်။ ကျွန်တော်တို့ အင်အားစုတွေထဲကတော့ မဟုတ်ဘူး”

လှိုင်မြို့နယ် ၁၆ ရပ်ကွက်၊ ပေ ၅၀ စျေးလမ်းပေါ်တွင် ဆန္ဒပြနေသည်ကို ဇူလိုင် ၂၈ က တွေ့ရစဉ်။ (ဓာတ်ပုံ-AJAY) 

“ကျွန်တော်တို့ မြေပြင်တော်လှန်ရေးအင်အားစုတွေကို မင်းတို့လက်ခံနေသရွေ့ မင်းတို့ကို ငါတို့ ဒီလိုလုပ်မှာ။ ပြည်သူလူထုကို အကြောက်တရားရိုက်သွင်းတာပေါ့ဗျာ။ ကျွန်တော်တိုကြောင့် သူတို့ ဒီလုပ်အလုပ်ခံရတာဆိုတာမျိုး ပြချင်နေတာ” ဟု ၎င်းက ဆက်ပြောသည်။

ယမန်နေ့က စစ်ကောင်စီတပ်ဖွဲ့ဝင်များ၏ ရိုက်နှက်ခံရသူအရေအတွက်နှင့် ဖျက်ဆီးခံရသည့် စျေးဆိုင်အရေအတွက်ကိုမူ စုံစမ်းနိုင်ခြင်းမရှိသေးပေ။ 

ယင်းသို့ ရိုက်နှက်ခံရခြင်း၊ ဖျက်ဆီးခံရခြင်းတို့အတွက် လူထုကို တောင်းပန်ကြောင်း တော်လှန်ရေးအင်အားစုများက ဆိုသည်။

“ကျွန်တော်တို့ တော်လှန်ရေးအင်အားစုအနေနဲ့ ပြည်သူလူထုကို အရမ်းလည်း ကျေးဇူးတင်တယ်ဗျာ။ အရမ်းလည်း အားနာတယ်” ဟု ကိုဝေယံက ပြောသည်။ 

“ကျွန်တော်တို့က မတရားတာကို လက်မခံနိုင်လို့သာ ဒီလိုမြို့ပြပြောက်ကျားသပိတ်တွေလုပ်နေတာ။ ပြည်သူလူထုနဲ့ ကျွန်တော်ကြားမှာ ဘာလို့သွေးခွဲလဲဆိုတော့ ကျွန်တော်တို့ဆီက ထွက်လာတဲ့ ကြွေးကြော်သံကို သူတို့ ခံနိုင်ရည်မရှိဘူးဗျာ။ ပြည်သူလူထုက ကျွန်တော်တို့ဘက်ပါလာမှာကို အရမ်းကြောက်နေကြတာ”

စစ်ကောင်စီတပ်က အကြမ်းဖက်သော အလားတူဖြစ်ရပ်မျိုး ပြီးခဲ့သည့် ဇွန်လတွင် ကမာရွတ်မြို့နယ်၊ လှည်းတန်းလမ်းဆုံအနီးရှိ လမ်းဘေးဈေးတွင် ဖြစ်ပွားခဲ့သေးသည်။

ချင်းလူမျိုးခေါင်းဆောင်တစ်ဦးဖြစ်သော ဆလိုင်းတင်မောင်ဦး ကြိုးပေးသတ်ခံရသည့်နေ့ အထိမ်းအမှတ်အဖြစ် ရန်ကုန်အင်အားစု (AJAY) က ဇွန် ၂၆ တွင် ထိုဈေးအနီး ဆန္ဒပြခဲ့ရာ လူထုက ပူးပေါင်းပါဝင်ခဲ့သည်။

ထို့နောက် ဇွန် ၃၀ ညပိုင်းတွင် စစ်သား ၃၀ ခန့်က ကားများဖြင့် ဝင်ရောက်လာသောကြောင့် ဈေးသည်များ ထွက်ပြေးခဲ့ရပြီး စစ်သားများက ဈေးဆိုင်ပစ္စည်းများကို မီးရှို့ဖျက်ဆီးခဲ့သလို သိမ်းဆည်းလုယူကြသည်။

လူမှုကွန်ရက်ပေါ် ပျံ့နှံ့နေသော ရုပ်သံမှတ်တမ်းများတွင် စစ်ကားသုံးစီး ရပ်ထားပြီး၊ စစ်သားများက ဈေးဆိုင်မှ ပစ္စည်းများ ကားပေါ် တင်ယူသွားသည့်ပြင် ထိုင်ခုံများကို စုပုံမီးရှို့နေသည်ကို တွေ့ခဲ့ရသည်။

ရန်ကုန်တွင် လျှပ်တစ်ပြက်ဆန္ဒပြမှုများတွင် ပါဝင်သူများမှာ လှုပ်ရှားမှုပြီးသည်နှင့် ခြေရာဖျောက် တိမ်းရှောင်သွားလေ့ရှိသည်။

ဆန္ဒပြသူတို့ သွားရောက်ခဲ့သည့် နေရာများတွင် စစ်ကောင်စီတပ်သားတို့ ဖျက်ဆီးနေရသည့် အကြောင်းရင်းကို စစ်ကောင်စီက သတင်းထုတ်ပြန်ခြင်း မရှိသေးသလို ထိုအကြောင်း သတင်းဌာနများကို မှတ်ချက်ပေးပြောဆိုခြင်းလည်း မရှိသေးပေ။

Myanmar Now ကလည်း စစ်ကောင်စီ ပြန်ကြားရေးတာဝန်ရှိသူတို့ကို ဆက်သွယ်မေးမြန်းနိုင်ခြင်း မရှိသေးပေ။

စစ်ကိုင်းတိုင်းကဲ့သို့ ဒေသများတွင်လည်း စစ်ကောင်စီက အလားတူ ပြုမူလျက်ရှိသည်။

လက်နက်ကိုင် ခုခံသူတို့ ဝင်ထွက်သွားလာသည်ဟု ယူဆရသည့် ကျေးရွာများတွင် စစ်ကောင်စီ၏ လက်နက်ကိုင်တို့က သတ်ဖြတ်၊ လုယက်၊ မီးရှို့မှုများ ကျူးလွန်နေသည်ဟု ထိုဒေသမှလာသော သတင်းများ၊ သက်သေအထောက်အထားများအရ သိရသည်။

စစ်ကောင်စီကမူ ၎င်းတို့၏တပ်သားများက ထိုသို့ ပြုမူခြင်းမရှိဟု ရံဖန်ရံခါ တုံ့ပြန်တတ်သည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button