သတင်း

သင်္ဃန်းကျွန်း စံပြစျေးအနီးရှိ ဘန်ကာတစ်ခု တိုက်ခိုက်ခံရ

ရန်ကုန်တိုင်း၊ သင်္ဃန်းကျွန်းမြို့နယ် စံပြစျေးအနီး အခိုင်အမာဆောက်ထားသည့် စစ်ကောင်စီ၏ ဘန်ကာတစ်ခုတွင် ယမန်နေ့ (ဇူလိုင် ၂၀) ည ၇ နာရီက ပေါက်ကွဲမှုဖြစ်ခဲ့သည်။

လေးထောင့်ကန်လမ်းမပေါ် စံပြဈေးရှေ့ရှိ ထိုဘန်ကာကို အခြားမြို့ပြပြောက်ကျားအဖွဲ့နှစ်ခုနှင့် ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်ဆိုသောအဖွဲ့မှ တာဝန်ခံဆိုသူက ပြောသည်။

“အထဲမှာ .. သူတို့ (စစ်ကောင်စီ) မွေးထားတဲ့ လူမိုက်တွေလည်းရှိတယ်။ ..တွေက အထဲမှာနေတာ။ လူမိုက်တွေက အဲဒီနားမှာ စောင့်ကြည့်နေကြတာ”

တိုက်ခိုက်ချိန်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့် ဘန်ကာအတွင်းရှိသည်ဟု အထက်ပါ သတင်းရင်းမြစ်က ပြောသော်လည်း ထိခိုက်မှုအခြေအနေအသေးစိတ်ကို အတည်မပြုနိုင်သေးပေ။

ထိုလှုပ်ရှားမှုမှာ အမျိုးသားညီညွတ်ရေးအစိုးရ (NUG) လက်အောက်ရှိ ရန်ကုန်တိုင်းစစ်ဒေသခွဲ ကွပ်ကဲရေးအဖွဲ့၏ နန်းထိုင်အောင်မြို့ပြစစ်ဆင်ရေးအတွင်း အကျုံးဝင်သည်ဟု ဝိမုတ္တိ-လွတ်မြောက်ခြင်းသူပုန်အဖွဲ့ တာဝန်ခံက ပြောသည်။

ရန်ကုန်တိုင်း သင်္ဃန်းကျွန်းမြို့နယ် စံပြစျေးအနီး စစ်ကောင်စီ ဘန်ကာတစ်ခု ဇူလိုင် (၂၀) ည ၇ နာရီခန့်က တိုက်ခိုက်ခံရစဉ်။ ပေးပို့။

အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ဆန္ဒပြလျှင်ပင် သေနတ်ဖြင့်ပစ်သည့် စစ်တပ်ကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေရာ စီးပွားရေးမြို့တော် ရန်ကုန်တွင်လည်း စစ်ကောင်စီပစ်မှတ်များ ဆက်တိုက် တိုက်ခိုက်ခံနေရသည်။

ဇူလိုင် ၁၈ ရက်ကပင် ရန်ကုန် လှိုင်မြို့နယ်အတွင်း စစ်ကောင်စီတပ်မှ ဗိုလ်ကြီးနှင့် ဇနီး သေနတ်ဖြင့် ပစ်ခံရ၍ ပွဲချင်းပြီးသေဆုံးခဲ့သေးသည်။

၂၀၂၁ စက်တင်ဘာ ၇ မှ ယခုနှစ် ဧပြီလဆန်းပိုင်းအထိ စစ်ကောင်စီ၏ မြို့ပြအခြေစိုက်စခန်းများကို တိုက်ခိုက်ခဲ့သည့် “ပျံလွှားအောင်” စစ်ဆင်ရေး ပြီးဆုံးချိန်တွင် မြို့ပြစစ်ဆင်ရေးဒုတိယလှိုင်းအဖြစ် “နန်းထိုက်အောင်” စစ်ဆင်ရေးအမည်ဖြင့် ဆက်လက်တိုက်ခိုက်နေခြင်းဖြစ်သည်ဟု သိရသည်။

ရန်ကုန်မြို့၊ အင်းလျားလမ်းရှိ အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့် ဒုဗိုလ်ချုပ်မှူးကြီးစိုးဝင်းတို့၏ နေအိမ်အနီး လုံခြုံရေးယူထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို နန်းထိုက်အောင်စစ်ဆင်ရေး စတင်ပြီး ရက်ပိုင်းအကြာ ဧပြီ ၁၀ တွင် တိုက်ခိုက်ခဲ့သည်။

စစ်ဆင်ရေးကာလ သုံးလအတွင်း ပစ်မှတ် ၉၀ ကျော်ကို တိုက်ခိုက်နိုင်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၈၀ ထက်မနည်း သေဆုံးခဲ့သည်ဟု စစ်ဆင်ရေးတာဝန်ခံက ပြောသည်။

ထိုအချက်အလက်များအပေါ် Myanmar Now က သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးသလို စစ်ကောင်စီကလည်း စစ်ရေးပစ်မှတ်များ တိုက်ခိုက်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။

စစ်ကောင်စီက လက်နက်ကိုင်ခုခံသူတို့ကို အကြမ်းဖက်သမားဟု တံဆိပ်ကပ်ထားသည်။ ဤအတောအတွင်း စစ်ကောင်စီက ခုခံသူများနှင့် ဆက်စပ်သည်ဟု ၎င်းတို့သံသယရှိသူကို ဖမ်းဆီး သတ်ဖြတ်ခြင်း၊ နေအိမ်များ သောင်းနှင့်ချီ မီးရှို့ဖျက်ဆီးခြင်း နည်းလမ်းများဖြင့် တုံ့ပြန်လျက်ရှိသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button