သတင်း

ထင်ရှားသည့် ရှမ်းတိုင်းရင်းသားခေါင်းဆောင် ခွန်ထွန်းဦး ကွယ်လွန်

အထင်ကရ ရှမ်းတိုင်းရင်းသားခေါင်းဆောင်တစ်ဦးဖြစ်သည့် ခွန်ထွန်းဦးသည် ဧပြီ ၃၀ ရက်နေ့က ရန်ကုန်မြို့ နေအိမ်တွင် ကွယ်လွန်သွားသည်။ ကွယ်လွန်ချိန်တွင် အသက် ၇၉ နှစ်ရှိပြီဖြစ်သည်။

နှစ်ပေါင်း ၃၀ ကျော် နိုင်ငံရေးခရီးကြမ်းဖြတ်သန်းခဲ့ပြီး နိုင်ငံရေးယုံကြည်ရာကို တစိုက်မတ်မတ် လုပ်ဆောင်ခဲ့သည့် လုပ်ဖော်ကိုင်ဖက်တစ်ဦး ဆုံးရှုံးရခြင်းအတွက် ဝမ်းနည်းရကြောင်း SNLD ၏ ဥက္ကဋ္ဌ စိုင်းညွန့်လွင်က ဆိုသည်။

“နှစ်ပေါင်း ၃၃ နှစ်လောက် တောက်လျှောက်လုပ်လာတဲ့ သူတစ်ယောက်၊ လုပ်ဖော်ကိုင်ဖက်တစ်ယောက် ဆုံးရှုံးသွားတာပေါ့” ဟု စိုင်းညွန့်လွင်က ပြောသည်။

“နှစ်ပေါင်းများစွာ တည့်တည့်မတ်မတ် မှန်မှန်ကန်ကန် နိုင်ငံရေးလမ်းကြောင်းပေါ်မှာ ဘက်မလိုက်ဘဲနဲ့ သူ့ဘဝတစ်လျှောက် ဒုတိယအရွယ်နဲ့ တတိယအရွယ်မှာ နိုင်ငံရေးထဲမှာ မြှုပ်နှံခဲ့တာပါ” 

ခွန်ထွန်းဦးက တိုင်းရင်းသားစည်းလုံးညီညွတ်ရေးအတွက် ဖက်ဒရယ်စနစ်ကျင့်သုံးရန် နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များကို မှာကြားခဲ့သည်ဟု ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ၏ တွဲဖက်အတွင်းရေးမှူး စိုင်းကျော်ညွန့်က ပြောသည်။

“ဖက်ဒရယ်ကနေ တစ်ပြားမှမလျှော့နဲ့ဆိုတဲ့ စကားရှိပါတယ်။ သူယုံကြည်တဲ့ ဖက်ဒရယ်က လူမျိုးပေါင်းစုံ အတူတကွယှဉ်တွဲနေထိုင်ရေး၊ ကျွန်တော်တို့ ရှမ်းခေါင်းဆောင်တွေကို သူပြောခဲ့တယ်” ဟု စိုင်းကျော်ညွန့်က ပြောသည်။

နိုင်ငံအတွင်း ပဋိပက္ခများဖြစ်စေသည့် လူမျိုးကြီးဝါဒနှင့် ပတ်သက်ပြီး သတိပေးခဲ့သည်ဟု စိုင်းကျော်ညွန့်က ဆိုသည်။

“လူမျိုးကြီးဝါဒ မကျင့်သုံးနဲ့၊ တချို့ဗမာလူမျိုးတွေက လူမျိုးကြီးဝါဒ ကျင့်သုံးခဲ့တဲ့အတွက်ကြောင့် ဒီနိုင်ငံမှာ မစည်းလုံးဘူး၊ ရှမ်းပြည်မှာလည်း လူမျိုးစုံနေထိုင်တယ်ဆိုတော့ ရှမ်းပြည်မှာလည်း အဲဒီလိုမျိုးဝါဒ ရှမ်းတို့အနေနဲ့လည်း မကျင့်သုံးသင့်ဘူးလို့ သူမှာခဲ့ပါတယ်” ဟု ဆိုသည်။ 

“သူဦးဆောင်ပြီးတော့ ချမှတ်ခဲ့တဲ့လမ်းကြောင်းအတိုင်းပဲ ကျွန်တော်တို့က ဆက်လက်ပြီး လျှောက်လှမ်းဆဲပဲ။ သူရှိရှိ၊ မရှိရှိ ဥက္ကဋ္ဌကြီး ဦးဆောင်ပြီးတော့ ချမှတ်ခဲ့တဲ့ပါတီလမ်းစဉ်တွေအတိုင်း ကျွန်တော်တို့ ဆက်လက်ပြီး ရပ်တည်သွားမှာဖြစ်တယ်”  

ခွန်ထွန်းဦးသည် SNLD ထူထောင်စ ၁၉၈၈ တွင် ပါတီအထွေထွေအတွင်းရေးမှူးအဖြစ် တာဝန်ပေးခံရပြီး ၁၉၈၉ မန္တလေးတွင် ပြုလုပ်သော ပါတီအစည်းအဝေးတွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။

ခွန်ထွန်းဦး ခေါင်းဆောင်သော SNLD သည် စစ်အာဏာရှင်အဆက်ဆက်၏ ဖိနှိပ်မှုများနှင့် ရင်ဆိုင်ခဲ့ရလင့်ကစား ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် တက်ကြွစွာ ပါဝင်ခဲ့သည်။ ခွန်ထွန်းဦးလည်း ဒီမိုကရေစီလှုပ်ရှားမှု တိုင်းရင်းသားအင်အားစု၏ ထင်ရှားသည့် ခေါင်းဆောင်တစ်ဦး ဖြစ်လာသည်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ ဖွဲ့စည်းလှုပ်ရှားရာတွင်လည်း ခွန်ထွန်းဦး ပါဝင်ခဲ့သည်။

၂၀၀၅ နှစ်ဆန်းပိုင်းတွင် စစ်အစိုးရက ခွန်ထွန်းဦးအပါအဝင် ရှမ်းတိုင်းရင်းသားခေါင်းဆောင်များကို ဖက်ဒရယ်အရေး ဆွေးနွေးသည်ဟု ဆိုကာ ဖမ်းဆီးပြီး ယခင်က မကြားဖူးခဲ့ကြသော နှစ်ရှည်ထောင်ဒဏ်များ ချမှတ်ခဲ့သည်။

ခွန်ထွန်းဦးကို  ၉၃ နှစ် ချပြီး ရာသီဥတုဆိုးရွားသော ပူတာအိုမြို့ အကျဉ်းထောင်သို့ ပို့ခဲ့သည်။ ၂၀၁၂ နှစ်ဦးပိုင်းတွင် ပြန်လည်လွတ်မြောက်လာခဲ့သည်။

၂၀၁၀ ရွေးကောက်ပွဲကာလတွင် ခွန်ထွန်းဦးနှင့် နိုင်ငံရေးခေါင်းဆောင်အများအပြား အကျဉ်းကျနေသဖြင့် SNLD က ရွေးကောက်ပွဲကို သပိတ်မှောက်ခဲ့သည်။ ထိုအခြေအနေတွင် ပါတီတွင်းမှ အင်အားစုတချို့က ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) ကို တည်ထောင်ပြီး ရွေးကောက်ပွဲဝင်ကြသည်။ ခွန်ထွန်းဦး ပြန်လည်လွတ်မြောက်လာပြီးနောက်ပိုင်းတွင် SNDP မှ SNLD သို့ ပြန်လည်ကူးပြောင်းလာသူများ ရှိလာသည်။

၂ဝ၁၅ ရွေးကောက်ပွဲတွင် ပါတီနှစ်ခုစလုံး အကြိတ်အနယ် ယှဉ်ပြိုင်ခဲ့ကြသည်။ အောင်မြင်မှုမှာ သိသိသာသာ ကွဲပြားသွားသည်။ SNLD ကျားခေါင်းက မဲဆန္ဒနယ် ၄ဝ အနိုင်ရပြီး SNDP ကျားဖြူက ၁ နေရာ ရခဲ့သည်။

ခွန်ထွန်းဦးသည် ၂၀၂၀ စက်တင်ဘာတွင် ပါတီဥက္ကဋ္ဌအဖြစ်မှ အနားယူခဲ့သည်။

ခွန်ထွန်းဦး၏ မိဘများမှာ သီပေါစော်ဘွားမျိုးရိုးဖြစ်သော ဖခင် စဝ်ကြာဇုံနှင့် မိခင် စဝ်ရွှေယုံတို့ဖြစ်သည်ဟု ပါတီ၏နိုင်ငံရေးဖြတ်သန်းမှုသမိုင်းစာအုပ်တွင် ဖော်ပြထားသည်။

သီပေါဇာတိ ၁၉၄၃ စက်တင်ဘာ ၁၁ ဖွား ခွန်ထွန်းဦးသည် မေမြို့ St. Elbert ကျောင်း၊ တောင်ကြီးမြို့ ကမ္ဘောဇကောလိပ်၊ ရန်ကုန်ဝိဇ္ဇာသိပ္ပံတက္ကသိုလ်တို့တွင် ပညာသင်ခဲ့သည်။ တက္ကသိုလ်တက်ရောက်နေစဉ် ရှမ်းစာပေနှင့် ယဉ်ကျေးမှုအသင်းဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။ ၁၉၆၇ မှ ၁၉၇၄ အထိ မြန်မာပြည်ဆိုင်ရာ အင်ဒိုနီးရှားသံရုံး စစ်သံမှူး၏ ကိုယ်ရေးအရာရှိ၊ ၁၉၈၄ မှ ၂၀၀၅ အထိ ဂျပန်နိုင်ငံ Overseas Courier Service ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ်အဖြစ် ဆောင်ရွက်ခဲ့သည်။

၁၉၉၀ ရွေးကောက်ပွဲတွင် သီပေါမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ရွေးကောက်တင်မြှောက်ခံရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button