မေးမြန်းခန်း

“ပါတီဖျက်သိမ်းခံရရင်လည်း နိုင်ငံရေး လောကဓံပါပဲ” – SNLD

လွန်ခဲ့သည့် နှစ်နှစ်က ပြည်သူမဲပေးထားသည့် ရွေးကောက်ပွဲရလဒ်ကို ပယ်ဖျက်သည်ဟု ကြေညာထားသည့် အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်က ယခုနှစ်အတွင်း ရွေးကောက်ပွဲ ပြန်ကျင်းပပြီး အနိုင်ရပါတီကို အာဏာလွှဲမည်ဟု နေပြည်တော် ဇန်နဝါရီ ၄  လွတ်လပ်ရေးနေ့အခမ်းအနားတွင် ပြောခဲ့သည်။

ထို့အတူ ဇန်နဝါရီ ၉ မှစကာ ရွေးကောက်ပွဲအတွက် ရည်ရွယ်သည့် လူဦးရေစာရင်းကို စစ်ကောင်စီက စတင်ကောက်ယူနေသည်။ အာဏာသိမ်းပြီးနောက် ဆန္ဒပြလျှင်ပင် သေနတ်ဖြင့် ပစ်သဖြင့် နိုင်ငံအနှံ့ ခုခံနေကြချိန်တွင် ရွေးကောက်ပွဲလုပ်မည်ဆိုသော စစ်ကောင်စီ၏ လေသံပစ်မှုအပေါ် ဝေဖန်မှုများရှိနေသည်။

ထိုအထဲတွင် နိုင်ငံရေး ဝါရင့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီလည်း ပါဝင်သည်။ SNLD သည် ၁၉၉၀ ရွေးကောက်ပွဲမှစ၍ ဝင်ပြိုင်ချိန်တိုင်းတွင် ရှမ်းပြည်နယ်အတွင်း နေရာအများအပြား အနိုင်ရလေ့ရှိသည်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အစိုးရဖွဲ့နိုင်သည်အထိ ထပ်နိုင်သည့်၊  စစ်ကောင်စီက ပယ်ဖျက်ခဲ့သည့် ၂၀၂၀ ရွေးကောက်ပွဲတွင် SNLD သည် တတိယမြောက် ကိုယ်စားလှယ်အများဆုံးရရှိခဲ့သည့် နိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သည်။

ထို့အတူ နိုင်ငံရေးသမ္ဘာရင့်သည့် စည်းလုံးညီညွတ်သော တိုင်းရင်းသားလူမျိုးများမဟာမိတ် ( UNA) တွင်လည်း SNLD က အဖွဲ့ဝင် ဖြစ်သည်။ အာဏာသိမ်းပြီး နှစ်နှစ်အတွင်း တော်လှန်ရေးနှင့် နှစ်ပေါင်းများစွာ အလှမ်းဝေးသည့် နိုင်ငံအလယ်ပိုင်း၌ပင် ပုန်ကန်မှုများဖြစ်နေသည့် လက်ရှိအချိန်တွင် စစ်ကောင်စီက စီစဉ်မည်ဆိုသော ရွေးကောက်ပွဲမှာ တိုင်းပြည်အတွက် အကျိုးမရှိနိုင်ဟု SNLD က ဆိုသည်။

ထို့ပြင် စစ်ကောင်စီက မကြာမီတွင်  နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအသစ်ကို ပြဋ္ဌာန်းလာနိုင်ပြီး မှတ်ပုံမတင်သည့်၊ ရွေးကောက်ပွဲမဝင်သည့်  ပါတီများကို ဖျက်သိမ်းသွားနိုင်ခြေရှိသည်ဟုလည်း SNLD က ရှုမြင်ထားသည်။

SNLD ပါတီ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို Myanmar Now သတင်းဌာနက ဆက်သွယ် မေးမြန်းထားပါသည်။

မေး။   ။ ဒေါ်အောင်ဆန်းစုကြည်နဲ့  NLD ဦးဆောင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုနဲ့ စစ်အာဏာရှင်တွေရဲ့ အကြားမှာ SNLD က  နှစ်ပေါင်းများစွာ ဖြတ်သန်းခဲ့ရပြီးပါပြီ။ အခု တစ်ခေါက် စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာရော ဘယ်နိုင်ငံရေးလမ်းကြောင်းက ကိုယ့်အမျိုးသားအကျိုးစီးပွားအတွက် ပိုမိုအရေးပါမယ်လို့ ယူဆပါသလဲ။

ဖြေ။     ။ ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်က နိုင်ငံရေးအဝန်းအဝိုင်းကနေ ကင်းကွာသွားတာ တော်တော်လေးကြာနေပြီ။ တော်တော်လေးလည်း အဟက ကြီးသွားပါပြီ။ ဒီအပေါ်မှာ တည်ပြီးတော့ ဆွေးနွေးလို့ မဖြစ်ဘူးလို့ ထင်ပါတယ်။ တခြား တစ်ဖက်မှာတော့ စစ်ကောင်စီရှိတယ်။ စစ်ကောင်စီနဲ့ ဆန့်ကျင်ဘက်မှာတော့ ဒီမိုကရေစီအင်အားစုတွေရှိတာပေါ့။ အဲဒီဒီမိုကရေစီအင်အားစုမှာတော့ NUG (အမျိုးသားညီညွတ်ရေးအစိုးရ) တို့ NUCC (အမျိုးသားညီညွတ်ရေးအတိုင်ပင်ခံကောင်စီ) တို့လည်း ရှိတယ်၊ တိုင်းရင်းသားလက်နက်ကိုင် တော်လှန်ရေးအင်အားစုတွေလည်း အများကြီးရှိပါတယ်။ အဲဒီတော့ ပေးထားချက်က တော်တော်လေးကို လက္ခဏာပိုများလာတယ်။ ဒါကြောင့်မို့လို့ NLD နဲ့ စစ်ကောင်စီ နှစ်ခုထဲကို ထည့်တွက်ပြီးတော့မှ ချင့်ချိန်ရမဲ့ နိုင်ငံရေးအခင်းအကျင်းလို့ ကျွန်တော်တို့ မမြင်တော့ပါဘူး။

အဓိကအားဖြင့်တော့ မြန်မာတစ်ပြည်လုံးက ဒီမိုကရေစီနဲ့ ဖက်ဒရယ်ကို လုံးဝနီးပါးပေါ့နော်၊ ပန်းတိုင်လို့ ယူဆတဲ့ အခြေအနေမျိုးကို ရောက်သွားပါပြီ။ ဒါကြောင့်မို့လို့ ဖက်ဒရယ်ဖြစ်မြောက်ဖို့နဲ့ ဒီမိုကရေစီရရှိဖို့အတွက်ဆိုရင် ဒီမိုကရက်တစ် အင်အားစု အကုန်လုံးနဲ့ ကျွန်တော်တို့ ကျောချင်းကပ် ရင်ချင်းအပ်ပြီး လုပ်ဆောင်ရမဲ့ အနေအထားလို့ပဲ ကျွန်တော်တို့ မြင်ပါတယ်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီမှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်။ (ဓာတ်ပုံ − Supplied)

မေး။    ။  ၂၀၁၀ ရွေးကောက်ပွဲကာလတုန်းကလို ဒေါ်အောင်ဆန်းစုကြည်ကို  စစ်အုပ်စုက ပြန်လွှတ်ပေးပြီး ရွေးကောက်ပွဲအတွက် ညှိနှိုင်းတာမျိုး လုပ်လာမှာကိုရော စိုးရိမ်ပါသလား။

ဖြေ။    ။  ၂၀၁၀ တုန်းက အခင်းအကျင်းမျိုးကို သူတို့ ပြန်လုပ်လာနိုင်တယ်ဆိုတာကိုတော့ ယေဘုယျ သတ်မှတ်လို့ ရတာပေါ့။ အဲဒီအချိန်ကာလတုန်းက ဒေါ်အောင်ဆန်းစုကြည်က အကျဉ်းကျနေတယ်၊ ထောင်ထဲရောက်နေတယ်၊ သူ့ကို ပြန်လွှတ်လိုက်တယ်။ ပြီးတော့ တွေ့ဆုံတယ်၊ ဆွေးနွေးတယ်၊ ပြီးတော့မှ သူတို့ရဲ့  ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ပါအောင် ဆိုပြီးတော့မှ တွေ့ဆုံဆွေးနွေးမှုတွေကတစ်ဆင့် ဆွဲဆောင်နိုင်ခဲ့တယ်။ လွှတ်တော်ထဲကို ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD အဝန်းအဝိုင်း ရောက်သွားတဲ့အချိန်မှာ လွှတ်တော်အခင်းအကျင်းကြီးကလည်း ပိုပြီးတော့မှ အားကောင်းမောင်းသန် ဖြစ်လာတယ်ပေါ့၊ ဒါက ၂၀၁၀ ရဲ့ အခြေအနေပေါ့ဗျာ။ ဒီနေ့ ဒီအချိန်မှာကတော့ အဲဒီအခင်းအကျင်းမျိုးက ဖြစ်လာနိုင်စရာ ရာခိုင်နှုန်းနည်းပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း NLD တစ်ခုလုံးကို အရင်လို လွှမ်းခြုံနိုင်ပါ့မလား၊ ထိန်းချုပ်နိုင်ပါ့မလား။ တစ်ဖက်မှာ နိုင်ငံပြင်ပကို ထွက်ပြီးတော့မှ ခုခံတွန်းလှန်နေတဲ့ အဖွဲ့တွေက အများကြီးဖြစ်နေပြီ၊ အင်နဲ့အားနဲ့ဖြစ်နေပြီ။ အဲဒီအပေါ်မှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဆုံးဖြတ်ချက်က ဘယ်လိုလာမလဲဆိုတာက ဘယ်သူမှ ကြိုမသိနိုင်ပါဘူး။

နောက်တစ်ခါ ၂၀၁၀ တုန်းကအခြေအနေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ပေးထားချက်အရ လက်မခံရင်တောင်မှလည်း အဲဒီထဲကနေပြီး နိုင်ငံရေးလုပ်ကွက် ပျောက်မသွားအောင် ဝင်ကစားသင့်တယ်ဆိုတဲ့ အမြင်မျိုးကလည်း ရှိခဲ့ဖူးတာပေါ့နော်။ အခုကတော့ ၂၀၀၈ ရဲ့ ပေးထားချက်ကို သူတို့ (စစ်ကောင်စီ) က ဖျက်လိုဖျက်ဆီးလုပ်ပြီးတော့၊ ဒါရရှိထားပြီးသား အခွင့်အရေးကိုတောင်မှ ဖျက်ဆီးပစ်လိုက်ပြီဆိုတော့ နောက်ထပ်ဝင်မယ့် နိုင်ငံရေးပါတီအဖို့ကလည်း သိပ်ပြီး မျှော်လင့်ချက်က မရှိတော့ဘူး။ တည်ငြိမ်မှုကို ဖျက်ဆီးလိုက်ပြီးမှ နောက်တစ်ခါ တည်ငြိမ်အောင် ပြန်လုပ်ပါမယ်ဆိုတာမျိုးကတော့ ယုံကြည်လက်ခံဖို့က တော်တော်လေးကို ရာခိုင်နှုန်းနည်းသွားပြီလို့ ပြောလို့ရပါတယ်။

မေး။  ။ ကချင်ပြည်နယ်နေ့ အခမ်းအနားမှာ အာဏာသိမ်းစစ်ခေါင်းဆောင်က ပြည်နယ်ဖွဲ့စည်းပုံကိစ္စ ထုတ်ဖော် ပြောဆိုလာတာ တွေ့ရတယ်။ ဒါကရော ဘယ်လောက်ယုံကြည်ရမယ် ထင်ပါသလဲ။

ဖြေ။     ။ စစ်တပ်အနေနဲ့က ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို တစ်ချို့တစ်ဝက်ပြင်ပေးမယ်လို့ လေသံပစ်ရုံပဲ ပစ်ထားတယ်။ တခြားတစ်ဖက်မှာ အသံကျယ်ကျယ်ထွက်နေတာက UPDJC (ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ) နိုင်ငံရေးအစုအဖွဲ့က စစ်တပ်ဘက်က ၂၆၁ (၂၀၀၈ အခြေခံဥပဒေ ပြင်ဆင်ခြင်းဆိုင်ရာ ပုဒ်မ) ကို ပြင်ပေးမယ်လို့ စစ်တပ်ဘက်က ပြောပေမယ့်လို့ တကယ်တမ်း EAO (တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့) လိုဟာမျိုးပေါ့နော်၊ SSPP (ရှမ်းပြည်တပ်မတော်)တို့၊  မိုင်းလား(ကိုးကန့်) တို့၊ UWSA (ဝ) တို့လို အဖွဲ့မျိုးတွေနဲ့ တွေ့တဲ့အချိန်မှာ ဗိုလ်ချုပ်ရာပြည့်ဦးဆောင်တဲ့ NSPNC ကော်မတီ ( အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဖော်ဆောင်မှု ညှိနှိုင်းရေး ကော်မတီ) ဘက်က ပြင်ချင်တဲ့ အချက်အလက်တွေကို ကြည့်တဲ့အခါမှာ ပုဒ်မ ၂၆၁ တောင်မှ ပါမလာပါဘူး။

ဘယ်လောက်ပဲ ပြင်မယ်ပြောပြော ပြည်နယ်တွေရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ရေးဆွဲခွင့်ပြုတယ်လို့ ပြောပေမဲ့ ဇယား ၁ နဲ့ ဇယား ၅ (အခွန်အကောက်ဆိုင်ရာ ခွဲဝေမှု) မှာ ပါတဲ့ဟာတွေကိုပဲ ဥပဒေပြုခွင့် အကြံပေးထားတာပဲဖြစ်ပါတယ်။ ပေးကားပေး၏ မရပါ။ ဒါကြောင့်မို့လို့ ဒါက (စစ်ကောင်စီရဲ့) နိုင်ငံရေးလှိမ့်လုံးတွေ နိုင်ငံရေးဖြီးလုံးတွေပဲ ဖြစ်တယ်။ စစ်တပ်အနေနဲ့ အမှန်တကယ် ဖက်ဒရယ်နဲ့ ဒီမိုကရေစီကို သွားလိုတဲ့ သဘောထားမျိုး မတွေ့ရဘူးလို့ သုံးသပ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအပြီး အစိုးရနှင့် လွှတ်တော်သစ်များ ဖွဲ့စည်းရန် ပြင်ဆင်နေချိန် ၂၀၂၁၊ ဇန်နဝါရီ ၁၆ ရက်က တောင်ကြီးမြို့တွင် တွေ့ဆုံဆွေးနွေးနေသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နှင့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် ပါတီတာဝန်ရှိသူများ။ ဓာတ်ပုံ− SNLD

မေး။    ။ စစ်ကောင်စီက ကျင်းပမဲ့ ရွေးကောက်ပွဲအပေါ်​ရော ဘယ်လိုသဘောထားရှိပါသလဲ။ စစ်တပ်ဟာ SNLD ကိုရော ဆွေးနွေးညှိနှိုင်းတာမျိုးရှိပါသလား။

ဖြေ။   ။ စစ်ကောင်စီက လုပ်ဖို့ ပြောလာတဲ့ ရွေးကောက်ပွဲက ရွေးကောက်ပွဲ ကျင်းပရမဲ့ အချိန်ကာလ မဟုတ်ဘူး။ တိုင်းပြည်နဲ့ပြည်သူအတွက် အပြောင်းအလဲဖြစ်စေနိုင်တဲ့ တိုးတက်မှုတစ်စုံတစ်ရာ ဖြစ်စေနိုင်တဲ့ ရွေးကောက်ပွဲ မဟုတ်ဘူးပေါ့နော်။ အဲဒါကြောင့်မို့လို့ ဒီရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ အချိန်မတိုင်သေးဘူးလို့ပဲ မြင်ပါတယ်။

စစ်ကောင်စီ အာဏာယူပြီးကတည်းက သူတို့နဲ့ တိုက်ရိုက်လည်း မပြောပါနဲ့၊ သူတို့ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နဲ့တောင်မှ ကျွန်တော်တို့ လုံးဝအဆက်အသွယ်မရှိပါဘူး။ သူတို့ ဖိတ်ကြားတဲ့ အစည်းအဝေးတွေကို တက်ရောက်ခြင်းမရှိခဲ့သလို သူတို့တောင်းတဲ့ PR ဆိုင်ရာ စာရွက်စာတမ်းတွေကိုလည်း လုံးဝပေးပို့ခြင်း မရှိခဲ့ပါဘူး။

မေး ။    ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အပါအဝင် စည်းလုံးညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ် ( UNA) ပါတီတွေနဲ့ SNLD ရဲ့ အကြား မိတ်ဖက်ဆက်ဆံရေး အခြေအနေကိုလည်း သိပါရစေ။

ဖြေ ။   ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီနဲ့ကတော့ အဆက်အသွယ်မရှိသလောက်ပါပဲ။ သူတို့ကိုယ်တိုင်ကလည်း ရုံးခန်းဖွင့်ပြီးတော့ ရပ်တည်နိုင်တဲ့ အနေအထားမျိုး မရှိတဲ့အခါကျတော့ လူပုဂ္ဂိုလ်ချင်း အဆက်အသွယ်လုပ်တာမျိုးကတော့ နည်းနည်းပါးပါးရှိပါတယ်။ သို့သော် တရားဝင် Party to Party အဲဒီလိုဆက်ဆံရေးမျိုးတော့ မရှိပါဘူး။

UNA ထဲမှာတော့ ကျွန်တော်တို့ စဉ်ဆက်မပြတ်ထိတွေ့မှုတွေရှိတယ်။ အစည်းအဝေးတွေ ထိုင်တာလည်းရှိပါတယ်။ လိုအပ်ရင်တော့ ဆွေးနွေးပွဲတွေလည်း လုပ်လေ့ရှိပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ရင်တော့ အများစုကတော့ လက်သင့်မခံနိုင်စရာရွေးကောက်ပွဲ၊ စောင့်ကြည့်ရဦးမဲ့ ရွေးကောက်ပွဲတစ်ခုလို့ပဲ မြင်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ စစ်ကောင်စီကိုယ်တိုင်က ရွေးကောက်ပွဲကို ဘယ်နေ့ ဘယ်အချိန်မှာ ကျင်းပမယ်။ ဘယ်လို စည်းမျည်း၊ စည်းကမ်းတွေနဲ့ ကျင်းပမယ်ဆိုတာ ရွေးကောက်ပွဲဥပဒေလည်း ထွက်မလာသေးဘူး ဆိုတော့။ သို့သော် ဘာပဲဖြစ်ဖြစ် စစ်ကောင်စီအနေနဲ့ကတော့ ဒီရွေးကောက်ပွဲကို ကျင်းပမယ်ဆိုရင် သူကိုယ်တိုင်က ဒိုင်လူကြီးသဘောမျိုး ရပ်တည်ပြီးတော့ ရွေးကောက်ပွဲ ကျင်းပပေးမယ်ဆိုတာမျိုးကတော့ သဘောသဘာဝ မကျဘူးပေါ့နော်။ ဒီလိုပဲ အားလုံးက ရှုမြင်ကြပါတယ်

အာဏာသိမ်းစစ်တပ်ကို ခုခံတော်လှန်နေသည့် စစ်ကိုင်းတိုင်းမှ ဒေသခံတော်လှန်ရေးသမားများကို ယခုလအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ – Myanmar Now)

မေး။    ။ ၂၀၁၀ ရွေးကောက်ပွဲ ကာလတုန်းကလိုပဲ စစ်ကောင်စီဘက်က နိုင်ငံရေးပါတီတွေကို မှတ်ပုံတင်ခိုင်းတာမျိုး လုပ်လာနိုင်ပါသလား။

ဖြေ။    ။ ဒါကတော့  သူတို့နဲ့ နီးကပ်တဲ့ ပုဂ္ဂိုလ်တွေရဲ့ အင်တာဗျူးတွေမှာ ကြည့်ရင် သိသာ ထင်ရှားပါတယ်။ ရွေးကောက်ပွဲ အမှန်တကယ်ကျင်းပတော့မယ်ဆိုရင် နိုင်ငံရေးပါတီနဲ့  နိုင်ငံရေးပါတီမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ချမှတ်ပေးမှာပေါ့နော်။ ဒါက သူတို့လိုချင်တဲ့ ပါတီတွေကိုပဲ  စိစစ်ယူဖို့နဲ့ သူတို့ မလိုလားအပ်တဲ့ ပါတီတွေကို သူတို့နဲ့ သဟဇာတမဖြစ်တဲ့ ပါတီတွေကို ရွေးကောက်ပွဲအဝန်းအဝိုင်းကနေ ဖယ်ပစ်ဖို့ဆိုတဲ့ ရည်ရွယ်ချက်တွေလည်း ရှိကောင်းရှိမှာပေါ့။ အဲဒါက သူတို့ လုပ်လေ့လုပ်ထရှိတဲ့ အနေအထားပါ။ လုပ်မယ်ဆိုတာလည်း သေချာသလောက် ဖြစ်ပါတယ်။

မေး။   ။ ပါတီမှတ်ပုံတင် ပယ်ဖျက်ခံရပြီး တရားမဝင် နိုင်ငံရေးပါတီတစ်ခု ဖြစ်သွားမှာကိုရော မစိုးရိမ်ဘူးလား။

ဖြေ။     ။  ဒါကတော့ နိုင်ငံရေးလောကဓံလို့ပဲ ပြောရမှာပါပဲ။ စစ်ကောင်စီက ၂၀၁၀ တုန်းကလည်း တစ်ခါ လုပ်ခဲ့ပြီးပြီလေ။ ၁၉၉၀ မှာ ရွေးကောက်ပွဲဝင်ပြီး အနိုင်ရရှိတဲ့ ပါတီတွေကို သူတို့ရဲ့ နောက်ထပ် ထွက်တဲ့ ဥပဒေတွေကို လက်မခံလို့ဆိုပြီး ပယ်ဖျက်ခဲ့တဲ့ အစဉ်အလာလဲ ရှိခဲ့တာပဲ။ ဒါပေမဲ့ နောင်တစ်ချိန်ရောက်တော့လဲ တိုင်းပြည်ရဲ့ လိုအပ်ချက်၊ နိုင်ငံရေးရဲ့  လိုအပ်ချက်အရ ပြန်ပြီးတော့ နိုင်ငံရေးအဝန်းအဝိုင်းထဲတော့ ပြန်ရောက်လာကြတာပဲလေ။ ဒါက နိုင်ငံရေးလောကဓံပဲဆိုတော့ သိပ်ပြီးတော့ ထည့်တွက်စရာမရှိဘူးလို့ မြင်ပါတယ်။

မေး။    ။ လက်ရှိဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအခင်းအကျင်းအပေါ်မှာရော ဘာများ ဖြည့်စွက်ပြောချင်ပါသလဲ။

ဖြေ။    ။ အဓိကကတော့ ပန်းတိုင်ကို မျက်ခြည်မပြတ်ဖို့နဲ့ ကိုယ်သွားချင်တဲ့ လမ်းကြောင်းကို တစ်ဖက်နဲ့ တစ်ဖက် သည်းညည်းခံပြီးတော့  စုပေါင်းလုပ်ဆောင်တတ်ဖို့၊ အဲဒါတစ်ခုကို ကျွန်တော်တို့ ကြိုးပမ်းကြရပါလိမ့်မယ်။ ရည်မှန်းချက်ချင်း တူတယ်ဆိုရင်တောင်မှ သွားတဲ့ လမ်းကြောင်းချင်းမတူတဲ့အခါ အချင်းချင်း သဘောထားကွဲတတ်တာက ကျွန်တော်တို့ရဲ့ အစဉ်အလာတစ်ခုလိုဖြစ်နေတယ်။ အဲဒါကိုတော့ ကျွန်တော်တို့ အမြန်ဆုံး ပြုပြင်ဖို့ လိုအပ်တယ်လို့ ပြောချင်ပါတယ်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်)

Show More

Related Articles

Back to top button