အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ဆောင်းပါး

အာဏာရှင်ကိုသက်ဆိုးထပ်ရှည်စေဦးမည့် စစ်မီးလျှံများကြားကရွေးကောက်ပွဲအတု

စစ်အုပ်ချုပ်ရေးကာလ ငါးနှစ် နီးပါးတွင် ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မ စစ်မှုထမ်းခိုင်းစေမှု၊ နေအိမ်များ မီးရှို့ခံရမှု၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ ဗုံးကြဲဖျက်ဆီးခံရမှု၊ ဆင်းရဲမွဲတေမှုဒဏ်များ အလူးအလဲခံနေကြရသည့် မြန်မာပြည်သူလူထုသည် သေနတ်ထောက် ခြိမ်းခြောက်ခံနေရပြီး အတင်းအကျပ် ဆန္ဒမဲပေးရမည့် အခြေအနေဖြင့်ပါ ထပ်ကြုံနေကြရသည်။

အာဏာရှင်ကို သက်ဆိုးထပ်ရှည်စေမည့် အတုအယောင်ရွေးကောက်ပွဲလုပ်ရန် ရက်အနည်းငယ်သာ လိုတော့ချိန်တွင် မြန်မာပြည်၏မြို့ရွာအနှံ့တွင် မဲဆွယ်စည်းရုံးမှုနှင့် နိုင်ငံသားတို့၏ လွတ်လပ်စွာ ဆန္ဒမဲပေးပိုင်ခွင့် အသံများအစား ဗုံးသံနှင့်အမြောက်ဆန်များ၏ ကြောက်မက်ဖွယ် သံစဉ်များကသာ နေရာယူထားသည်။

စစ်ကော်မရှင် ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် စစ်မှန်သော နိုင်ငံရေး အဖြေတစ်ခုထက် နိုင်ငံ၏အနာဂတ်ကို စစ်ကျွန်ဇာတ်ဆက်သွင်းမည့် လုပ်ဇာတ်တစ်ခုအဖြစ်သာ ကမ္ဘာက ရှုမြင်ကြသည်။ အာဏာသိမ်း စစ်တပ်၏ လုပ်ရပ်များကြောင့် သွေးစွန်းနေသည့် မြန်မာ့မြေပေါ်တွင် ပြုလုပ်မည့် ရွေးကောက်ပွဲသည် စစ်အုပ်ချုပ်ရေးယန္တရားကို တရားဝင်စေရန် ကြိုးပမ်းနေသည့် ရွံရှာဖွယ်ကောင်းသော လှည့်ဖြားမှုတစ်ခုအဖြစ်လည်း ရှုမြင်နိုင်သည်။

စစ်အုပ်ချုပ်ရေး ကာလငါးနှစ် နီးပါးတွင် ဖမ်းဆီးသတ်ဖြတ်မှု၊ အဓမ္မ စစ်မှုထမ်းခိုင်းစေမှု၊ နေအိမ်များ မီးရှို့ခံရမှု၊ စာသင်ကျောင်းများ၊ ဆေးရုံများ၊ ဘာသာရေးအဆောက်အအုံများ ဗုံးကြဲဖျက်ဆီးခံရမှု၊ ဆင်းရဲမွဲတေမှုဒဏ်များ အလူးအလဲခံနေကြရသည့် မြန်မာပြည်သူလူထုသည် သေနတ်ထောက် ခြိမ်းခြောက်ခံနေရပြီး အတင်းအကျပ် ဆန္ဒမဲပေးရမည့် အခြေအနေဖြင့်ပါ ထပ်ကြုံနေကြရသည်။

စစ်ကော်မရှင်၏ ရည်ရွယ်ချက်သည် စစ်မှန်သော ဒီမိုကရေစီကို ပြန်လည်ဖော်ဆောင်ရန်ထက် ၎င်းတို့ ကြိုတင်သတ်မှတ်ထားသည့် ရွေးကောက်ပွဲရလဒ်တစ်ခုကို ဖော်ဆောင်ပြီး အကြမ်းဖက်ဖိနှိပ်မှုများဖြင့် အာဏာသိမ်းမှုကို တရားဝင်မှုဖြစ်စေရန်သာ ရည်ရွယ်ရင်းဖြစ်သည်ကိုကား ငြင်းမရနိုင်ပေ။

အာရက္ခတပ်တော် (AA) သိမ်းပိုက်၊ ထိန်းချုပ်ထားသည့် ရခိုင်ပြည်နယ်၊ ရှေးဟောင်းယဉ်ကျေးမှု မြို့တော် မြောက်ဦးရှိ ဆေးရုံကြီးကို ဒီဇင်ဘာလ ၁၀ ရက်နေ့တွင် စစ်ကော်မရှင်က တိုက်ခိုက်ခဲ့ရာ သေဆုံးသွားသူများ၏ နာရေးမြင်ကွင်းကို တွေ့ရစဉ်။ (ဓာတ်ပုံ-AFP)

အာဏာရှင် လက်ပါးစေ ရွေးကောက်ပွဲဝင် ပါတီများ

စစ်ကော်မရှင်သည် ရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်နိုင်ရန် စစ်တပ် ကျောထောက်နောက်ခံ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ (USDP) အပါအဝင် နိုင်ငံရေးပါတီ ခြောက် ပါတီကိုသာ ခွင့်ပြုပေးထားသည်။ 

ကြိုတင်သတ်မှတ်ထားသည့် ရွေးကောက်ပွဲရလဒ်ရရန်နှင့် ရွေးကောက်ပွဲအပြီးတွင် စစ်အာဏာရှင်ကို အပြန်အလှန်ထောက်ကူပေးမည့် စစ်တပ်ကျောထောက်နောက်ခံ ပေးထားသော ကြံ့ခိုင်ရေးပါတီ(USDP)၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊  မြန်မာနိုင်ငံ တောင်သူ လယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီနှင့် ရှမ်းနှင့်တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။

အဆိုပါ ပါတီ ခြောက်ပါတီကသာ အစိုးရဖွဲ့စည်းနိုင်မည့် ပြည်ထောင်စုလွှတ်တော် မဲဆန္ဒနယ်များတွင် ဝင်ရောက်ယှဉ်ပြိုင်ခွင့်ပြုထားပြီး ကျန် ၅၁ ပါတီသည်  တိုင်းဒေသကြီးနှင့် ပြည်နယ်များ အတွင်းတွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီ၏ခေါင်းဆောင် မဲဆွယ်စည်းရုံးနေစဉ်။ (ဓာတ်ပုံ − EPA)

စစ်ကော်မရှင်သည် ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်နေ့မှ စတင်ကာ ရွေးကောက်ပွဲကို သုံးကြိမ်ခွဲ ကျင်းပသွားမည်ဖြစ်သည်။ ရွေးကောက်ပွဲ အပိုင်း (၁) ကို ၂၀၂၅ ခုနှစ်  ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် မြို့နယ် ၁၀၂ မြို့နယ် နှင့် အပိုင်း (၂)  ကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလ ၁၁ ရက်နေ့တွင် မြို့နယ် ၁၀၀ ၌ ကျင်းပသွားမည်ဟု စစ်ကော်မရှင်က ကြေညာထားသည်။ ရွေးကောက်ပွဲ အပိုင်း (၃) ကိုမူ ရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပအပြီး နှစ်ပတ်အကြာတွင် ထပ်မံကျင်းပမည်ဟု ဆိုသည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲသည် ရွေးကောက်ပွဲတရပ်တွင် ရှိသင့်၊ ရှိထိုက်သည့် ဂုဏ်သိက္ခာများမရှိသည့်အပြင် ရွေးကောက်ပွဲဟုပင် မခေါ်ဆိုထိုက်ဘဲ နည်းလမ်းမျိုးစုံဖြင့်ညစ်မည့် ဖဲဝိုင်းသာသာ ပွဲတစ်ခုသာဖြစ်သည်ဟု ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့တစ်ခုဖြစ်သော Spring Sprouts အဖွဲ့မှ ကိုထင်ကျော်အေးက ပြောသည်။ 

“ရွေးကောက်ပွဲတွေကို အဆင့်လိုက် အဆင့်လိုက် အပိုင်းလိုက်ပိုင်းပြီး လုပ်တာဖြစ်တဲ့အတွက် ပထမပိုင်းမှာ ရလဒ်မကောင်းရင် ဒုတိယ တစ်ပိုင်းမှာ ရလဒ်ကောင်းအောင် ပြင်ဆင်ပြီးတော့ ဆောင်ရွက်လို့ရတဲ့ အပိုင်းမှာ ရှိတယ်။ ဒါကလည်း ညစ်ဖို့အတွက် နောက်ထပ် တစ်နည်းလမ်းလို့ ထင်တယ်”ဟု ပြောသည်။ 

ထို့အပြင် စစ်ကော်မရှင်က တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေးပါတီ ခြောက်ပါတီတွင် တပ်မတော်သားများကို အငြိမ်းစားပေးပြီး ဖြန့်ကြက်ထားရာ ၎င်းတို့ အာဏာရရှိရေးအတွက် အစွမ်းကုန် ပြင်ဆင်ထားသည်ကို ထင်ထင်ရှားရှား တွေ့မြင်နေရသည်ဟု ၎င်းက ဆက်ပြောသည်။ 

“အဲဒီ ခြောက်ပါတီထဲမှာ ကြံ့ခိုင်ရေးပါတီက စစ်တပ်နဲ့ တိုက်ရိုက်ကြီးကို ဆက်နွယ်နေတဲ့ ပါတီ။ ဒါတောင်မှ စစ်အုပ်စုက ကြံ့ခိုင်ရေး ပါတီကိုတောင်မှ အပြည့်အဝယုံကြည်မှု မရှိနေတာကို တွေ့ရတယ်” ဟု ကိုထင်ကျော်အေးက ဆိုသည်။

မြန်မာနိုင်ငံတွင် မြို့နယ်ပေါင်း ၃၃၀ ရှိသည့် အနက် တိုင်းနှင့်ပြည်နယ် (၈) ခုမှ မြို့နယ်ပေါင်း (၅၆) မြို့နယ်တွင် ရွေးကောက်ပွဲ မကျင်းပနိုင်ကြောင်း စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာလ ဒုတိယပတ်တွင် ထုတ်ပြန်ထားသည်။

ရွေးကောက်ပွဲတွင် ပါဝင်မဲပေးကြရန် စစ်ကော်မရှင်က လှုံ့ဆော်ထားစဉ်။ (ဓာတ်ပုံ − EPA)

ပြိုင်ဘက်မြင်းများကို ကြိုတင်ချိုးနှိမ်ထားသည့် ရွေးကောက်ပွဲ

နိုင်ငံတကာနှင့် မြန်မာပြည်သူများက လက်ခံ၊အတည်ပြုထားသည့် ၂၀၂၀ ရွေးကောက်ပွဲရလဒ်ကို မျက်ကွယ်ပြု ပြီး အာဏာသိမ်းခဲ့သည့် စစ်တပ်သည် ၎င်းတို့ ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲမတိုင်မီ နိုင်ငံ၏ အဓိက အတိုက်အခံပါတီကြီးများကို ဖျက်သိမ်းပစ်ခဲ့သည်။ 

နိုင်ငံ၏ အဓိကအတိုက်အခံပါတီကြီးများဖြစ်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD)ပါတီတို့ အပါအဝင် ပါတီမှတ်ပုံမတင်သည့် အတိုက်အခံ နိုင်ငံရေး ပါတီ ၄၀ ကျော်ကို ၂၀၂၃ ခုနှစ်တွင် စစ်တပ်က ဖျက်သိမ်းခဲ့သည်။ ထို့အပြင် ပါတီပြန်လည် မှတ်ပုံတင်ခဲ့သည့် ရခိုင်အမျိုးသားပါတီ (ANP)နှင့် ဇိုမီး ဒီမိုကရေစီအဖွဲ့ချုပ် (ZDP) တို့ကိုပါ ပါတီမှတ်ပုံတင်ခွင့် မပြုဘဲပယ်ချခဲ့သည်။

ရခိုင်အမျိုးသားပါတီသည် ၂၀၂၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ်အတွင်း မဲအများဆုံး ရရှိခဲ့သည့် ပါတီဖြစ်ပြီး အင်အားကြီးပါတီ တစ်ခုလည်းဖြစ်သည်။ ထိုပါတီကို စုံစမ်းစစ်ဆေးမှုများ နည်းမျိုးစုံပြုလုပ်ပြီး ရည်ရွယ်ချက် ရှိရှိဖြင့် ငြင်းပယ်ခဲ့ခြင်းဖြစ်သည်ဟု ANP ၏ အထွေထွေအတွင်းရေးမှူး ဦးသာထွန်းလှက Myanmar Now ကို ပြောသည်။ 

“ပါတီစုံ ဒီမိုကရေစီ စနစ်ကို အကောင်အထည်ဖော်မယ်ဆိုရင်တော့ ပါတီတွေ မှတ်ပုံတင်ရဖို့ကို ငြင်းပယ်ခဲ့တဲ့ လုပ်ရပ်မျိုးနဲ့ကတော့ ပါတီစုံဒီမိုကရေစီ စနစ်ကို သွားမယ်ဆိုတဲ့ ထုတ်ပြန်ကြေညာချက်နဲ့ ပတ်သက်ပြီးတော့ မေးခွန်းထုတ်စရာ ဖြစ်တယ်လို့ ပြောချင်တယ်” ဟု ၎င်းက ပြောသည်။ 

၂၀၂၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲချုပ် (NLD) ပါတီသည် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် လွှတ်တော်အသီးသီးတွင် လွှတ်တော်ကိုယ်စားလှယ် (၉၂၀) နေရာရရှိခဲ့သည်။ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီသည် (၇၁) နေရာသာရရှိခဲ့ချိန်တွင် မဲစာရင်းမှားယွင်းသည်ဟု အကြောင်းပြ၍ စစ်တပ်က အာဏာသိမ်းခဲ့သည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ၂၀၂၅ ခုနှစ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါဝင်တော့မည်မဟုတ်ဘဲ စစ်တပ်ကျောထောက်နောက်ခံ ကြံ့ခိုင်ရေးပါတီနှင့် လက်ဝေခံပါတီ ခြောက်ပါတီကသာ အဓိက ဝင်ရောက်ယှဉ်ပြိုင်ရမည်ဖြစ်ရာ တစ်ဦးတည်းပြိုင်၊ တစ်ဦးတည်း ဗိုလ်စွဲမည့် ရွေးကောက်ပွဲ အခင်းအကျင်းတစ်ခုအဖြစ် သိသာထင်ရှားနေသည်။

ရွေးကောက်ပွဲဝင်ပြိုင်မည့် ပါတီတစ်ခုမှ ပါတီဝင်အချို့ မဲဆွယ်စည်းရုံးနေစဉ်။ (ဓာတ်ပုံ − EPA)

မဲဆန္ဒရှင်များကို မျက်လှည့်ပြ လှည့်စားမည့် ရွေးကောက်ပွဲစနစ်

ထို့အပြင် စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ရွေးကောက်ပွဲစနစ်သည် မဲအများဆုံးသူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျ ကိုယ်စားပြု စနစ် (PR) စနစ်တို့ ကို ရောထွေး အသုံးပြုမည့် Mix PR စနစ်ကို ကျင့်သုံးထားသည်။ ထိုအချက်သည် မဲဆန္ဒရှင်များအတွက် မဲပေးစနစ်ရှုပ်ထွေးစေပြီး မဲဆန္ဒရှင်များကို မျက်လှည့်ပြ လှည့်စားထား သည့် စနစ်လည်းဖြစ်သည်။

စစ်ကော်မရှင် လက်အောက်ခံ ရွေးကောက်ပွဲ ကော်မရှင်၏ ထုတ်ပြန်ချက်အရ ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်များတွင် မဲအများဆုံးသူ အနိုင်ယူ (FPTP) စနစ်ကို ကျင့်သုံးသွားမည် ဖြစ်သည်။  သို့သော်အမျိုးသား လွှတ်တော်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များတွင်မူ အနိုင်ယူစနစ် (FPTP) နှင့် အချိုးကျကိုယ်စားပြု စနစ် (PR) စနစ်တို့ကို ရောထွေးကျင့်သုံး သွားမည်ဟု သိရသည်။

တိုင်းနှင့်ပြည်နယ် လွှတ်တော်များအတွက် မြို့နယ် တစ်မြို့နယ်တွင် ကိုယ်စားလှယ်လောင်း နှစ်နေရာရှိရာ FPTP စနစ်ဖြင့် တစ်ဦး ၊ PR စနစ်ဖြင့်  တစ်ဦး ရွေးချယ်မည်ဟု ရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားရာ အလွန်ရှုပ်ထွေးနေသည်ကို တွေ့ရသည်။ ထို့အပြင် အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၁၂ နေရာရှိရာ ခြောက်နေရာကို FPTP စနစ်နှင့် ကျန်ရှိသည့် ခြောက်နေရာကို PR စနစ်တို့ဖြင့် ရောထွေးကျင့်သုံးသွားမည် ဟုလည်း ထုတ်ပြန်ထားသည်။

ထိုထုတ်ပြန်ချက်များအရ ပြည်နယ် ၁ ခု ကို PR မဲဆန္ဒနယ် တစ်ခုအဖြစ် သတ်မှတ်လိုက်ပြီး မဲဆန္ဒရှင်များက လွှတ်တော် ကိုယ်စားလှယ်ခြောက်ဦးကို ဆန္ဒမဲပေးရမည်ဖြစ်သည်။ ထို ဆန္ဒမဲများကို အချိုးချပြီး နောက်ထပ် ကိုယ်စားလှယ်ခြောက်ဦးကို ပါတီကိုယ်စားပြု ထပ်မံရွေးချယ်မည့် ပုံသဏ္ဍန်မျိုး ဖြစ်နေသည်ကိုတွေ့ရသည်။

စစ်ကော်မရှင်က ကျင့်သုံးသည့် Mix PR စနစ်သည် အလွန်ရှုပ်ထွေးနေပြီး အချိုးကျ ကိုယ်စားပြုစနစ်ထက် အင်အားကြီးပါတီတစ်ခုကိုသာ မဲပိုရစေမည်ဖြစ်သည်။ လက်နက်ကိုင်တိုက်ပွဲများ နေရာအနှံ့အပြား ဖြစ်နေရာ ရွေးကောက်ပွဲ မကျင်းပနိုင်သည့် မြို့နယ်များရှိ ကိုယ်စားလှယ် နေရာများအတွက်ပါ ရည်ရွယ်ပြုလုပ်ထားခြင်း ဖြစ်သည်ဟု ကိုထင်ကျော်အေးက သုံးသပ်သည်။

“ပြည်နယ် ၁ ခု ကို PR မဲဆန္ဒနယ် တစ်ခုလို့ သတ်မှတ်တော့ အဲဒီ ပြည်နယ် တစ်ခုလုံးက ခြောက်ယောက်ကို ရွေးရမှာ။ တစ်ပြည်နယ်လုံးမှာရတဲ့ မဲအရေအတွက်ကို ပုံလိုက်။ ရတဲ့ အရေအတွက်က ၅၀ ရာခိုင်နှုန်းဆိုရင် ခြောက် ခုံရဲ့ ၅၀ ရာခိုင်နှုန်းကိုယူ။ ရတဲ့ မဲ အရေအတွက်က ၈၀ ရာခိုင်နှုန်းဆိုရင် ခြောက်ခုံရဲ့ ၈၀ ရာခိုင်နှုန်းကို ယူဆိုပြီးတော့ မဲ ခွဲမှာပေါ့” Spring Sprouts အဖွဲ့မှ ကိုထင်ကျော်အေးက အဆိုပါ ရွေးကောက်ပွဲစနစ်ကို ရှင်းပြသည်။  

မဲဆန္ဒရှင်ပြည်သူများအတွက်လည်း PR စနစ်၏ အကျိုးရလဒ်ကို မခံစားရဘဲ လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက အခြားလွှတ်တော် ကိုယ်စားလှယ်တစ်ဦးကို ကိုယ်စားပြုသည့် အခြေအနေ ဖြစ်နေသည်ဟုလည်း ကိုထင်ကျော်အေးက ပြောသည်။“စစ်ကောင်စီအတွက် ကောင်းကျိုးကတော့ ရွေးကောက်ပွဲတွေကို နေရာကွက်ကျားလုပ်ပြီးတော့ လွှတ်တော်ထဲမှာ ခုံတွေအများကြီး ဖြည့်နိုင်တဲ့ ကောင်းကျိုးတော့ သူတို့အတွက် ရလိမ့်မယ်” ဟု ကိုထင်ကျော်အေးက သုံးသပ်သည်။

ရွေးကောက်ပွဲတွင်အသုံးပြုမည့် အီလက်ထရောနစ် မဲပေးစက်ကို စမ်းသပ်အသုံးပြုနေစဉ်။ (ဓာတ်ပုံ − EPA)

နိုင်ငံရေးနည်းလမ်းဖြင့် ဖြေရှင်း၍ မရတော့

အမျိုးသားဒီမိုကရေစီ အင်အားစု (NDF) ပါတီ မဖျက်သိမ်းခံရမီ တစ်ပတ်အလိုအထိ ပါတီ အထွေထွေ အတွင်းရေးမှူး ဦးကျော်ထက်သည် စိတ်ဓာတ် တက်ကြွနေသည်။ ၎င်းကိုယ်တိုင်လည်း ရန်ကုန်တိုင်း ဒေါပုံမြို့နယ် ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မှ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ 

သို့သော်လည်း ရွေးကောက်ပွဲမှ တဆင့် လွှတ်တော်တွင်း နိုင်ငံရေးကို ဦးတည်ထားသည့် ၎င်း၏ နိုင်ငံရေး အိပ်မက်များသည် သဲထဲရေသွန်သလို ခြေမွှဖျက်ဆီးခံခဲ့ရသည့် ကြေညာချက် တစ်စောင်ကို စစ်ကော်မရှင်က စက်တင်ဘာလ ၉ ရက်နေ့တွင် ထုတ်ပြန်လာခဲ့သည်။ 

ထိုကြေညာချက်သည် NDF ပါတီ အပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာ ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီ လေးပါတီကို ပါတီဝင်ဦးရေနှင့် ပါတီရုံးခန်း မပြည့်မီသည့် အကြောင်းပြချက်ဖြင့် ပါတီ ဖျက်သိမ်းကြောင်း စစ်ကော်မရှင် ထိန်းချုပ်ထားသည့် ရွေးကောက်ပွဲကော်မရှင်၏ ကြေညာချက်ပင်ဖြစ်သည်။

တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်မည့် နိုင်ငံရေး ပါတီများသည် ပါတီဝင်ဦးရေ အနည်းဆုံး ၅၀,၀၀၀ ရှိရမည်ဖြစ်ပြီး ပါတီရုံးခန်းပေါင်း ၁၁၇ ရုံး ဖွင့်နိုင်ရမည်ဟု ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင် (UEC) က ထုတ်ပြန်ထားသည်။  

NDF ပါတီသည် ပါတီဝင် ဦးရေ ၈၈၈၂၀ ဦးရှိပြီး၊ ပါတီရုံးခန်း ၁၁၇ ရုံးဖွင့်လှစ်ထားသည်ဟု UEC ထံ စက်တင်ဘာလ ၇ ရက်နေ့ အမီပေးပို့ထားခဲ့ပြီးဖြစ်သည်ဟု ဦးကျော်ထက်က ဆိုသည်။ 

သို့သော် UEC ၏ ကြေညာချက် ထွက်လာသည့်အချိန်တွင် စစ်ကော်မရှင်၏ ကြိုတင်ပြင်ဆင်ထားသော အပြတ်ရှင်းမည့် နည်းလမ်းကို ပိုမိုထင်ရှားစွာမြင်နေရသည်။ 

စစ်ကော်မရှင်၏ ယခုလုပ်ရပ်သည် ရွေးကောက်ပွဲဝင်ကာ နိုင်ငံရေးနည်းဖြင့် ဖြေရှင်းလိုသူများ၏ဆန္ဒကို မှေးမှိန်သွားစေသည်ဟုလည်း ဦးကျော်ထက်က ပြောသည်။

“ကျွန်တော်တို့က (နိုင်ငံရေးနည်းလမ်းနဲ့) ဖြေရှင်းဖို့ကြိုးစားမယ် ဆိုတဲ့ဟာကို ဖြေရှင်းခွင့် မရတော့ဘူးပေါ့ဗျာ။ တခြား ဖြေရှင်းခွင့်ရမယ်လို့ ယူဆတဲ့ သူတွေကတော့ ဆက်ရှိကြမှာပေါ့” ဟု ၎င်းက ပြောသည်။ 

အားလုံးပါဝင်နိုင်သည့် အခင်းအကျင်းတရပ်ကို မျှော်လင့်ကာ လွှတ်တော်တွင်းဝင်ရောက်၍ နိုင်ငံရေးဖြင့် လူထု၏ ဒုက္ခများကို ဖြေရှင်းလိုသော်လည်း ဖြေရှင်းခွင့် မရခဲ့ဟုလည်း ဦးကျော်ထက်က ပြောသည်။

“ကျွန်တော်တို့က စစ်တပ်နဲ့ ထိပ်တိုက်တွေ့မယ့် နိုင်ငံရေးလမ်းကြောင်းကို ရှောင်လွှဲခဲ့တာပေါ့။ တိုင်းပြုပြည်ပြုသွားမယ်ဆိုတဲ့ အခါကျတော့ ကျွန်တော်တို့ ဥပဒေအရ ပါဝင်ခွင့်မရခဲ့တော့ များစွာ စိတ်မကောင်းဖြစ်ခဲ့ရတယ်” ဟု ဆိုသည်။

အထက်ပါ အခြေအနေသည်  ၎င်းတို့၏ အာဏာအထိုင်တည်မြဲရေးတွင် ထိပါးလာသူမှန်သမျှနှင့် ထိပါးနိုင်သူများကို ကြိုတင်ရှင်းလင်းသည့် စစ်အုပ်စု၏ သရုပ်မှန်ဖြစ်သည်။

ထိုအခြေအနေများမတိုင်ခင် ယခုဖြစ်ပေါ်နေသည့် တိုင်းပြည်ချွတ်ခြုံကျမှုနှင့် အသက်အိုးအိမ်ပေါင်းများစွာ ဆုံးရှုံးနေရသည့် လက်သည်တရားခံ  စစ်အာဏာသိမ်းမှုဖြစ်ပေါ်ရန် မြှောက်ပင့်မီးထိုးခဲ့သူအများစုသည် စစ်အုပ်စုကျင်းပမည့် ယခုရွေးကောက်ပွဲတွင် ပါဝင်သည်။ အချို့သည် စစ်တပ်၏ အကြောင်းအမျိုးမျိုးပြ ဖယ်ချန်ခဲ့မှုနှင့် ရင်ဆိုင်နေရသည်။ 

စစ်အုပ်စုသာ အာဏာတည်မြဲရေး စိတ်တိုင်းကျ ခြယ်လှယ်ထားသည့်  ရွေးကောက်ပွဲတွင် ပါဝင်သည့်နိုင်ငံရေးပါတီဦးဆောင်သူအချို့နှင့် စစ်တပ်က အကြောင်းအမျိုးမျိုးပြ၍ ရွေးကောက်ပွဲမှ ပူပူနွေးနွေးဖယ်ထုတ်ခံရသူများသည်  လက်ရှိ၎င်းတို့နှင့်ကြုံတွေ့နေရမှုကို ပုံစံမျိုးစုံဖြင့် ထုတ်ဖော်ပြောဆိုနေသည်။

မြေပြင်လူထုကမူ အဆိုပါအခြေအနေသည် လူထုကိုကျောခိုင်း၍ စစ်တပ်ကို ကိုးစားခဲ့သူများ၏ ဝဋ်လည်ခြင်းနှင့် အာဏာအဝေအခြမ်းမတည့်ခြင်း ပြဿနာအဖြစ်သာ ရှုမြင်ထားကြသည်။ ထို့ထက်မပိုပေ။

၂၀၁၀ ပြည့်နှစ်၊ ၂၀၁၅ ခုနှစ် ၊ ၂၀၂၀ ပြည့်နှစ် မြန်မာ့နိုင်ငံရေး အခြေအနေများကို ပြန်ကြည့်လျင် လူထု၏ ယုံကြည်မှုဖြင့် အပ်နှင်းသော နိုင်ငံရေးအာဏာကို လုံးဝမရနိုင်တော့ဟု သေချာသွားသည့် နိုင်ငံရေးပါတီခေါင်းဆောင်အချို့သည် စစ်တပ်က ပေးကမ်းဝေခြမ်းလျှင်ရနိုင်မည့် အာဏာနှင့် လုပ်ပိုင်ခွင့် အနည်းအကျဉ်းကို မျှော်လင့်ခဲ့ကြသည်။

ထိုအတွက် စစ်တပ်နှင့် ထိပ်တိုက်တွေ့လျှင် မြန်မာ့အရေးမပြေလည်ဟုလည်းကောင်း၊ အာဏာသိမ်းမှုကို အာဏာထိန်းမှုဟု ရသမျှ ဖာထေးခြင်းဖြင့်လည်းကောင်း၊ နွေဦးတော်လှန်ရေးတွင် စစ်အာဏာရှင် စနစ်ကို လက်နက်ကိုင်တော်လှန်နေသည့် လူငယ်လူရွယ်အများအပြားကို အသုံးချခံများအဖြစ် အမျိုးမျိုးပုံဖော် ပြစ်တင်ခြင်းဖြင့်လည်းကောင်း၊ ရွေးကောက်ပွဲ မဝင်သူများကို လက်နက်ကိုင်လမ်းစဉ်ကို စွဲကိုင်လိုသည့် အကြမ်းဖက်သမားများအဖြစ် ပုံဖော်၍လည်းကောင်း စစ်တပ်အကြိုက်ဆောင်ပြောဆို၍  စစ်တပ်ပေးကမ်းမည့် အာဏာကို မျှော်လင့်ခဲ့ကြသည်။

ယခု ထိုအထဲမှ အချို့သည် မြွေပါလည်းဆုံး သားလည်းဆုံး ကိန်းဆိုက်နေသည်။

စစ်တပ်ကျောထောက်နောက်ခံပေးထားသည့် ကြံ့ခိုင်ရေးပါတီခေါင်းဆောင်၏ ရွေးကောက်ပွဲ မဲဆွယ်ဆိုင်းဘုတ်ကို တွေ့ရပုံ။ (ဓာတ်ပုံ − EPA)

စစ်အာဏာသိမ်းမှုကို ထောက်ခံခဲ့သည့် စစ်ကော်မရှင်၏ အလိုလိုက်၊ အကြိုက်ဆောင်နေသည့် နိုင်ငံရေး ပါတီမျိုးကို ဖျက်သိမ်းလိုက်ခြင်း၊ ပြည်သူ့ရှေ့ဆောင် ပါတီ (PPP) ပါတီ ဥက္ကဋ္ဌ ဒေါ် သက်သက်ခိုင်ကို ရွေးကောက်ပွဲ ယှဉ်ပြိုင်ခွင့်မပြုခြင်းများသည် စစ်ကော်မရှင်၏ သဘောထားကို ထင်ဟပ်နေခြင်းဖြစ်သည်ဟု ကိုထင်ကျော်အေးက ပြောသည်။

“သူ့ဘက်က ပါတီတွေကိုတောင်မှ နည်းမျိုးစုံသုံးပြီးတော့ မယုံရင် မယုံသလို ဖိနှိပ်တယ်။ နောက်ဆုံး ဒီရွေးကောက်ပွဲ ရလဒ်အရ အကျိူးခံစားခွင့်ရမယ့်သူက စစ်အုပ်စုပဲ။ ဒီရွေးကောက်ပွဲဟာ စစ်အုပ်စု နိုင်ဖို့အတွက်ကို ဒီဇိုင်းထုတ်ထားတဲ့ ရွေးကောက်ပွဲ ဖြစ်နေလို့ပါပဲ” ဟု ၎င်းက ပြောသည်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမည့် ၂၀၂၅ ရွေးကောက်ပွဲမှာ စစ်အာဏာရှင်ဟောင်း သန်းရွှေ လက်ထက်က ကျင်းပခဲ့သည့် ၂၀၁၀ ရွေးကောက်ပွဲထက်ပင် ပိုမိုးဆိုးရွားနေပြီး မြန်မာပြည်နိုင်ငံရေးကို ဆက်လက်၍ ပိုမိုသွေးစွန်းစေမည့် လမ်းကြောင်းကို ဦးတည်နေသည်ဟုလည်း ၎င်းက ဆက်ပြောသည်။

“၂၀၂၅ နောက်ပိုင်းမှာ တက်လာမယ့် အယောင်ဆောင် အစိုးရကတော့ သူတို့ကိုယ်သူတို့ အရပ်သား အစိုးရအနေနဲ့ အမည်ခံမယ်။ပြီးတော့ တော်လှန်ရေး အင်အားစုတွေကို အပြင်းအထန် နှိမ်နင်းလိမ့်မယ်။ ပိုပြီးတော့ သွေးစွန်းတဲ့ လမ်းကြောင်းကို ဦးတည်နေတဲ့ ရွေးကောက်ပွဲပါပဲ” ဟု ကိုထင်ကျော်အေးက ပြောလိုက်သည်။

Related Articles

Back to top button