သတင်း

ပါတီရပ်ဆိုင်းမည်ဟု စစ်ကောင်စီ ခြိမ်းခြောက်ထားသည့် SNLD ညီလာခံကျင်းပမည်

အာဏာသိမ်းစစ်ကောင်စီက ပါတီရပ်ဆိုင်းမည်ဟု ခြိမ်းခြောက်ထားသည့် အင်အားကြီးနိုင်ငံရေးပါတီကြီးတစ်ခုဖြစ်သော ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) က နိုင်ငံလုံးဆိုင်ရာ ညီလာခံကျင်းပမည်ဟု ယနေ့ (မေ ၂၄) ထုတ်ပြန်ကြေညာလိုက်သည်။

ညီလာခံကို ရှမ်းပြည်နယ်မြို့တော် တောင်ကြီးတွင် ယခုလ ၂၆ နှင့် ၂၇ တွင် နှစ်ရက်တာ ပြုလုပ်ရန်ရှိပြီး ဗဟိုကော်မတီဝင်၊ ဗဟိုအလုပ်အမှုဆောင်၊ ဒုဥက္ကဋ္ဌ၊ ဥက္ကဋ္ဌအဆင့်ဆင့်ကို အသစ်ပြန်လည်ရွေးချမည်ဟု လက်ရှိ ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့် လွင်က ပြောသည်။

ပါတီငွေစာရင်း အစစ်ခံရန် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC)၏ ညွှန်ကြားချက်ကို မလိုက်နာ၍ ဖေဖော်ဝါရီ ၂၃ ရက်တွင် သုံးနှစ်ယာယီရပ်ဆိုင်းမည်ဟု စစ်ကောင်စီက SNLD ကို အကြောင်းကြားထားဖူးသည်။

ထိုဖြစ်စဉ်အပြီး သုံးလအတွင်း ငွေစာရင်းစစ်ရန်ကိစ္စကို ဇွန် ၃၀ ထိ စစ်ကောင်စီက ရွှေ့ပေးခဲ့သလို ပါတီညီလာခံလုပ်မည့်ကိစ္စကို သဘောတူခွင့်ပြုပေးခဲ့သည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

“တကယ့်တကယ်ကျတော့ နိုင်ငံရေးပါတီတွေ ဘာမှလုပ်လို့ မရပါဘူး။ ပါတီစာရင်းအစစ်ခံရဖို့ ကိစ္စက ဇွန်မှာ ပြည့်မှာလေ။ အံကိုက်ပဲဆိုပြီးတော့ ညီလာခံလုပ်လိုက်တာ။ UEC ဘက်ကလည်း ဒုက္ခမပေးဘူးလို့ မြင်ပါတယ်”

စတင်ထူထောင်ခဲ့ချိန်ထဲက ခေါင်းဆောင်မှုပေးခဲ့သည့် ဥက္ကဋ္ဌဟောင်း ခွန်ထွန်းဦး အသက် ၇၉ နှစ်အရွယ်တွင် ကွယ်လွန်ပြီး တစ်လဝန်းကျင်အကြာတွင် SNLD က ပါတီညီလာခံပြန်လည်ကျင်းပခြင်းဖြစ်သည်။

ညီလာခံတက်ရန် တစ်နိုင်ငံလုံးရှိ မြို့နယ် ၅၀ ကျော်မှ ကိုယ်စားလှယ်များ ရွေးချယ်ပြီးပြီဖြစ်ကာ ၎င်းတို့က ရွေးချယ်သည့် အနာဂတ်ပါတီအာဏာပိုင်များက စစ်ကောင်စီထံ ငွေစာရင်းအစစ်ခံရန် ကိစ္စ ဆက်လက်ဆုံးဖြတ်မည်ဟု ဦးစိုင်းညွန့်လွင်က ပြောသည်။

ပြည်သူမဲပေးရွေးချယ်ထားသည့် အရပ်သားအစိုးရကို ဖြုတ်ချကာ စစ်တပ်က အာဏာသိမ်းပြီး တစ်နှစ်ကျော်အတွင်း ၎င်းတို့ကို ဆန့်ကျင်သူများကို စစ်ကောင်စီက ဖမ်းဆီး၊ သတ်ဖြတ်နေချိန်၊ စစ်ကောင်စီကို နိုင်ငံအနှံ့ ခုခံမှုများ မြင့်တက်နေချိန်တွင် SNLD က ညီလာခံကျင်းပရန် စီစဉ်ခြင်းဖြစ်သည်။ 

တည်ဆဲနိုင်ငံရေးပါတီများအနက် SNLD သည် စစ်ကောင်စီလက်ထက်တွင် ညီလာခံကျင်းပသည့် ပထမဆုံးပါတီဖြစ်သည်။

“မဖြစ်မနေ စွန့်စားပြီးတော့ လုပ်ရတာ၊ ဘေးအန္တရာယ် ဘယ်ကလာမယ်ဆိုတာ ပြောလို့မရဘူး။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တာကိုတော့ လုပ်ရမှာပေါ့” ဟု ပါတီဥက္ကဋ္ဌ ဦးစိုင်းညွန့်လွင်က ပြောသည်။

ညီလာခံအတွက် ပါတီဝင်အများစုရှိသည့် ရှမ်းပြည်နယ်မှ မိုင်းရယ်၊ လားရှိုးတို့ကိုပါ ထည့်သွင်းစဉ်းစားခဲ့သော်လည်း သွားလာနေထိုင်ရေး၊ လုံခြုံရေး ပိုမိုစိတ်ချရာဖွယ်ရှိသည့် တောင်ကြီးမြို့ကို ရွေးချယ်ခဲ့ခြင်း ဖြစ်သည်ဟု ၎င်းထံမှ သိရသည်။

ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီလှုပ်ရှားမှုတစ်ခု။ ဓာတ်ပုံ−SNLD Facebook

ပါတီရပ်မည်ဟု SNLD ကဲ့သို့ ခြိမ်းခြောက်ခံထားရသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီခေါင်းဆောင်များ၊ အဖွဲ့ဝင်များကို စစ်ကောင်စီက ဖမ်းဆီး၊ ထောင်ချ၊ သတ်ဖြတ်၊ ဝရမ်းထုတ်ခံရမှုများနှင့် ရင်ဆိုင်နေရသည်။

NLD နှင့် ကာလရှည်မဟာမိတ်လည်းဖြစ်၊ လွန်ခဲ့သော နှစ်ပေါင်း ၃၀ ကျော်ကတည်းက စစ်အာဏာရှင်စနစ်ပျက်သုဉ်းရေး၊ ဖက်ဒရယ်ပြည်ထောင်စုထူထောင်ရေး အစဉ်တစိုက် ရပ်တည်ခဲ့၍ စစ်အုပ်စု၏ အငြိုးအတေးကြုံရလေ့ရှိသည့် SNLD မှာမူ စစ်ကောင်စီခေတ်တွင် အရေးယူခံရခြင်း မရှိသေးပေ။ 

“ကျွန်တော်တို့က ဟိုဘက်၊ ဒီဘက် အစွန်းသိပ်မရောက်တဲ့အခါကျတော့ သိပ်ပြီးတော့ အန္တရာယ်မရှိဘူးလို့ ယူဆပါတယ်။ ဘယ်လောက်မှန်မလဲတော့ မသိဘူး” ဟု ဦးစိုင်းညွန့်လွင်က ဆိုသည်။

၁၉၈၈ ကတည်းက စတင်ထူထောင်ခဲ့သည့် SNLD မှာ သုံးနှစ်တစ်ကြိမ် ပါတီညီလာခံကျင်းပရန် မူဝါဒချမှတ်ထားပြီး ၁၉၈၈ မှ ၂၀၁၀ အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေလက်ထက်မှအပ ပုံမှန်ပြုလုပ်နိုင်ခဲ့သည်ဟု ၎င်းက ပြောသည်။

လက်ရှိ ပါတီအာဏာပိုင်အဖွဲ့ကို ၂၀၁၉ ညီလာခံက ရွေးချယ်ထားခြင်းဖြစ်ပြီး ဗဟိုအလုပ်အမှုဆောင် ၃၀ ဦး၊ ဗဟိုကော်မတီဝင် ၇၀ ကျော်ဖြင့် ဖွဲ့စည်ထားသည်ဟု SNLD ဝက်ဆိုက်တွင် ဖော်ပြထားသည်။

ဦးစိုင်းညွန့်လွင်၏အဆိုအရ နိုင်ငံအနှံ့တွင် SNLD ပုံမှန်ပါတီဝင်ပေါင်း ၄၀,၀၀၀ မှ ၅၀,၀၀၀ ကြားတွင် ရှိကြောင်း သိရသည်။

SNLD သည် ၁၉၉၀ မှစ၍ NLD နှင့်အတူ ဝင်ပြိုင်သည့် ရွေးကောက်ပွဲတိုင်းတွင် ဒုတိယနေရာအများဆုံးရလေ့ရှိသည့် ပါတီဖြစ်သည်။

ထိုသို့ လူထုထောက်ခံမှုမြင့်မားသော တိုင်းရင်းသားပါတီကြီး SNLD ကို စစ်ကောင်စီက ၎င်းတို့၏ နိုင်ငံရေးပုံရိပ်အတွက် အသုံးချလိုဖွယ်ရှိသည်ဟု ရခိုင်ပြည်နယ် မြေပုံမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း၊ ဝါရင့် နိုင်ငံရေးသမား ဦးဖေသန်းက သုံးသပ်သည်။

စစ်ကောင်စီက ၂၀၂၁ ခုနှစ်တွင် ၎င်းတို့ အာဏာသိမ်း၍ ဖြုတ်ချခဲ့သည့် NLD အနိုင်ရလေ့ရှိသော မဲအများဆုံးသူအနိုင်ရ ရွေးကောက်ပွဲစနစ်ကို အချိုးကျကိုယ်စားပြုစနစ်ဖြင့် အစားထိုး၍ လာမည့်နှစ်တွင် ရွေးကောက်ပွဲပြန်လုပ်မည်ဟု ပြောထားပြီးဖြစ်သည်။

“စစ်ကောင်စီပြောနေတဲ့ ရွေးကောက်ပွဲမှာ NLD ပါဖို့ဆိုတာ အတော့်ကို အခက်အခဲရှိတယ်။ အားကောင်းတဲ့ပါတီ မပါဘူးဆိုရင် သူတို့ (စစ်ကောင်စီ) ရွေးကောက်ပွဲက အများက အသိအမှတ်ပြုနိုင်တဲ့ အခြေအနေအား နည်းသွားနိုင်တယ်” ဟု ဦးဖေသန်းက ပြောသည်။

“ဒါကြောင့်လည်း NLD ကို မဖျက်သိမ်းသေးတာ၊ ဒါကြောင့် စာရင်းစစ်မခံရုံလောက်နဲ့ SNLD ကို ဖျက်သိမ်းမယ် ပြောတာက သတိပေးရုံပါပဲ။ အဲဒီလိုအခြေအနေမှာ SNLD ကို သူတို့ (စစ်ကောင်စီ) ဘက်က ရွေးကောက်ပွဲဝင်စေချင်မှာပဲ”ဟု ၎င်းက ဆက်ပြောသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button