စစ်တပ်၏ ရွေးကောက်ပွဲ အပိုင်း (၂) တွင် ရှမ်းပြည်မြောက်ပိုင်းမှ တန့်ယန်းနှင့် မိုင်းရယ် မြို့နယ် နှစ်ခု ပါဝင်ပြီး စစ်တပ်ကျောထောက်နောက်ခံ ပါတီအပါအဝင် သုံးပါတီသာ ယှဉ်ပြိုင်ကြကာ မဲလာပေးသူ နည်းပါးသည်ဟု ဒေသခံများ၊ နိုင်ငံရေးပါတီနှင့် နီးစပ်သူများထံက သိရသည်။
တန့်ယန်းမြို့တွင် ယခု ရွေးကောက်ပွဲ အပိုင်း (၂) တွင် ဝ အမျိုးသားပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ စုစုပေါင်း သုံးပါတီသာ ဝင်ရောက် ယှဉ်ပြိုင်ကြသည်ဟု ဒေသခံများက ပြောသည်။
ယနေ့ မဲပေးသည့်နေ့တွင် ယခင် ရွေးကောက်ပွဲထက် မဲပေးသူများ နည်းသည်ပြီး ယခင်က ကျားခေါင်း ပါတီ ဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ (SNLD) ကိုသာ မဲပေးသည့် နယ်မြေများဟု တန့်ယန်းမြို့ခံများက ဆိုသည်။
“ဒီဘက်မှာ ရှမ်းတိုင်းရင်းသားတွေ များတော့ အရင်က ကျားခေါင်းပါတီကို မဲပေးခဲ့တာ။ အခု ကျားခေါင်း မပါတော့လို့ဆိုပြီး တချို့ မဲသွားမပေးကြဘူး။ ကျွန်တော်လည်း သွားမပေးဖြစ်ဘူး။ ပေးလည်း ဘာမှ မထူးဘူးလို့ ထင်တယ်” ဟု တန့်ယန်းမြို့ခံ တစ်ဦးက ပြောသည်။
မြို့ပေါ်ရပ်ကွက်များတွင် နေထိုင်သည့် စစ်တပ်နှင့် နီးစပ်သူများသာ မဲသွားပေးကြပြီး ကျေးရွာများတွင် လည်း မဲပေးသူ နည်းပါးသည်ဟု ဒေသခံများက ဆိုသည်။
တန့်ယန်းမြို့တွင် မြို့ပေါ် ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာအုပ်စု ၄၉ အုပ်စုတွင် လူဦးရေ တစ်သိန်း ခုနစ်သောင်း ကျော် နေထိုင်သည်။ ရှမ်းတိုင်းရင်းသားများမှာ အများဆုံးဖြစ်ပြီး ဝ တိုင်းရင်းသားများနှင့် တအာင်း (ပလောင်) တိုင်းရင်းသားများမှာ ဒုတိယ အများဆုံးဖြစ်သည်။
ယခု ရွေးကောက်ပွဲတွင် တန့်ယန်းမြို့ပေါ် ရပ်ကွက် ၁၀ ခုနှင့် ကျေးရွာ အုပ်စုများတွင် မဲရုံပေါင်း ၆၀ ကျော် ဖွင့်လှစ်ထားသည်ဟု နိုင်ငံရေး ပါတီများနှင့် နီးစပ်သူများက ဆိုသည်။
တန့်ယန်းတွင် မဲပေးနိုင်သူ ရှစ်သောင်းကျော် ရှိပြီး ကြိုတင်မဲများတွင် ကြံ့ခိုင်ရေးပါတီက အသာရ ထားသည်ဟု ၎င်းတို့က ဆိုသည်။
ယခု ဇန်နဝါရီလဆန်းပိုင်းမှ စတင်ပြီး တန့်ယန်းမြို့နယ်တွင် ရွေးကောက်ပွဲအတွက် ကြိုတင်မဲများကို ထည့်ခိုင်းခဲ့ပြီး မဲမထည့်သူများကို ခရီးသွားလာခွင့် ကန့်သတ်မည်ဟု စစ်ကော်မရှင်လက်အောက်ခံ ဌာနဆိုင်ရာ ဝန်ထမ်းများက ခြိမ်းခြောက်ပြောဆိုခဲ့ကြောင်း တန့်ယန်းဒေသခံများက ကိုးကား၍ ဒေသတွင်းသတင်းဌာနဖြစ်သော သျှမ်းသံတော်ဆင့်တွင် ဇန်နဝါရီလ ၈ ရက်နေ့က ဖော်ပြထားသည်။

အလားတူ မိုင်းရယ်မြို့တွင်လည်း ယနေ့ မဲလာပေးသူ နည်းပါးသည်ဟု ဒေသခံများထံက သိရသည်။
“မဲပေးတဲ့သူတွေ အရင်ထက် နည်းတယ်။ ရွာတွေမှာတော့ မနက်စောစောပဲ လာပေးပြီး ပြန်သွားကြပြီ။ အကုန်လုံးတော့ မလာပေးကြဘူး။ မြို့ပေါ်မှာတော့ သူတို့က မဲပေးဖို့ လိုက်လံ ဆော်ဩနေကြတယ်” ဟု မိုင်းရယ်မြို့ခံ တစ်ဦးက ပြောသည်။
မိုင်းရယ်မြို့တွင် မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၂၈) စုတွင် လူဦး ရေ ခုနစ်သောင်းနီးပါး နေထိုင်ပြီး လူဦးရေ ငါးသောင်းကျော်မှာ ရှမ်းတိုင်းရင်းသားများ ဖြစ်သည်။
မိုင်းရယ်မြို့နယ်အတွင်းရှိ ကျေးရွာအချို့အား ၁၀၂၇ စစ်ဆင်ရေးအတွင်း ကိုးကန့်တပ် (MNDAA) က ထိန်းချုပ်ထားသဖြင့် မြို့ပေါ်ရပ်ကွက် (၃) ခုနှင့် ကျေးရွာအုပ်စု (၁၇) စုတွင်သာ ရွေးကောက်ပွဲ ကျင်းပ နိုင်သည်ဟု နိုင်ငံရေး ပါတီများနှင့် နီးစပ်သူများက ဆိုသည်။
မိုင်းရယ်မြို့တွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ကြံ့ခိုင်ရေးပါတီ စုစုပေါင်း နှစ်ပါတီသာ ဝင်ရောက် ယှဉ်ပြိုင်ကြပြီး မဲပေးနိုင်သူ သုံးသောင်း နီးပါး ရှိသည်ဟု ဆိုသည်။
၁၀၂၇ စစ်ဆင်ရေးကာလမှ စတင်ကာ တန့်ယန်းမြို့နယ်အတွင်းရှိ ကျေးရွာအချို့အား UWSA ဝတပ်ဖွဲ့က လုံခြုံရေးဆောင်ရွက်ပေးခဲ့ပြီး စစ်ကော်မရှင်တပ် က မြို့တွင်း အုပ်ချုပ်ရေး တာဝန်ယူထားသည်။
မိုင်းရယ်မြို့တွင် မြို့ပေါ်ရပ်ကွက်များအား စစ်ကော်မရှင်က အဓိက အုပ်ချုပ်ပြီး ကျေးရွာအများစုမှာ ရှမ်းပြည်တောင်ပိုင်း ဝမ်ဟိုင်းအခြေစိုက် ရှမ်းပြည်တိုးတက်ရေးပါတီ၊ ရှမ်းပြည်တပ်မတော် (SSPP/ SSA) တပ်ဖွဲ့က စိုးမိုးထားသည်။
ယခင် ၂၀၂၀ ရွေးကောက်ပွဲအတွင်း မိုင်းရယ်နှင့် တန့်ယန်းမြို့နယ်များတွင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီက လွှတ်တော် နေရာ အားလုံးကို အနိုင်ရရှိခဲ့သည်။ ၂၀၂၁ စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ချိန်တွင် SNLD ပါတီမှာ ပြန်လည် မှတ်ပုံတင်ခြင်း မရှိခဲ့ပေ။
စစ်ကော်မရှင်၏ ရွေးကောက်ပွဲ အပိုင်း (၁) တွင် ရှမ်းပြည်မြောက်ပိုင်း မူဆယ်၊ လားရှိုး၊ နောင်ချိုမြို့ များ၌ ကြံ့ခိုင်ရေးပါတီက နေရာအားလုံးတွင် အနိုင်ရခဲ့ သည်။ ကြိုတင်မဲကြောင့်အနိုင်ရခြင်းဖြစ်သည်ဟု တိုင်းရင်းသားပါတီများက ဝေဖန်ထားသည်။
ယခုရွေးကောက်ပွဲ အပိုင်း (၂) ကျင်းပသည့် တန့်ယန်းနှင့် မိုင်းရယ်မြို့များတွင်လည်း ကြိုတင်မဲများ၌ ကြံ့ခိုင်ရေးပါတီကသာ အနိုင်ရထားသည်ဟု နိုင်ငံရေးပါတီများ နှင့်နီးစပ်သူများထံက သိရသည်။
ရွေးကောက်ပွဲ အပိုင်း (၂) ရှမ်းပြည်နယ်တွင် တန့်ယန်းနှင့် မိုင်းရယ်မြို့နယ်အပါအဝင် ရွာငံ၊ ကလော၊ ဆီဆိုင်၊ မိုင်းခတ်၊ မိုင်းပျဉ်း၊ မိုင်းဖြတ်၊ ရပ်စောက်၊ ကွန်ဟိန်း၊ မိုင်းတုံ၊ မိုင်းယောင်း၊ မိုင်းယန်း၊ မိုင်းပန်၊ မောက်မယ်၊ မိုင်းကိုင်၊ လဲချား စသော မြို့နယ် ၁၇ ခုတွင် ပြုလုပ်မည်ဖြစ်သည်။
အပိုင်း (၂) တွင် မိုင်းခတ်မြို့နယ် ကျေးရွာ ၄ အုပ်စု၊ မိုင်းဖြတ် ၁ အုပ်စု၊ တန့်ယန်း ၁၆ အုပ်စု၊ မိုင်းရယ် ၈ အုပ်စု၊ မိုင်းတုံ ၃ ၊ မိုင်းယောင်းမြို့နယ်တွင် ၈အုပ်စု ၊ မိုင်းယန်းမြို့နယ်တွင် မိုင်းပေါက်မြို့ပေါ် အမှတ် (၁) နှင့် (၂ ) ရပ်ကွက် ၊ ကျေးရွာအုပ်စု ၁၃ အုပ်စု၊ မောက်မယ်မြို့နယ်တွင် ကျေးရွာအုပ်စု ၁ အုပ်စု တို့ ရွေးကောက်ပွဲ မလုပ်နိုင်ကြောင်း ဒီဇင်ဘာလ ပထမပတ်တွင်ကြေညာထားရသည်။



