အမှန်တရားမှာ မဟာမိတ်များ လိုအပ်သည်

ပံ့ပိုးကူညီပေးပါ။
ရုပ်သံရုပ်သံသတင်း

“စစ်စိမ်းရောင်ယူနီဖောင်းချွတ်ပြီးတော့ တိုက်ပုံဝတ်လည်း စစ်ရာဇဝတ်ကောင်က စစ်ရာဇဝတ်ကောင်ပဲ”

မြန်မာပြည်သူတွေ ထောက်ခံမှုအများဆုံးရှိတဲ့ နိုင်ငံရေးပါတီတွေကို ဖျက်သိမ်း၊ ပြည်သူတွေထောက်ခံတဲ့ ခေါင်းဆောင်တွေကို ဖမ်းဆီး၊ ထောင်ချပြီး ကျင်းပတဲ့ စစ်တပ်ရွေးကောက်ပွဲကို ပြည်သူအများက စိတ်မဝင်စားကြသလို ရွေးကောက်ပွဲကျင်းပပြီးစီးလည်း ဆန့်ကျင်၊ တော်လှန်မှုတွေက ဆက်ရှိနေမယ်လို့ ထင်ရှားတဲ့ လူထုသပိတ်ခေါင်းဆောင်တစ်ယောက်ဖြစ်တဲ့ ကိုနန်းလင်းက ပြောလိုက်ပါတယ်။ 

“ဘယ်လိုပဲ လွှတ်တော်တွေပေါ်လာလာ၊ အစိုးရတွေဖွဲ့ဖွဲ့ စစ်စိမ်းရောင်ယူနီဖောင်းချွတ်ပြီးတော့ တိုက်ပုံဝတ်လည်း အာဏာရှင်က အာဏာရှင်ပဲ၊ စစ်ရာဇဝတ်ကောင်က စစ်ရာဇဝတ်ကောင်ပဲ” လို့ ကိုနန်းလင်းက ပြောပါတယ်။ 

လွတ်လပ်၊ မျှတမှု အကင်းမဲ့ဆုံးနဲ့ လူထုစိတ်ဝင်စားမှုအနည်းဆုံးအဖြစ် သမိုင်းဝင်မယ့် ရွေးကောက်ပွဲတစ်ခုကို စစ်တပ်ကကျင်းပဖို့ ရပ်ပိုင်းသာ လိုပါတော့တယ်။ ဒီဇင်ဘာ ၂၈ရက် ရွေးကောက်ပွဲနီးလာတာနဲ့အမျှ တော်လှန်ရေးအင်အားစုတွေရဲ့ ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေကလည်း အရှိန်မြှင့်လာပါတယ်။ 

စစ်တပ်ရွေးကောက်ပွဲကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ဝင်ပြိုင်မယ့်ပါတီဟာ စစ်တပ်ကျောထောက်နောက်ခံပါတီ၊ စစ်တပ်နဲ့ ပနံသင့်တဲ့ပါတီ အားလုံးပေါင်းမှ ၆ခုပဲ ရှိပါတယ်။ အဲ့ဒီပါတီတွေကတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ မြန်မာနိုင်ငံ တောင်သူလယ်သမားဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ ပြည်သူ့ပါတီ၊ ရှမ်းနဲ့တိုင်းရင်းသားများဖွံ့ဖြိုးတိုးတက်ရေး(ကျားဖြူ)ပါတီ တို့ ဖြစ်ကြပါတယ်။  

လူထုထောက်ခံမှုအများဆုံးဖြစ်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(NLD) ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်ပါတီ(SNLD) တို့လို နိုင်ငံရေးပါတီကြီးတွေကို ဖျက်သိမ်းပြီး NLD ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကိုလည်း စစ်တပ်က ပုဒ်မမျိုးစုံတပ်ပြီး ဖမ်းဆီး၊ ထောင်ချထားတာပါ။ 

ဒီလိုအခြေအနေတွေမှာ ပြည်သူလူထုအများစုက စိတ်ပါဝင်စားမှုမရှိကြပေမယ့် အနှစ်သာရနဲ့ ဂုဏ်သိက္ခာအမဲ့ဆုံးဖြစ်လာမယ့် သမိုင်းဝင်အတုအယောင်ရွေးကောက်ပွဲကို စစ်တပ်ကတော့ မကြာခင်မှာ သူ့စိတ်ကြိုက်ပုံဖော်တော့မှာ ဖြစ်ပါတယ်။ 

တော်လှန်ရေးအင်အားစုတွေကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေး၊ စစ်မှုထမ်းဥပဒေဖျက်သိမ်းရေးနဲ့ ရွေးကောက်ပွဲဆန့်ကျင်ကြောင်း အချက်(၃)ချက်ကို ပြသမယ့် လှုပ်ရှားမှုတွေကို ခပ်စိပ်စိပ် လုပ်လာပါတယ်။ 

အဲ့ဒီ ၃ချက်ကို ထောက်ခံ၊ ရပ်တည်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာလ ၁၀ရက်နေ့မှာ ‘အပြင်မထွက်၊ အသံတိတ်သပိတ်’ (Silent Strike) ကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လုပ်သွားမှာဖြစ်ပြီး ဒီလှုပ်ရှားမှုမှာ ပြည်သူတွေပါဝင်ပေးကြဖို့လည်း တော်လှန်ရေးအင်အားစုတွေက တိုက်တွန်းထားကြပါတယ်။ 

အရှိန်မြှင့်လာတဲ့ စစ်တပ်ရွေးကောက်ပွဲဆန့်ကျင်ရေးလှုပ်ရှားမှုတွေအကြောင်းနဲ့ လူထုစိတ်ဝင်စားမှုမရှိတဲ့ရွေးကောက်ပွဲအကြောင်းကို အထွေထွေသပိတ်ပေါင်းစပ်ညှိနှိုင်းရေးအင်အားစု(GSCB) ရဲ့ အတွင်းရေးမှူးအဖွဲ့ဝင်ဖြစ်တဲ့ ကိုနန်းလင်းနဲ့ ဆက်သွယ်မေးမြန်းထားပါတယ်။ 

မေးမြန်း၊ တင်ဆက် – သဇင်လှိုင်/ Myanmar Now

Myanmar Now ဆက်လက်ရပ်တည်နိုင်ရေးအတွက် လစဥ်ငွေအနည်းငယ်ဖြင့် https://myanmar-now.org/mm/members/ တွင် ကူညီနိုင်ပါသည်။

Related Articles

Back to top button