စစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို အကြောင်းပြကာ နိုင်ငံရေးပါတီအချို့ကို အောက်တိုဘာ ၉ ရက်တွင် ခေါ်ယူတွေ့ဆုံခဲ့သည်။ ထိုတွေ့ဆုံဆွေးနွေးပွဲကို အာဏာသိမ်းစစ်ကောင်စီ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ဆိုင်ရာကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့် ဦးဆောင်ခဲ့သည်။ ၎င်းသည် စစ်ကောင်စီ၏ အစိုးရအဖွဲ့ရုံးဝန်ကြီးလည်းဖြစ်သည်။
နေပြည်တော်၌ ပြုလုပ်ခဲ့သော ထိုဆွေးနွေးပွဲတွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အပြင် ရွေးကောက်ပွဲဆိုင်ရာများလည်း ဆွေးနွေးခဲ့သည်ဟု စစ်ကောင်စီက သတင်းထုတ်ပြန်ထားပြီး လူမှုကွန်ရက်တွင် တွေ့ရှိရသော မှတ်တမ်းစာရွက်တစ်ခုအရ နိုင်ငံရေးပါတီ ၄၀ ကို ဖိတ်ကြားခဲ့ပြီး ပါတီ ၁၈ ခု တက်ရောက်ခဲ့သည်ဟု သိရသည်။
ဆွေးနွေးပွဲမတက်ရောက်ခဲ့သော နိုင်ငံရေးပါတီများတွင် ၂၀၂၀ ရွေးကောက်ပွဲ၌ တတိယအများဆုံးအနိုင်ရရှိခဲ့သည့် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါဝင်သည်။ အင်အားကြီးတိုင်းရင်းသားပါတီကြီးတစ်ခုဖြစ်သော SNLD မှ အထွေထွေအတွင်းရေးမှူး စိုင်းလိတ်ကို Myanmar Now က အောက်တိုဘာ ၁၀ ရက်တွင် ဆက်သွယ်မေးမြန်းထားသည်။
မေး − အောက်တိုဘာ ၉ ရက်မှာ စစ်ကောင်စီက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အကြောင်းပြပြီး နိုင်ငံရေးပါတီတချို့ကို ဖိတ်ခေါ်တွေ့ဆုံခဲ့တယ်။ ဒီတွေ့ဆုံပွဲကို SNLD က ဘာကြောင့် မတက်ရောက်ခဲ့ပါသလဲ။
ဖြေ − ပါတီကို ဖိတ်ပါတယ်။ ဒါပေမဲ့ ငြိမ်းချမ်းရေးဖော်ဆောင်ရေးလုပ်ငန်းအဖွဲ့အနေနဲ့ ဖိတ်တာ မဟုတ်ဘဲ နိုင်ငံရေးပါတီများအစုအဖွဲ့ဆိုတဲ့ ခေါင်းစဉ်နဲ့ ဖိတ်တာပေါ့နော်။ ပါတီတွင်းမှာ အစည်းအဝေးထိုင်ကြည့်တော့ အခြေအနေ အချိန်အခါ အရပ်ရပ်ကြောင့် အဆင်သင့်မဖြစ်သေးလို့ ကျွန်တော်တို့ မတက်ပါဘူး။
မေး − ဒီလိုကာလမှာ ငြိမ်းချမ်းဖော်ဆောင်ဖို့ဆိုတဲ့ စစ်ကောင်စီရဲ့ရည်ရွယ်ချက်ကို ဘယ်လိုမြင်ပါသလဲ။
ဖြေ − စောစောက ကျွန်တော်ပြောတဲ့ စကားထဲမှာ အခြေအနေနဲ့ အချိန်အခါဆိုတာ ပါပါတယ်။ ဒီနေ့ ဒီအချိန်က တိုင်းပြည်ကြီး မငြိမ်မသက်ဖြစ်နေတယ်။ နောက် ငြိမ်းချမ်းရေးဖော်ဆောင်မယ်ဆိုလို့ရှိရင် ဘက်စုံရှိဖို့ လိုအပ်တာပေါ့နော်။
အရင်တုန်းက ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေမှာ ဆိုလို့ရှိရင် နိုင်ငံတော်ကို ကိုယ်စားပြုတဲ့ အဖွဲ့အစည်းတွေ အပြည့်အစုံပါတယ်။ နောက်တစ်ဖက်မှာလဲ အတိုက်အခံပြုတဲ့အဖွဲ့တွေပေါ့နော်။ ငြိမ်းချမ်းရေးဖော်ဆောင်ချင်တဲ့အဖွဲ့တွေ။ နောက် လူထုကို ကိုယ်စားပြုတဲ့အဖွဲ့တွေ၊ အဲ့လို ဘက်စုံထောင့်စုံပါတဲ့ အခင်းအကျင်းမျိုးမှာတောင်မှ အောင်မြင်အောင် မဖော်ဆောင်နိုင်ခဲ့ဘူးပေါ့နော်။ ဒီနေ့လို တိုင်းပြည် ဝရုန်းသုန်းကားဖြစ်တဲ့ကာလမှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်း စတင်မယ်ဆိုတာကတော့ အောင်မြင်နိုင်ဖွယ်ရာလည်း ရာခိုင်နှုန်းနည်းတယ်လို့ ကျွန်တော်မြင်ပါတယ်။
မေး − စစ်ကောင်စီက ရွေးကောက်ပွဲတွေမှာ အချိုးကျကိုယ်စားပြုစနစ် (PR – Proportional Representation) စနစ်နဲ့ သွားဖို့ လေသံပစ်နေတဲ့အပေါ် SNLD ရဲ့ သဘောထားကို သိပါရစေ။
ဖြေ − ပထမတစ်ချက်ပြောချင်တာက အဲ့ဒီရွေးကောက်ပွဲစနစ်ကို ရွေးကောက်ပွဲကော်မရှင်ကိုယ်၌က လုပ်ပိုင်ခွင့်ရှိတယ် ဆိုပေမဲ့လို့ အခုရွေးကောက်ပွဲကော်မရှင်က ပြည်သူလူထုရဲ့ သဘောဆန္ဒနဲ့အညီ ရွေးကောက်တင်မြှောက်ထားားတဲ့ ရွေးချယ်ထားတဲ့ ရွေးကောက်ပွဲကော်မရှင် မဟုတ်ဘူးပေါ့နော်။
ဆိုတော့ သူတို့အနေနဲ့ သူတို့သွားချင်တဲ့ လမ်းကြောင်းကို ဖော်တဲ့နေရာမှာ လူထုရဲ့သဘောထားမပါဘူးဆိုတာ ပထမတစ်ချက် သေချာသွားပြီ။ နောက်ဒုတိယတစ်ချက်က ရွေးကောက်ပွဲက ဘယ်လဲပေါ့။ ဘယ်မှာလဲပေါ့။ ရွေးကောက်ပွဲဖြစ်ဖို့ဆိုတာကရော အချိန်အနေအချိန်အခါ ကျရောက်ပြီလား။ အဲ့ဒီအခင်းအကျင်းမျိုး ဖော်ဆောင်နိုင်ပြီလားဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။
တစ်ခါ ရွေးကောက်ပွဲဖြစ်ပြီဆိုရင်ရော ပြည်သူလူထုက အဲ့ဒီရွေးကောက်ပွဲမှာ တက်တက်ကြွကြွပါဝင်ပြီး မဲပေးကြပါ့မလားဆိုတာ အများကြီး ထည့်သွင်းစဉ်းစားရမှာ ဖြစ်ပါတယ်။ PR စနစ်ကို ဆက်ပြောမယ်ဆိုရင် PR က ဘာကြောင့်လုပ်တာလဲပေါ့။
PR စနစ်လုပ်တယ်ဆိုတာက ပါတီအားလုံး တန်တူညီမျှတဲ့အနေအထားနဲ့ ၅၁/၄၉ အနေအထားမျိုး မဟုတ်ဘဲနဲ့ အရွေးချယ်ခံရတဲ့ မဲပေးခံရတဲ့ လူတွေက ရာခိုင်နှုန်းအရ လွှတ်တော်ထဲမှာ လူစုံတက်စုံ ပါဝင်နိုင်ဖို့ဆိုတဲ့ ရည်ရွယ်ချက်နဲ့ဆိုရင်တော့ PR ကို လက်ခံရမှာဖြစ်တယ်။
ဒါပေမဲ့ အဲ့ဒီလိုမဟုတ်ဘဲနဲ့ ဥပမာ-ကျွန်တော်တို့ ရှမ်းပြည်ပေါ့နော်။ ရှမ်းပြည်မှာ ပါတီ ဘယ်နှခုပဲ ဝင်ပြိုင်ပြိုင် ပြည်မက ပါတီပဲ လာပြိုင်ပြိုင်ပေါ့နော်။ ဒါပေမဲ့ ရှမ်းပြည်ရဲ့ မဲဆန္ဒရှင်အရေအတွက်နဲ့ပဲ တွက်ရလိမ့်မယ်။ အဲ့တော့ ရှမ်းပြည်မှာ လာပြိုင်တယ်။ ဟိုးပြည်မက မဲနဲ့ သွားပေါင်းမယ်ဆိုလို့ရှိရင် ဒါရှမ်းပြည်အတွက် အင်မတန်နစ်နာပါတယ်။ တခြားပြည်နယ်များလည်း ထိုနည်းလည်းကောင်းပါပဲ။
ရှမ်းပြည်တွင်းမှာ PR စနစ်လုပ်မယ်ဆိုရင် ရှမ်းပြည်သူလူထုရဲ့ မဲဆန္ဒရှင်အရေအတွက်ပေါ် မူတည်ပြီး ရေတွက်မယ်ဆိုရင်တော့ ကိစ္စမရှိဘူး။ လက်သင့်ခံနိုင်စရာ အကြောင်းရှိတယ်။ အဲ့ဒီနည်းမဟုတ်ဘဲနဲ့ စောစောကပြောသလို ရှမ်းပြည်မှာလာဝင်ပြိုင်တယ်။ ပြီးတော့ တခြား အောက်ပြည်အောက်ရွာက မဲတွေနဲ့ တွက်မယ်ဆိုလို့ရှိရင်တော့ ဒုံရင်းဒုံရင်းပါပဲ။ ဗမာလူမျိုးအများစုပဲ မဲရနေလိမ့်မယ်။ ဗမာလူမျိုးအများစု ပဲ လွှတ်တော်ထဲမှာ ကြီးစိုးနေလိမ့်မယ်။ အဲ့ဒီစနစ်မျိုးဆိုရင်တော့ ထူးမခြားနားပဲ ဖြစ်နေပါလိမ့်မယ်လို့ မြင်ပါတယ်ခင်ဗျ။
မေး − PR စနစ်နဲ့ သွားမယ်ဆိုရင် နိုင်ငံနဲ့ မဲဆန္ဒရှင်လူထုအပေါ် ဘယ်လိုအကျိုးသက်ရောက်မှုတွေ ရှိလာနိုင်မလဲ။
ဖြေ − အနည်းဆုံးအဆင့်ကတော့ဗျာ။ ရွေးကောက်ပွဲစနစ်ကိုတော့ ပြင်တယ်။ အခြေခံဥပဒေတော့ ဒီအတိုင်းထားမယ်ဆိုလို့ရှိရင် လွှတ်တော်ထဲမှာ ၂၅ ရာခိုင်နှုန်း ကြိုယူထားတဲ့ အဖွဲ့အစည်းတစ်ခုရှိတယ်။ အဲ့ဒီအဖွဲ့အစည်းနဲ့ ပုလဲပနံသင့်တဲ့ ပါတီကပဲ တစ်သက်လုံးအစိုးရဖြစ်နေမှာပဲ။
အဲ့ဒီအခါကျရင် ကျွန်တော်တို့ တိုင်းရင်းသားပြည်သူလူထုတစ်ရပ်လုံးတောင်းဆိုနေတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုဆိုတဲ့ ပန်းတိုင်ကိုတော့ ဘယ်လိုမှ ရောက်နိုင်စရာ အကြောင်းမရှိတော့ဘူး။
အဲ့ဒါကြောင့်မို့လို့ တရားမျှတမှုနဲ့ တန်းတူညီမျှမှုကို ဖော်ဆောင်နိုင်မဲ့စနစ်မျိုး မဖြစ်နိုင်တဲ့အတွက်ကြောင့်မို့ လူထုဆန္ဒနဲ့ ဘယ်လိုမှ တစ်ထပ်တည်းဖြစ်နိုင်စရာမရှိဘူး။ လူထုတွေက ဆက်ပြီး နစ်နာမြဲ နစ်နာနေမှာပဲလို့ ကျွန်တော်မြင်ပါတယ်ဗျ။
မေး − စစ်ကောင်စီက ဘာကြောင့် PR စနစ်ကို သွားချင်တာလို့ ယူဆပါသလဲ။
ဖြေ − အလွယ်ဆုံးဖြေရရင်တော့ (စစ်တပ်က) နိုင်ငံရေးကနေ မထွက်ခွာချင်လို့ပေါ့ဗျာ။
မေး − အာဏာရှင်တော်လှန်ရေး နွေဦးတော်လှန်ရေးမှာ SNLD ကိုယ်စားလှယ်အချို့ မပါဘူးဆိုပြီး ဝေဖန်မှုတွေလည်း ရှိနေတယ်။ ဆိုတော့ အနိုင်ရကိုယ်စားလှယ်တွေ မပါဖို့ တားမြစ်ထားတာမျိုး ရှိပါသလား။
ဖြေ − မရှိပါဘူးခင်ဗျ။ ကျွန်တော်တို့ပါတီကိုယ်၌ကလည်း အရွေးချယ်ခံထားရတဲ့ လွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူ့ကိုယ်စားလှယ်များအဖြစ် ဆက်လက်ပြီးတော့ အသိအမှတ်ပြုထားတယ်ဆိုတာ တရားဝင်လည်း ပြောထားပြီးပါပြီ။
အဲ့တော့ ပြည်သူ့ကိုယ်စားလှယ်များဖြစ်တာနဲ့အညီ ပြည်သူလူထုရဲ့ ဆန္ဒနဲ့အညီ လုပ်ကိုင်ပိုင်ခွင့်ရှိတယ်။ ပြည်သူ့ဆန္ဒအကောင်အထည်ဖော်တဲ့လုပ်ငန်းတွေမှာ သူတို့ လွတ်လပ်စွာလုပ်ကိုင်ပိုင်ခွင့်ရှိပါတယ်ဗျ။ တော်လှန်ရေးမှာ ပါခြင်းမပါခြင်းဆိုတာက တော်လှန်ရေးရဲ့ အနက်အဓိပ္ပာယ်ဆိုတာနဲ့ အများကြီးသက်ဆိုင်ပါလိမ့်မယ်။
လက်နက်ကိုင်တော်လှန်တာရှိလိမ့်မယ်။ လက်နက်မကိုင်ဘဲနဲ့ တော်လှန်တာရှိလိမ့်မယ်။ တခြားနည်းလမ်းပေါင်းစုံနဲ့ တော်လှန်တာ ရှိလိမ့်မယ်ပေါ့နော်။ အဲ့တော့ ဘက်တစ်ဖက်တည်းကို ကျွန်တော်တို့ ကြည့်နေတာထက်စာရင် ဟိုးအရင်က ပြီးခဲ့တဲ့ အနှစ် ၂၀ လောက်က Mindset (အတွေးအခေါ်အယူအဆ) အရပေါ့ဗျာ။
ဟိုအရင်တုန်းကတော့ အနီမဟုတ်ရင် အစိမ်းပေါ့။ အဲ့လိုအနေအထားမျိုး အခုလည်း ပေါ်ပေါက်ပါတယ်။ လက်နက်ကိုင်တော်လှန်မှာလား လက်နက်ကိုင်မတော်လှန်ဘူးလားဆိုတာ စည်းခြားပြီးတော့ ကြည့်နေမယ်ဆိုရင်တော့ တော်လှန်ရေးရဲ့ အဓိပ္ပာယ်ဟာ ပြည့်ဝနေမှာ မဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် မြေပြန့်ဒေသက တိုင်းရင်းသားညီအစ်ကိုတွေ တော်လှန်ရေးဆိုတာကို အိပ်မက်မမက်ခင်ကတည်းက တောင်ပေါ်နေ တိုင်းရင်းသား ပြည်သူလူထုတွေက ဒီတော်လှန်ရေးဆိုတဲ့ဟာကို တောက်လျှောက်ပဲ လုပ်လာကြရပါတယ်။
ဒီနေ့ ဒီအချိန်အထိလည်း ဆက်လုပ်နေကြတာ လုံးဝသေချာတယ်။ ဒါပေမယ့် လုပ်ပုံလုပ်နည်းကွာတာ တစ်ခုကြောင့်နဲ့တော့ ငါနဲ့မတူ ငါ့ရန်သူဆိုတဲ့ ပုံစံမျိုးသတ်မှတ်မယ်ဆိုရင်တော့ ကြည့်တဲ့သူရဲ့ အမြင်နဲ့ပဲ ဆိုင်ပါလိမ့်မယ်။ အကြည့်ခံရတဲ့ ပုဂ္ဂိုလ်နဲ့သက်ဆိုင်လိမ့်မယ် မထင်ပါဘူးခင်ဗျ။
မေး − စစ်ကောင်စီက CRPH နဲ့ NUG၊ PDF တို့နဲ့ မပတ်သက်ကြောင်း လက်မှတ်ထိုးခိုင်းတဲ့အထဲမှာရော SNLD ပါတီက ကိုယ်စားလှယ်တွေရော ပါလားဗျ။
ဖြေ − ထိုးခိုင်းတယ်။ ဒါပေမဲ့ ကျနော်တို့လူတွေကလည်း ထိုးချင်တဲ့သူမှထိုးတာ။ မထိုးတဲ့သူက များပါတယ်။ သူ(စစ်ကောင်စီ) ကိုယ်၌က ရွေးချယ်ခံထားရတဲ့သူတွေကို လွှတ်တော်ကိုယ်စားလှယ်အဖြစ် ရုပ်သိမ်းပြီးသားဖြစ်တယ်။ အဲ့ဒီ ရုပ်သိမ်းပြီးသားဖြစ်တဲ့ လူတွေကို ဘာဖြစ်လို့ NUG၊ CRPH နဲ့ မပတ်သက်ဘူးဆိုတာ လာပြီး စိစစ်စရာ လိုသေးတော့လို့လဲဗျာ။ သူက လွှတ်တော်ကိုယ်စားလှယ်မှ မဟုတ်တော့တာ။ ကန့်သတ်စရာ မလိုတော့ဘူးလေဗျာ။ ရှေ့နောက်မညီတဲ့အလုပ်တွေပါဗျာ အဲ့ဒါတွေက။
မေး − ၁၉၉၀ ရွေးကောက်ပွဲတုန်းကလည်း SNLD ပါတီက ကိုယ်စားလှယ်နေရာ အများအပြားအနိုင်ရခဲ့တယ်။ ဒါပေမဲ့ ရွေးကောက်ပွဲရလဒ်ကို လက်မခံဘဲ စစ်တပ်က အာဏာသိမ်းခဲ့တယ်။ အခုလည်း အလားတူကြုံတွေ့နေရတယ်။ ဒီအပေါ် နိုင်ငံရေးပါတီခေါင်းဆောင်တစ်ဦးအနေနဲ့ သုံးသပ်ပေးပါဦး။
ဖြေ − လက်ရှိ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ တိုင်းရင်းသားပြည်သူလူထုတွေက နိုင်ငံရေးအရ အင်မတန်ပွင့်လင်းနေကြပါပြီ။ ဥပမာ ဗမာပြည်မမှာ ဖက်ဒရယ်ဆိုတဲ့ ဥစ္စာကို ဘီလူးသရဲလို အခြိမ်းခြောက်ခံရတဲ့ ကာလတွေကနေ အခု ဖက်ဒရယ်ဒီမိုကရေစီလုပ်ဖို့တဲ့အသံ အကျယ်ဆုံးအော်လိုက်နိုင်တာက ဗမာပြည်သူလူထုက ပိုပြီးမှ ရှေ့တန်းရောက်နေပါတယ်။
ဆိုတော့ ကျွန်တော်တို့တွေရဲ့ ကြိုးကိုင်ဒီမိုကရေစီစနစ်မျိုးကို ပြန်လည်ဖော်ဆောင်မယ်ဆိုလို့ရှိရင် ဘယ်သူမှလည်း လက်သင့်ခံတော့မှာ မဟုတ်ဘူး။ အဲ့ဒီစနစ်မျိုးကို ထပ်လုပ်ဖို့ စိတ်ကူးတယ်ဆိုလို့ရှိရင်လည်း စိတ်ကူးသူကတော့ တော်တော်လေးကို သမိုင်းနောက်ကျန်ခဲ့ပြီလို့ ပြောရမှာပဲဗျ။
ဆိုတော့ နောက်လာမဲ့ ရွေးကောက်ပွဲဆိုတာက ဘယ်တော့ဆိုတာ ကျွန်တော်တို့ မပြောနိုင်ဘူး။ ဒါပေမဲ့ အထိန်းအကွပ်နဲ့ ဥပမာ စည်းကမ်းပြည့်ဝသော ဒီမိုကရေစီစနစ်ဆိုတာမျိုးနဲ့ ကြိုးကိုင်ဒီမိုကရေစီစနစ်မျိုးကို ဆက်ပြီးတော့မှ အကောင်အထည်ဖော်ဦးမယ်ဆိုရင်တော့ အဲ့ဒီရွေးကောက်ပွဲဟာ ဘယ်လိုမှ အောင်မြင်နိုင်စရာအကြောင်း မရှိဘူး။
ဆိုတော့ နောက်လာမဲ့ ရွေးကောက်ပွဲဟာ တကယ်လွတ်လပ်ပြီး တရားမျှတပြီးတော့ နိုင်ငံရေးအရ လွတ်လပ်စွာယှဉ်ပြိုင်ခွင့်ရှိတဲ့ တန်းတူညီမှုကို အခြေခံတဲ့ ရွေးကောက်ပွဲမျိုးကို ဖော်ဆောင်နိုင်မှသာလျှင် လူထုကလည်း လက်ခံမှာဖြစ်လို့ အနည်းငယ်တော့ အချိန်ကြာပါလိမ့်ဦးမယ်လို့ သုံးသပ်ချင်ပါတယ်။
(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)