သတင်း

ကလေးတွင် ရွာသားနှစ်ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်

စစ်ကိုင်းတိုင်းအနောက်ခြမ်း ကလေးမြို့နယ်တွင် ယမန်နေ့ (ဧပြီ ၁၂) ၌ စစ်တပ်က ရွာသားနှစ်ဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။​ 

စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်နေသည့် ကလေးမြို့နယ်တောင်ပိုင်း နတ်မြောင်းရွာမှ အသက် ၃၄ နှစ်အရွယ် ကိုခိုင်လင်းသူနှင့် ၆၀ ကျော်အရွယ် ဦးဌေးဝင်းဆိုသူမှာ ဖမ်းဆီးခံရပြီးနောက် နှိပ်စက်ကာ သတ်ဖြတ်ခံရခြင်းဖြစ်သည်ဟု သိရသည်။ 

ယမန်နေ့ နံနက်ပိုင်းတွင် ကလေးမြို့သို့ ဆိုင်ကယ်ဖြင့် တက်သွားစဉ် ကိုခိုင်လင်းသူကို ကင်းလှည့်နေသည့် စစ်တပ်က စည်သာရွာအနီး ဖမ်းဆီးသတ်ဖြတ်ကာ ရုပ်အလောင်းကို မီးရှို့သွားကြောင်း ဆွေမျိုးနီးစပ်တစ်ဦးဖြစ်သူ နတ်မြောင်းရွာမှ အမျိုးသားတစ်ဦးက ပြောသည်။ 

“ကိုခိုင်လင်းသူက မနက်က ကလေးမြို့ကို တက်သွားတယ်။ ပဲကားတွေ ထွက်သွားပြီး သွားလို့ရပြီဆိုပြီးတော့မှ လမ်းမကြီးအတိုင်း သွားတာ။ စည်သာမှာ အထိုင်ချထားတဲ့ စစ်တပ်တွေနဲ့ တွေ့ပြီးတော့ ပစ်သတ်ခံရတယ်။ သတ်ပြီးတော့ မီးရှို့ပြီးတော့ ထားခဲ့တယ်” ဟု ၎င်းက ဆိုသည်။

ဆိုင်ကယ်ဦးထုပ်နှင့် ဘောင်းဘီမှာ မီးလောင်ကျွမ်းခြင်း မရှိသေးဘဲ အနည်းငယ်ကျန်ရှိနေသေးသည့်အတွက် ကိုခိုင်လင်းသူဖြစ်ကြောင်း ဇနီးဖြစ်သူက အတည်ပြုကြောင်း ၎င်းက ဆက်ပြောသည်။

“သူဆောင်းနေကျ ဦးထုပ်ရယ်၊ သူဝတ်ထားတဲ့ ရှော့ပန်လေးရယ်၊ နိုင်လွန်ရှော့ပန်ဆိုတော့ အလောင်းက အကုန်မလောင်သေးဘူး။ ရှော့ပန်လေး ကျန်သေးတယ်။ ဆိုင်ကယ်ဦးထုပ်လေးလည်း မီးလောင်ထားတာ။ ဒါပေမဲ့ ကျန်သေးတယ်။ တအားကြီး အရိုးစုမဖြစ်သွားသေးဘူးရယ်” 

စစ်ကောင်စီစစ်ကြောင်းသည် မွန်းလွဲပိုင်းတွင် နတ်မြောင်းရွာအတွင်း နေအိမ်များကို ဖောက်ထွင်းကာ အိမ်အတွင်း ပိတ်မိနေသည့် အသက် ၆၀ ကျော်အရွယ် ဦးဌေးဝင်းကို ဖမ်းဆီးခဲ့ကြောင်း၊ ထို့နောက် လက်ပြန်ကြိုးတုပ်ကာ ဓားဒဏ်ရာဖြင့် အသတ်ခံထားရသည်ကို တွေ့ရကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောသည်။

“ဝါယာကြိုးနဲ့ လက်နောက်ပြန်ကြိုးတုပ်ပြီးတော့မှ ဒဏ်ရာကတော့ လည်ပင်းကို ဓားနဲ့ ယက် (မွှန်း) ထားတာ တွေ့ တယ်။ နောက်ပြီးတော့ လည်ကုပ်ကို ဓားနဲ့ ခုတ်ထားတာ တွေ့တယ်။ ရင်ဘတ်ကို ထိုးထားတဲ့ ဓားဒဏ်ရာ သုံးချက်တွေ့တယ်” ဟု မျက်မြင်များကို ကိုးကားပြီး ထိုသူက ဆိုသည်။

စစ်တပ်က သတ်ဖြတ်ခဲ့သော ဒေသခံနှစ်ဦးကို ယနေ့ နံနက်တွင် နတ်မြောင်းရွာသုသာန်၌ သင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။ 

အင်အား ၂၀၀ ခန့်ရှိ စစ်ကောင်စီတပ်သည် ဧပြီ ၁၀ မှစ၍ ကလေးမြို့နယ်တောင်ပိုင်းကို စစ်ကြောင်းထိုးနေပြီး စစ်ရေးအခြေအနေတင်းမာနေကြောင်း ကလေးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် (PDF) မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ 

“(စစ်တပ်) က အထိနာထားလို့ မနေ့ညတည်းက ဖြည်းဖြည်းချင်း ကျွန်တော်တို့ဘက်ကို စစ်ကြောင်းထိုးလာတယ်။ စစ်ကြောင်းက နှစ်ကြောင်းပေါ့။ အချိန်မရွေး တိုက်ပွဲဖြစ်နိုင်တယ်” ဟု ၎င်းက ယနေ့ ပြောသည်။​

စစ်ကောင်စီတပ်ကို ဒေသခံကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များက ကြားဖြတ်တိုက်ခိုက်နေရာ စစ်ကောင်စီဘက်မှ အနည်းဆုံး ၃၅ ဦး သေဆုံးပြီး ဒေသခံကာကွယ်ရေးအဖွဲ့ဝင် သုံးဦးထိခိုက်ဒဏ်ရာရရှိသည်ဟု ကလေး PDF က ဧပြီ ၁၁ တွင် သတင်းထုတ်ပြန်သည်။  

ထိုတိုက်ပွဲများအတွင်း စစ်ကောင်စီဘက်မှ ထိခိုက်သေဆုံးမှုအခြေအနေနှင့် ပတ်သက်ပြီး သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။ 

ကလေးမြို့တောင်ပိုင်းကျေးရွာများကို ဝင်မွှေနေသည့် စစ်တပ်က ဧပြီ ၁၁ တွင် နတ်ချောင်းရွာကို ဝင်ရောက်ပြီး သုံးကြိမ်မြောက် မီးရှို့ခဲ့ရာ ကိုယ်ပိုင်အထက်တန်းကျောင်းတစ်ကျောင်းအပါအဝင် အိမ်ခြေ ၁၀၀ နီးပါး ပျက်စီးသည်။

“ဒီတစ်ကြိမ် စပါးတွေ တော်တော်များများဆုံးရှုံးတယ်။ အိမ်တိုင်းနီးနီး စပါးတွေပါတယ်။ အိမ်တိုင်းနီးနီးက ပစ္စည်းတွေ ရွှေ့မထားတဲ့အတွက် အိမ်အသုံးအဆောင်တွေ၊ ဆိုင်ကယ်၊ မီးစက်၊ ဆိုလာစသည်ဖြင့် အစုံပါကြတာ များတယ်။ အိမ်တွေကတော့ မျိုးစုံပါပဲ” ဟု အမည်မဖော်လိုသည့် နတ်ချောင်းရွာဒေသခံ အမျိုးသားတစ်ဦးက ပြောသည်။ 

အိမ်ခြေနှစ်ထောင်ကျော်ရှိသည့် နတ်ချောင်းရွာကို ပြီးခဲ့သည့် နှစ်ကုန်ပိုင်းတွင် စစ်တပ်က နှစ်ကြိမ်မီးရှို့ခဲ့ရာ အိမ်ခြေ ၁၅၀ ကျော် ပျက်စီးခဲ့ကြောင်း နတ်ချောင်းရွာဒေသခံများ ကောက်ယူထားသည့်စာရင်းအရ သိရသည်။

စစ်ကောင်စီရန်ကြောင့် ကလေးမြို့နယ်တောင်ပိုင်းရှိ နတ်မြောင်း၊ နတ်ချောင်း၊ ချောင်းခွ၊ ဟားခါးလေး၊ ရေစိုကျေးရွာတို့မှ ဒေသခံ ထောင်နှင့်ချီ ထွက်ပြေးတိမ်းရှောင်နေရသည်။​

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button