သတင်း

ဘင်္ဂလားဒေ့ရှ်အကျဉ်းသားများကို သင်္ဘောဖြင့် ပြန်ပို့၊ မြန်မာစစ်သားများ ပြန်တင်လာမည်

ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို သွားရောက် ပို့ဆောင်သည့် စစ်သင်္ဘော အပြန်တွင် နယ်စပ်ဖြတ် ထွက်ပြေးပြီး သောင်တင်နေသည့် စစ်ကောင်စီတပ်သားများကို တင်လာမည်ဟု ဆိုသည်။

ရခိုင်ပြည်နယ်၊ စစ်တွေအကျဉ်းထောင်မှ ပြန်လွှတ်ပေးလိုက်သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား ၁၇၃ ဦးကို ယမန်နေ့ (ဧပြီ ၂၃) တွင် ပြန်လည်ပို့ဆောင်လိုက်သည့် စစ်သင်္ဘောသည် ဘင်္ဂလားဒေ့ရှ်သို့ နယ်စပ်ဖြတ်ထွက်ပြေးရောက်ရှိနေသည့် မြန်မာစစ်သားများကို ပြန်ခေါ်လာမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်မြို့အခြေစိုက် ဘင်္ဂလားဒေ့ရှ်သံရုံးနှင့် ဘင်္ဂလားဒေ့ရှ်သတင်းဌာနများ၏ ဖော်ပြထားချက်အရ ချင်းတွင်းအမည်ရှိ အဆိုပါ သင်္ဘောသည် ယနေ့တွင် ဘင်္ဂလားဒေ့ရှ်ပိုင်နက်သို့ ဆိုက်ရောက်မည်၊ အကျဉ်းသားများကို သက်ဆိုင်ရာအာဏာပိုင်များထံ လွှဲပြောင်းပေးအပ်မည်ဟု သိရသည်။

အဆိုပါ ၁၇၃ ဦးမှာ ပြစ်ဒဏ်ချပြီးသူ ၁၄၄ ဦး၊ တရားရင်ဆိုင်နေဆဲ ၂၉ ဦးတို့ပါဝင်သည်၊ ယမန်နှစ် အောက်တိုဘာ ၃ ရက်နေ့က စစ်တွေမြို့သို့ ဘင်္ဂလားဒေ့ရှ်သံတမန်များ သွားရောက်ဆွေးနွေးခဲ့ကြပြီးနောက်ပိုင်း ထိုသူများ နေရပ်ပြန်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

ထိုသူများမှာ ကော့ဘဇားခရိုင်မှ ၁၂၉ ဦး၊ ဘန်ဒါဘန်ခရိုင်မှ ၃၀၊ Rangamati ခရိုင်မှ ၇ ဦး၊ Khagrachari, Noakhali, Narayanganj, Chattogram, Rajbari, Narsingdi နှင့် Nilphamari ခရိုင်တို့မှ ၁ ဦးစီတို့ ဖြစ်သည်။

မြန်မာနိုင်ငံရှိ အကျဉ်းထောင်အသီးသီးတွင် ပြစ်ဒဏ်ကျခံနေရသည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများကို ပြန်လည် ခေါ်ဆောင်နိုင်ရေးအတွက် ညှိနှိုင်းဆောင်ရွက်လျက်ရှိကြောင်း သံရုံး၏ ဧပြီ ၂၃ ထုတ်ပြန်ချက်တွင် ပါရှိသည်။

ရခိုင်ပြည်နယ်အတွင်း အာရက္ခတပ်တော် (AA) နှင့် တိုက်ပွဲများကြောင့် နယ်စပ်ဖြတ်ကျော် ထွက်ပြေးလာသည့် စစ်ကောင်စီ လက်နက်ကိုင် ၂၈၅ ဦးကို အထက်ပါ ရေတပ်စစ်သင်္ဘောဖြင့် ပြန်လည်ခေါ်ဆောင်မည်ဖြစ်သည်။

၂၀၂၃ မေလ တတိယပတ်က စစ်တွေဆိပ်ကမ်းတွင် တွေ့ရသော မုတ္တမ စစ်ရေယာဉ်။ (ဓာတ်ပုံ-စစ်ကောင်စီ)

ထိုလက်နက်ကိုင်များမှာ စစ်သားများ၊ နယ်ခြားစောင့်ရဲများဖြစ်သည်ဟု သိရသည်။

ဖေဖော်ဝါရီ ၅ ရက်မှ စတင်၍ စစ်ကောင်စီလက်နက်ကိုင် ၉၀ ကျော် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွင်း နယ်စပ်ဖြတ် စတင်ထွက်ပြေးခဲ့ကြပြီး ထပ်မံရောက်ရှိသူလာများ၊ မိသားစုဝင်များအပါအဝင် အရေအတွက် ၃၀၀ ကျော်ကို ဧပြီ ၁၅ ရက်က ပြန်ပို့ခဲ့ကြသည်။

ထို့နောက် ထပ်မံရောက်ရှိလာသူများအပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၈၅ ဦးကို ရေလမ်းခရီးဖြင့် ပြန်ပို့ရေး ဆွေးနွေးခဲ့ပြီးနောက် ယခုရောက်ရှိလာသည့် စစ်ရေယာဉ်ဖြင့် ပြန်လည်တင်ဆောင်လာမည် ဖြစ်သည်။

မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တွင် ပါဝင်သော AA ၏ ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်းတို့တွင် ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များသည် အိန္ဒိယနယ်စပ်သို့လည်း ၅ ကြိမ်ထက်မနည်း ဆုတ်ခွာထွက်ပြေးကြရာ အရေအတွက် ၆၀၀ ကျော် ရှိခဲ့သည်။ ထို့ပြင် ကချင်ပြည်နယ်တိုက်ပွဲများတွင် တရုတ်နိုင်ငံဘက်သို့လည်း ထွက်ပြေးခဲ့ကြဖူးသည်။

ကရင်ပြည်နယ်တိုက်ပွဲများတွင် ထိုင်းနိုင်ငံဘက်သို့ စစ်သားများ ထွက်ပြေးခဲ့ကြသည့်ဖြစ်စဉ်များလည်းရှိခဲ့ပြီး မကြာသေးခင် မြဝတီမြို့တိုက်ပွဲတွင်လည်း ထိုင်းဘက်ပြေးခဲ့ကြသည်။ လာအို-မြန်မာနယ်စပ်တွင် တိုက်ပွဲများမရှိသေးပေ။

အမှုအများအပြားတွင် စခန်းစွန့်ဆုတ်ခွာသူတို့ ထောင်ဒဏ်စီရင်ခံခဲ့ရသော်လည်း ၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းပြီး သတ်ဖြတ်၊ မီးရှို့မှုများကြောင့် နိုင်ငံအနှံ့ ခုခံတော်လှန်မှုများကို ရင်ဆိုင်နေရသဖြင့် စစ်ကောင်စီက အင်အားလိုအပ်နေရာ နယ်စပ်ဖြတ် ဆုတ်ခွာသူများ မြန်မာနိုင်ငံသို့ ပြန်ရောက်လျှင် စစ်ရေးတာဝန်များ ပြန်ပေးနေသည်ဟု သိရသည်။

Show More

Related Articles

Back to top button