
ရခိုင်ပြည်နယ်၏ မြို့တော် စစ်တွေမြို့ရှိ ရပ်ကွက်၊ ကျေးရွာတချို့ကို ယမန်နေ့ ( မေ ၂၉) နေ့လယ်ပိုင်း တွင် စစ်တပ်က ဝင်ရောက်စီးနင်းစဉ် ဒေသခံ ၄ ဦး ပစ်သတ်ခံရပြီး အများအပြားဖမ်းဆီးခံရကာ အိမ်ခြေ ၁၀၀ ထက်မနည်း ဖျက်ဆီးခံလိုက်ရသည်ဟု သိရသည်။
မြို့မြောက်ဘက် ဆတ်ရိုးကျချောင်းဘေးရှိ အိမ် ခြေ ၁၀၀၀ ကျော်ရှိသည့် ဗျိုင်းဖြူရွာ ခေါ် ဆတ်ရိုးကျရပ်ကွက်၊ စစ်တွေမြို့အနီး အိမ်ခြေ ၁၀၀ ကျော်ရှိ ချောင်းနွယ်မင်းဂံရွာ (ရွှေမင်းဂံ) တို့ တွင် ထိုဖြစ်ရပ်များ ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။
ဆတ်ရိုးကျတွင် ဒေသခံ ၄ ဦး ပစ်သတ်ခံရပြီး အများအပြား ဖမ်းဆီးခံရသည် ဟု စစ်ရှောင်များကို အကူအညီပေးနေသည့် စစ်တွေမြို့ခံတစ်ဦးက ပြောသည်။
သေဆုံးသူတို့မှာ ဦးကုလားမောင်၊ ဦးကျော်သိန်း၊ ဦးကျော်လှနှင့် ဦးကျော်ဝင်း တို့ဖြစ်ကြသည်ဟု ရခိုင်ဒေသသတင်းများ တင်ဆက်နေသော Narinjara သတင်းဌာနက ဆိုသည်။
အင်အား ၁၀၀ ဝန်းကျင်ဖြင့် ရောက်လာသော စစ်ကောင်စီတပ် တစ်အိမ်ဝင်တစ်အိမ်ထွက် ဖမ်းသွားသည်မှာ ကလေး၊ လူကြီး ၄၀ ခန့်ရှိနိုင်ကြောင်း ရခိုင်ဒေသ သတင်းဌာနနှစ်ခုတွင် ဖော်ပြထားကြသည်။
လူမျိုးရေးပဋိပက္ခဖြစ်ရန်လည်း စစ်တပ်က စီစဉ်ခဲ့သည်ဟု အထက်ပါ စစ်တွေမြို့ခံက ဆိုသည်။
“ဗျိုင်းဖြူရွာထဲကလူတွေကို ရွာပြင်ကို ထုတ်တယ်။ ထုတ်ပြီးတော့ သောက်ရေကန်နားမှာ တန်းစီ ထိုင် ခိုင်းထားတယ်။ ပြီးတော့ သံတော်လီရွာက မွတ်ဆလင်တွေကို ပိုက်ဆံပေးခေါ်ပြီးတော့ အဲဒီအိမ်တွေကို ဖျက်ခိုင်းတယ်။ နောက်ပြီးတော့ ချောင်းနွယ်မင်းဂံရွာလည်းပါတယ်လို့ သိရတယ်” ဟု ၎င်းက ပြောသည်။
ချောင်းနွယ်မင်းဂံရွာကိုမူ စစ်တပ်၊ ရဲ၊ စည်ပင်သာယာနှင့် ဌာနဆိုင်ရာ ဝန်ထမ်းတို့၏ အင်အားကို ယူကာ တစ်ရွာလုံး ဖျက်ဆီးခဲ့သည်ဟု ၎င်းက ဆိုသည်။
“အနိုင်ကျင့်တာပေါ့။ ဘာမှလည်းရှိတာလည်း မဟုတ်ဘဲနဲ့။ ဘာမှ မလုပ်နိုင်မှန်း သိလို့ အနိုင်ကျင့်တာ ပေါ့။ သာမန်ရွာသားတွေပဲလေ။ အသက်ကြီးတဲ့ သူတွေပဲ ကျန်တော့တာ။ အိမ်စောင့်ကျန်တဲ့သူတွေပဲ ရှိတော့တယ်။ အရွယ်ကောင်းတွေက ထွက်ပြေးပြီလေ။ မရှိတော့ဘူး” ဟု ၎င်းက ဆက်ပြောသည်။
အာရက္ခတပ်တော် (AA) ၏ ပြင်းထန်သည့် ထိုးစစ်ကြောင့် ရခိုင်ဒေသတွင် အကြီးအကျယ် စစ်ရှုံးနေသည့် စစ်ကောင်စီသည် ၂၀၁၂ ကာလကတည်းက ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် ဘာသာရေး၊ လူမျိုးရေး မသင့်မြတ်မှုကို အခြေခံကာ လူအများစု ရခိုင်ဒေသခံများနှင့် လူနည်းစု ရိုဟင်ဂျာ မွတ်ဆလင်များအကြား ပဋိပက္ခများဖြစ်ပွားစေရန် ထပ်မံကြိုးပမ်းနေသည်ဟု လေ့လာသူများက ပြောသည်။
စစ်တွေနှင့် ဘူးသီးတောင်မြို့တို့တွင် မွတ်ဆလင်များကို စုဝေးချီတက်စေကာ AA ဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖန်တီးခဲ့သလို ရိုဟင်ဂျာများအား စစ်မှုထမ်းရန် အင်အားစုဆောင်းကာ လက်နက် တပ်ဆင်ပေးခဲ့သည်။ တစ်ပြိုင်တည်းမှာ စစ်တွေမြို့ရှိ အရပ်သားများကို AA ဆက်စပ်သံသယဖြင့် ဖမ်းဆီးနေသည်။
မြန်မာပြည်မြောက်ပိုင်းတွင် အစပြုခဲ့သည့် “၁၀၂၇” စစ်ဆင်ရေးနှင့် အတူ ၂၀၂၃ နိုဝင်ဘာ ၁၃ တွင် ပေါ်ပေါက်လာခဲ့သည့် AA နှင့် အာဏာသိမ်း စစ်တပ်တို့ကြား တကျော့ပြန် စစ်ပွဲများ ဖြစ်ပွားနေသည် မှာ ၆ လကျော် ကြာမြင့်ခဲ့ပြီ ဖြစ်သည်။
ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မြောက်ဦး၊ မင်းပြား၊ ပုဏ္ဏားကျွန်း၊ ကျောက်တော်၊ ရသေ့တောင်နှင့် ဘူးသီးတောင်မြို့ကြီးများကို အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားသည်။
ပြည်နယ်မြောက်ပိုင်းတွင် စစ်တပ်က နယ်စပ် မောင်တောမြို့နှင့် ပြည်နယ်၏ မြို့တော် စစ်တွေမြို့ တို့ကိုသာ ထိန်းချုပ်ထားနိုင်တော့ရာ ထိုမြို့များ AA ထံသို့ မကျရောက်ရန် စစ်ကောင်စီက အစွမ်းကုန် ခုခံကာကွယ်နေသည်။
စစ်တွေမြို့သို့ ကုန်းလမ်း၊ ရေလမ်းဖြင့် ခရီးသွားလာခွင့် ပိတ်ဆို့ထားပြီး မြို့ ပတ်လည်တွင် မြေမြှုပ် မိုင်းများ ထောင်ထားသည်၊ စစ်တွေ မြို့ခံများကို ခရီးသွားလာခွင့် ပိတ်ဆို့ထားရာ လူသားတံတိုင်း အဖြစ် အသုံးပြုရန် စီစဉ်နေခြင်းဖြစ်သည်ဟု စွပ်စွဲခံနေရသည်။
AA က ဘင်္ဂလားဒေ့ရှ် နယ်စပ်မြို့ဖြစ်သည့် မောင်တောမြို့ကိုလည်း ထိုးစစ်ဆင် နေရာ မောင်တောမြို့ ကြိမ်ချောင်းဗျူဟာစခန်းကို ဧပြီ ၁၂ တွင် သိမ်းပိုက်နိုင်ခဲ့သည်။
ပြည်နယ်အတွင်း စစ်စခန်းအားလုံးကို တိုက်ခိုက် သိမ်းပိုက်သွားမည်ဟု AA က ကြိုတင် အသိပေးထား သည်။
မြို့သူကြီးမြို့ အနီးရှိ နခခ (၅) ဌာနချုပ်မှာလည်း မောရဝတီဗျူဟာတပ်စခန်းသို့ သွားရောက် ပူးပေါင်းလိုက်ရာ ထိုစခန်းသည် မြို့နယ်အတွင်း တစ်ခုတည်းသော စစ်ကောင်စီ လက်ကျန်စခန်း ဖြစ်လာသည်ဟု ဒေသခံများက ပြောသည်။
စစ်ကောင်စီတပ်သားများက မောင်တောမြို့ထဲရှိ စာသင်ကျောင်းများတွင် နေရာယူ တပ်စွဲထားသည် ဟု မောင်တောမြို့ခံတစ်ဦးက ပြောသည်။
“AA က မြို့ကို ဝိုင်းထားတယ်။ မြို့ခံတွေ တော်တော်များများလည်း ပြေးကုန်ပြီ။ စ.က.စ ကတော့ မြို့ခံတွေရဲ့အိမ်တွေကို ဖောက်ထွင်းပြီး ရှာဖွေယူဆောင်နေကြတယ်။ သတ်မှာကြောက်လို့ ဘယ်သူမှ မပြောရဲကြဘူး” ဟု ၎င်းက ဆိုသည်။
ရခိုင်ပြည်နယ်မြောက်ပိုင်း စစ်တွေနှင့် မောင်တောမြို့များတွင် ဖြစ်ပွားနေသည့် သတ်ဖြတ်မှု၊ ဖမ်းဆီးမှု များ၊ အရပ်သားနေအိမ်ဖျက်ဆီးမှု၊ ခိုးမှုများနှင့် ပတ်သက်ပြီး တုံ့ပြန်ချက် ရရှိရေးအတွက် မေးမြန်းလိုသော်လည်း ရခိုင်ပြည်နယ်၏ စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူက လက်ခံဖြေကြားခြင်း မရှိသေးပေ။ ထို့အတူ စစ်ကောင်စီကလည်း ရခိုင်ပြည်နယ်ရှိ အရပ်သားများ ရင်ဆိုင်နေရသည့် အခြေအနေဆိုးများနှင့် ပတ်သက်ပြီး သတင်းအမှောင်ချထားသည်။