ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်တွင် ရက္ခိုင့်တပ်တော် (AA) နှင့် တိုက်ပွဲများ ဖြစ်ပွားစဉ် စစ်ကောင်စီလက်နက်ကိုင် ၉၀ ကျော် နယ်စပ်ဖြတ် ထွက်ပြေးခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်က ယနေ့ (ဇန်နဝါရီ ၅) တွင် သတင်းထုတ်ပြန်သည်ဟု Dhaka Tribune သတင်းစာ အွန်လိုင်းသတင်းတစ်ပုဒ်တွင် ဖော်ပြထားသည်။
ညနေ ၆ နာရီခန့်တွင် နှစ်နိုင်ငံနယ်စပ်ရှိ တောင်ပြို (လက်ယာ) စခန်းကို အပြီးသတ်သိမ်းပိုက်နိုင်ခဲ့ကာ တောင်ပြို (လက်ဝဲ) စခန်းကို ဆက်၍ AA က ဆက်လက်ထိုးစစ်ဆင်နေစဉ် ထိုသို့ ဆုတ်ခွာသွားကြခြင်း ဖြစ်သည်။
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ဇန်နဝါရီ ၄ ညပိုင်း ထုတ်ပြန်ချက်တွင် ဆုတ်ခွာလာသူ အရေအတွက်မှာ ၆၈ ဦး ရှိသည်ဟု ဖော်ပြခဲ့သည်။
ထွက်ပြေးလာကြသူများထဲမှ ၁၅ ဦး ဆေးကုသမှုခံယူနေရကြောင်း၊ ၂ ဦး ဒဏ်ရာ ပြင်းထန်ကြောင်း ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်ရဲတပ်ဖွဲ့ကို ကိုးကားပြီး ဒေသတွင်း အွန်လိုင်းသတင်းဌာနများတွင် ရေးသားဖော်ပြထားသည်။
“သူတို့က ဘင်္ဂလားဒေ့ရှ်နိုင်ငံ အရှေ့တောင်ပိုင်း Bandarban ခရိုင်မှာရှိတဲ့ Tumbru နယ်စပ်ကို ဖြတ်ပြီး ဝင်ရောက်လာကြတာပါ။ ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ်ဖွဲ့က သူတို့ကို လက်နက်ဖြုတ်ပြီး ဘေးကင်းတဲ့ ခိုလှုံရာနေရာမှာ ခေါ်ဆောင်ထားပါတယ်” ဟု နယ်ခြားစောင့်ရဲတပ်ဖွဲ့၏ ကနဦးထုတ်ပြန်ချက်က ဆိုသည်။
ဖေဖော်ဝါရီ ၃ ညပိုင်းကတည်းက စတင်သော ထိုတိုက်ပွဲများကြောင့် နယ်စပ်တစ်လျှောက်ရှိ ကျေးရွာများမှ ဒေသခံများ အထိတ်တလန့်ဖြစ်ခဲ့ရကြောင်း ဘင်္ဂလားဒေ့ရှ်သတင်းဌာနများတွင် ဖော်ပြထားကြသည်။
သတင်းဌာနများက ဖော်ပြသော ရုပ်သံဗီဒီယိုများတွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်သို့ ဝင်ပြေးကြသော နယ်ခြားစောင့်ရဲ ယူနီဖောင်းများဝတ်စုံများဖြင့် တွေ့ရပြီး ပစ်ခတ်သံများ အတိုင်းသားကြားနေရသလို ဒဏ်ရာရနေသူ ၆ ဦးထက်မနည်း တွေ့ရသည်။
မြောက်ပိုင်းညီနောင်မဟာမိတ် ၃ ဖွဲ့တွင် ပါဝင်သော AA ၏ ချင်းပြည်နယ်နှင့် ရခိုင်မြောက်ပိုင်းတို့တွင် ဖော်ဆောင်သော ၁၀၂၇ စစ်ဆင်ရေးတိုက်ပွဲများကြောင့် အိန္ဒိယနယ်စပ်သို့ ၅ ကြိမ်ထက်မနည်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၆၀၀ ကျော်အပြင် ကချင်ပြည်နယ်တိုက်ပွဲများတွင် တရုတ်နယ်စပ်သို့လည်း ထွက်ပြေးခဲ့ကြဖူးသည်။
၁၀၂၇ စစ်ဆင်ရေးမတိုင်မီကလည်း ကရင်ပြည်နယ်တိုက်ပွဲများတွင် ထိုင်းနိုင်ငံဘက်သို့ စစ်သားများ ထွက်ပြေးခဲ့ကြသည့်ဖြစ်စဉ်များလည်းရှိခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များ ထွက်မပြေးသေးသော အိမ်နီးချင်းနိုင်ငံသည် လာအိုတစ်နိုင်ငံသာ ကျန်ရှိတော့သည်။
မြန်မာ – လာအို နယ်စပ်တွင် တိုက်ပွဲမရှိသေးပေ။
Myanmar Now က ပြုစုထားသည့် စာရင်းများအရ ၂၀၂၃ နိုဝင်ဘာ ၁၃၊ နိုဝင်ဘာ ၁၆၊ နိုဝင်ဘာ ၂၉၊ ဒီဇင်ဘာ ၂၉ တွင်၊ ယခုနှစ် ဇန်နဝါရီ ၆ တို့တွင် စစ်ကောင်စီတပ်သားများ အိန္ဒိယနိုင်ငံသို့ ရာနှင့်ချီ ထွက်ပြေးခဲ့ကြသည်။ ဇန်နဝါရီ ပထမပတ်အထိ စုစုပေါင်း ၅ ကြိမ် ထွက်ပြေးခဲ့ကြပြီး ထိုသို့ နယ်စပ်ဖြတ် ဆုတ်ခွာသည့် စစ်သားစုစုပေါင်း ၅၀၀ နှင့်အထက် ရှိနိုင်သည်။
၁၀၂၇ စစ်ဆင်ရေး ၁၀၁ ရက်ပြည့်မြောက်သောနေ့တွင် တောင်ပြို (လက်ဝဲ-လက်ယာ) နယ်ခြားစောင့်ရဲစခန်းနှစ်ခုကို AA က ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ကြောင်း၊ စခန်းတစ်ခုသိမ်းနိုင်ကာ နောက်စခန်းကို ဆက်လက် ထိုးစစ်ဆင်တိုက်ခိုက်နေကြောင်း မြောက်ပိုင်းမဟာမိတ် ၃ ဖွဲ့က ယမန်နေ့ညက ထုတ်ပြန်သည်။
ကျန်ရှိနေသေးသော တောင်ပြို (လက်ဝဲ) စခန်းမှ စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် လက်နက်ချ အညံ့ခံပါက အသက်ချမ်းသာရာရမည်ဖြစ်ကြောင်း အသိပေးထားသည်။
တောင်ပြို (လက်ယာ) စခန်းသိမ်းတိုက်ပွဲအတွင်း စစ်သားအလောင်းများ၊ လက်နက်ခဲယမ်းအမြောက်အမြား သိမ်းဆည်းရမိပြီး AA တပ်ဖွဲ့ဝင်တချို့လည်း သေဆုံးခဲ့ကြောင်း၊ ရဲနှင့် စစ်သား ၆၀ နီးပါး လက်နက်များနှင့်အတူ နယ်စပ်ဖြတ် ထွက်ပြေးလွတ်မြောက်သွားခဲ့ကြကြောင်း ဖော်ပြထားသည်။
မြောက်ဦး၊ မင်းပြားနှင့် ကျောက်တော်မြို့နယ်များတွင် စစ်ကောင်စီ လက်လွှတ်ဆုံးရှုံးရန် ရာနှုန်းပြည့် သေချာနေသော စစ်စခန်းတချို့ကို အပြီးသတ်သိမ်းပိုက်ရယူနိုင်ရေး AA က ဆက်လက်ထိုးစစ်ဆင်နေကြောင်း သိရသည်။
မြောက်ဦးအခြေစိုက် ခြေမြန်တပ်ရင်း အမှတ် (၃၇၇) က ဖေဖော်ဝါရီ ၄ နံနက် ၁၁ နာရီ ခန့်တွင် ပစ်ခတ်ခဲ့ရာ သရက်ချိုကျေးရွာအနောက်ဘက်ရှိ လယ်ကွင်းထဲသို့ လက်နက်ကြီးကျည်များ ကျရောက်ပေါက်ကွဲစဉ် စပါးရိတ်နေသည့် အသက် ၄၅ နှစ်အရွယ် ရွာသားတစ်ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး အသက် ၇၀ အရွယ် ရွာသားတစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့သည်။
ဖေဖော်ဝါရီ ၃ ရက်တွင် ကျောက်ဖြူမြို့၊ စေတီတောင်ရပ်ကွက်၊ ခေမာလမ်းနေ အသက် ၄၇ နှစ်အရွယ် ဒေသခံ အမျိုးသား တစ်ဦး၊ မြစ်နားတန်းရပ်ကွက်မှ ဒေသခံအမျိုးသမီး ၃ ဦးတို့ ဖမ်းဆီးခံရသည်။
ယင်းနေ့မှာပင် စစ်တွေအခြေစိုက်တပ်က ပစ်ခတ်လိုက်သော လက်နက်ကြီးကျည်များ စစ်တွေမြို့ မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ် ကွမ်းတောင်ကျေးရွာအတွင်းကျကာ ဒေသခံအမျိုးသမီးတစ်ဦး ဦးခေါင်းတွင် ကျည်စ ထိမှန်၍ ပွဲချင်းပြီး သေဆုံးခဲ့သည်။
လက်ရှိတွင် ပုဏ္ဏားကျွန်း၊ မြောက်ဦး၊ မင်းပြား၊ ကျောက်တော်၊ မောင်တောမြို့နယ်တို့တွင် AA နှင့် စစ်တပ်တို့ တိုက်ပွဲများပြင်းထန်နေသည်။
အထူးသဖြင့် ပေါက်တောနှင့် ချင်းပြည်နယ် ပလက်ဝကို သိမ်းယူထားသော AA သည် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး၊ ရမ်းဗြားတို့တွင် နေရာအများစုကို ထိန်းချုပ်သိမ်းပိုက်ထားသည်။
၂၀၁၇ ခုနှစ်အတွင်းက စစ်တပ်၏ နယ်မြေရှင်းလင်းမှုများကြောင့် သိန်းနှင့်ချီသော ရိုဟင်ဂျာများ တစ်ဖက်နိုင်ငံအတွင်း ထွက်ပြေးခိုလှုံရပြီး အများစုမှာ ကော့ဘဇားရှိ ဒုက္ခသည်စခန်းများတွင် ဆက်လက် သောင်တင်နေကြရသည်။