စည်းလုံးညီညွတ်ရေးနှင့်ဒီမိုကရေစီပါတီ (ကချင်ပြည်နယ်-စဒက) ၏ တွဲဖက်အတွင်းရေးမှူး ဒေါ်ဒွဲဘူသည် နိုဝင်ဘာ ၈ ရွေးကောက်ပွဲတွင် အင်ဂျန်းယန်မြို့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖြစ် ထပ်မံအရွေးချယ်ခံရရေးအတွက် ပြင်ဆင်လျက်ရှိသည်။ သူ၏ပါတီသည် မဲဆန္ဒနယ် ၉ ခုအတွက် ယှဉ်ပြိုင်သည့်အခါ ဒေသတွင်း နိုင်ငံရေးပါတီများ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အာဏာရပါတီတို့နှင့် ရင်ဆိုင်ရမည်ဖြစ်သည်။
မကြာသေးခင်က သတင်းထောက် အိချယ်ရီအောင်က ဆက်သွယ်မေးမြန်းစဉ် ၅၃ နှစ်အရွယ် တရားရုံးချုပ်ရှေ့နေ ဒေါ်ဒွဲဘူက မဲဆွယ်မှုအစီအစဉ်၊ ကချင်ပြည်နယ်အတွင်း ဥပဒေစိုးမိုးရေး၊ ဆက်လက်ဖြစ်ပေါ်နေသော စစ်ရေးပဋိပက္ခ စသည့် အခြေအနေများနှင့် ပတ်သက်ပြီး ပြောပြခဲ့သည်။
မေး – ကိုယ်စားလှယ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့် ၂ လ ရပါမယ်။ ဒါဟာ လုံလောက်တဲ့အချိန်ပမာဏလို့ ပြောလို့ ရမလား။
ဖြေ – တစ်နေရာနဲ့တစ်နေရာတော့ တူမှာမဟုတ်ပါဘူး။ ကျွန်မရဲ့မဲဆန္ဒနယ်မြေကတော့ လုံလောက်မှု ရှိပါတယ်။ အင်ဂျန်းယန် မဲဆန္ဒနယ်က သွားလာရေးခက်ပေမဲ့ လူနည်းပါတယ်။ မဲပေးနိုင်တဲ့လူဦးရေက တစ်ထောင် ပတ်ဝန်းကျင် လောက်ပဲ ရှိပါတယ်။
မေး – ဘယ်လိုကတိတွေပေးမယ်၊ ဘယ်အချက်ကို အဓိကထားပြီး မဲဆွယ်စည်းရုံးမယ် ဆိုပြီး စဉ်းစားထားတာ ရှိသလား။
ဖြေ – ဘယ်ကတိကဝတ်ကိုမှ ပေးပြီးတော့ မဲဆွယ်မစည်းရုံးပါဘူး။ ကျွန်မကိုယ်တိုင်က ကချင်လူမျိုးဖြစ်တဲ့အတွက် ကိုယ့်အမျိုးသားရေးကို ဘယ်တော့မှ သစ္စာဖောက်မှာ မဟုတ်ပါဘူး။ ကချင် တစ်မျိုးလုံး မဟုတ်ဘဲ ကချင်ပြည်နယ်မှာ နေတဲ့လူအားလုံးရဲ့ တိုးတက်ရေးကို လုပ်သွားမှာပါ။ ကိုယ့်ပြည်နယ်မှာ နေထိုင်သူအားလုံးရဲ့ တိုးတက်ရေးကိုလုပ်ရင် ကချင်ပြည်နယ်တိုးတက်ရေးလည်း တစ်ပါတည်း ပါသွားမှာဖြစ်ပါတယ်။ ပေးလိုက်တဲ့ မဲက အလကား မဖြစ်စေရပါ ဘူး။ သူတို့ပေးလိုက်တဲ့မဲက ဥပဒေတွေပြောင်းဖို့၊ တစ်နိုင်ငံလုံး ဒီမိုကရေစီတိုးတက်ဖို့၊ မြေသိမ်းယာသိမ်းကိစ္စတွေ တကယ်အကျိုးခံစားခွင့်ရရှိဖို့ အဲဒါတွေကို ဦးစားပေး လုပ်ဆောင်သွားမှာပါ။
မေး – ၂ဝ၁ဝ ရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးတုန်းက ဘယ်လိုအခက်အခဲတွေ ရှိပါသလဲ။
ဖြေ – ကျွန်မတို့ပါတီက ၂ဝ၁ဝ တုန်းက ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီနဲ့ မဟာမိတ်ဖွဲ့ပြီး လွှတ်တော်ထဲကို ရောက်အောင်သွားခဲ့ပါတယ်။ ကျွန်မတို့ပါတီက ရွေးကောက်ပွဲကို လူနည်းစုပဲ ဝင်နိုင်ခဲ့တာပါ။ တကယ်လွှတ်တော်ထဲကို ရောက်သွားရင် ပါတီစွဲ၊ လူမျိုးစွဲမထားဘဲ အားလုံးက ပူးပေါင်းဆောင်ရွက်ရတာပါပဲ။ ဒါပေမဲ့လည်း မဲဆွယ်တဲ့ကာလမှာ ဘယ်လိုတိုက်ခိုက်ခံရလဲဆိုရင် ကျွန်မတို့က ပြည်ခိုင်ဖြိုးနဲ့ မဟာမိတ်လုပ်ထားတဲ့အခါကျတော့ ကျွန်မတို့ပါတီကို စစ်တပ်နောက်ခံပါတီဆိုပြီး တခြားတိုင်းရင်းသားပါတီတွေက အထင်မှားတာမျိုးတွေ ခံရပါတယ်။ ကျွန်မတို့ပါတီက ပြည်နယ်ကို ကိုယ်စားပြုပါတယ်။ ကချင်၊ ရှမ်း၊ ဗမာ တိုင်းရင်းသားများအပြင် တခြားဘာသာဝင်တွေကိုပါ ကိုယ်စား ပြုတဲ့အတွက် အမျိုးမစစ်ဘူးဆိုပြီးတော့ ပြောတဲ့အခါမျိုးကျတော့ အောက်ခြေလူထုက အထင်မှားပြီးတော့ နားလည်နိုင်မှုစွမ်းအား နည်းသွားနိုင်ပါတယ်။ တကယ်တမ်းတော့ ဘယ်ပါတီပဲဖြစ်ဖြစ် အခုချိန်မှာတော့ ပြိုင်ကြတာပဲ။ တကယ်တမ်း လွှတ်တော်ထဲရောက်သွားရင် ကျွန်မတို့နိုင်ငံ အနေအထားက ပူးပေါင်းဆောင်ရွက်မှု မရှိရင် နိုင်ငံကောင်းဖို့ မလွယ်ဘူး။ ပြည်သူအတွက် ဥပဒေတစ်ခု ပြောင်းလဲဖို့၊ လမ်းစဉ်တစ်ခု ပြောင်းလဲဖို့ဆိုတာ လွှတ်တော်ထဲရောက်နေ တဲ့ ပါတီတွေအားလုံးက ပူးပေါင်းဆောင်ရွက်မှု ရှိကိုရှိရပါတယ်။ အောက်ခြေပြည်သူလူထုရော၊ ပါတီတချို့ကရော ဒီသဘောတရားတွေကို မဖြတ်သန်းဖူးတဲ့အခါကျတော့ နားလည်မပေးနိုင်ဘူး၊ အဓိကစိန်ခေါ်မှုကတော့ အဲဒါပါပဲ။
မေး – အမျိုးသမီးတစ်ယောက် အနေနဲ့ လွှတ်တော်ကိုယ်စားလှယ် တာဝန်ကို ထမ်းဆောင်ရာမှာ အကြီးမားဆုံးအခက်အခဲက ဘာဖြစ်မလဲ။
ဖြေ – သားသမီးတွေကို (အိမ်မှာ) ထားခဲ့ပြီး နေပြည်တော်မှာ တစ်နှစ်လုံးနီးပါးနေရတဲ့ ဒုက္ခပေါ့။ ကိုယ့်သားသမီးတွေကို မိဘအနေနဲ့ သွန်သင်ဆုံးမရမယ့်အချိန်မှာ သားသမီးအရေး၊ မိသားစုအရေးကို မကြည့်နိုင်ဘူးပေါ့။ အဲဒါကတော့ အကြီးမားဆုံး အခက်အခဲပါပဲ။
မေး – ဦးသိန်းစိန်အစိုးရလက်ထက် ကချင်ပြည်နယ်အတွင်း ငြိမ်းချမ်းရေး ဖော်ဆောင်မှု အခြေအနေကို နည်းနည်းသုံးသပ်ပြပါ။
ဖြေ – ဦးသိန်းစိန်လက်ထက်မှာ ငြိမ်းချမ်းရေးကို စားပွဲပေါ်ရောက်တဲ့အထိ လုပ်နိုင်ခဲ့ပါတယ်။ ဆွေးနွေးတာလည်းဆွေးနွေး၊ တိုက်တာလည်းတိုက်တုန်းပဲဆိုတော့ ပြည်သူလူထုကလည်း အယုံအကြည်မရှိပါဘူး။ ပြည်သူလူထုအယုံ အကြည်မရှိသရွေ့ ငြိမ်းချမ်းရေးကလည်း ဘယ်တော့မှ တိုးတက်လာမှာ မဟုတ်ပါဘူး။ ဒီကဏ္ဍရပ်တွေမှာ သမ္မတတစ်ယောက်အနေနဲ့ တပ်မတော်ကို ထိန်းသိမ်းနိုင်မှု၊ ပြောဆိုနိုင်မှု အင်မတန်မှ အားနည်းတာကို တွေ့ရပါတယ်။ ကချင် ပြည်နယ်မှာရှိတဲ့တပ်တွေက ထိုးစစ်တွေသာ မဆင်ခဲ့ရင် ငြိမ်းချမ်းတာ ကြာလှပါပြီ။ ကျွန်မတို့က တကယ့်ဖြစ်စဉ်ကို တင်ပြရင်လည်း ငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ အစိုးရ၊ တပ်မတော်ဘက်က လက်ခံတာမျိုး မရှိပါဘူး။ သူတို့ကိုပြောတယ် ဆိုပြီး သဘောမကျတာမျိုးတွေဖြစ်တာကို တွေ့ရပါတယ်။ အဲဒီလို အမြင်မျိုးတွေက ငြိမ်းချမ်းရေးမှာ ရှေ့ဆက်တိုးဖို့အတွက် အခက်အခဲတွေပါပဲ။
မေး – ဝန်ကြီးဦးအောင်မင်းတို့ရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းတွေကိုရော ဘယ်လိုများ မြင်ပါသလဲ။
ဖြေ – သူကတော့ တော်တော်ကြိုးစားပြီးလုပ်ပါတယ်၊ တိုင်းရင်းသားတွေရဲ့သဘောထားတွေကိုလည်း အောက်ခြေအထိလိုက်ပြီး လေ့လာပါတယ်၊ တိုင်းရင်းသားတွေအပေါ်မှာလည်း တော်တော် နားလည်တဲ့သဘော ရှိပါတယ်။ ဒါပေမဲ့ သူတစ်ယောက်တည်း နားလည်လို့မရပါဘူး။ ကျန်တဲ့သူတွေပါ နားလည်ပြီး ပူးပေါင်းဆောင်ရွက်မှ အောင်မြင်မှာပါ။ တိုင်းရင်းသားတွေကလည်း ဟိုဟာလည်းမယုံ၊ ဒီဟာလည်းမယုံ လုပ်နေလို့လည်းမရပါဘူး။ ပြောင်းလဲလာတဲ့ အမြင်တွေလည်း ရှိဖို့ လိုပါတယ်။ တပ်မတော်အနေနဲ့ လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ဆွေးနွေးသင့်တယ်လို့ မြင်ပါတယ်။
မေး – ဦးသိန်းစိန်ရဲ့ သမ္မတသက်တမ်းငါးနှစ်တာကာလအတွင်း ကချင်ပြည်နယ်မှာ တရားဥပဒေစိုးမိုးရေး အခြေအနေက ဘယ်လို ရှိပါသလဲ။
ဖြေ – မြို့ထဲမှာတော့ ဒီအတိုင်းပါပဲ၊ ပြောင်းလဲမှုမရှိပါဘူး။ တရားရုံးတွေက အရင်အတိုင်းပဲ၊ ပြည်သူလူထုကလည်း အရင်လိုပဲ၊ လာဘ်ပေးလာဘ်ယူမှု လုပ်နေရတုန်းပဲ။ တိုက်ပွဲဖြစ်နေတဲ့ နေရာတွေက တရားဥပဒေ စိုးမိုးမှု မရှိတော့ ပိုဆိုးတာပေါ့။ သစ်မှောင်ခိုတွေ၊ ရွှေသူခိုးတွေ၊ ကျောက်တွင်းမှောင်ခိုတွေ၊ အကြမ်းဖက်မှုတွေ၊ မုဒိမ်းမှုတွေ ဒီမိုကရေစီအစိုးရတက်လာတဲ့အချိန်မှာ ပိုပြီးဆိုးလာတာ တွေ့ရပါတယ်၊
မေး – ကချင်ဒေသစစ်ဘေးရှောင် ဒုက္ခသည်တွေကို နိုင်ငံတကာရော ပြည်တွင်းအလှူရှင်တွေကပါ လှူဒါန်းတာတွေ၊ ထောက်ပံ့တာတွေက နည်းလာသလား။
ဖြေ – နိုင်ငံတကာကလည်း ကချင်စစ်ဘေးရှောင်ဒုက္ခသည်တွေကိုပဲ ကူညီရတာ မဟုတ်ပါဘူး။ နိုင်ငံတိုင်းမှာ ဒုက္ခသည်ကတော့ အမျိုးမျိုးရှိတာပါပဲ။ အဲဒါတွေပါကူညီရတာဆိုတော့ ကချင်တစ်ခုတည်းကို အဓိကထားနိုင်မှာ မဟုတ်ပါဘူး။ ပြည်တွင်းအဖွဲ့အစည်းတွေလည်း အဲဒီလိုပါပဲ။ ကချင်ပြည်နယ် စစ်ဘေးရှောင်ဒုက္ခသည်တွေအနေနဲ့ ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်အောင်လည်း ကြိုးစားရမှာပါပဲ။ အဲဒီလိုလုပ်နိုင်ဖို့ဆိုတာကတော့လည်း တိုက်ပွဲတွေဖြစ်နေတော့ သူတို့ ကိုယ့်ဘာသာ ကိုယ်ရပ်တည်ဖို့ကို မလုပ်နိုင်ပါဘူး။ ဘယ်သူမဆို ဒါမျိုးတွေက တစ်သက်လုံး မကူညီနိုင်ပါဘူး။ ကျွန်မကတော့ အပစ်အခတ်ရပ်စဲဖို့ကိုပဲ အဓိက တိုက်တွန်းသွားမှာပါ။ နိုင်ငံရေးဆွေးနွေးပွဲက အကြာကြီးဆွေးနွေးရမယ် ဆိုတာကို သိပါတယ်။ ဒါပေမဲ့ အပစ်အခတ်ရပ်စဲရေးလက်မှတ်ရေးထိုးပြီးမှ ဒုက္ခသည်တွေ နေရပ်ပြန်ပြီး ပြန်လည်လုပ်ကိုင်စားသောက်နိုင်မှာ ဖြစ်ပါတယ်။ နိုင်ငံတကာအဖွဲ့အစည်းတချို့ကလည်း အပစ်အခတ်ရပ်စဲမှ ဒုက္ခသည်တွေကို ကူညီမယ်ဆိုတာမျိုးတွေကလည်း ရှိနေပါသေးတယ်။ လွှတ်တော်အနေနဲ့ကလည်း ပေါ်လစီပိုင်းဆိုင်ရာကတော့ ဒုက္ခသည်တွေ နေရပ်ပြန်နိုင်ဖို့ တစ်ချိန်လုံး ပြောနေတာပဲ။ ဒါပေမဲ့ အကောင်အထည်ဖော်တဲ့သူက ဘာမှမလုပ်ရင် လွှတ်တော်က ဘယ်လောက်ပြောပြော ဘာမှဖြစ်လာမှာ မဟုတ်ပါဘူး။
မေး – တရုတ်နိုင်ငံ စွမ်းအင်ကုမ္ပဏီနဲ့ စာချုပ်ချုပ်ထားတဲ့ မြစ်ဆုံရေကာတာစီမံကိန်းကို ၂၀၁၁ မှာ ရပ်ထားပါတယ်။ ဒီစီမံကိန်းက ဘယ်လိုဆက်ဖြစ်လာမယ် ထင်ပါသလဲ။
ဖြေ – ဦးသိန်းစိန် သမ္မတထပ်ဖြစ်ရင်တော့ သူ့ကတိအတိုင်း ရပ်ဆိုင်းထားပေးမှာပါ။ ဦးသိန်းစိန်မဟုတ်ဘဲ တခြားသမ္မတဆိုရင်တော့ ပြည်သူတွေနဲ့ပတ်သက်ပြီး ဘယ်လိုဆုံးဖြတ်မလဲ ဆိုတာကို ထပ်နားထောင်ရမှာပေါ့။ တရုတ်ကုမ္ပဏီက ဆက်လုပ်ဖို့ ကြိုးစားနေတာပါပဲ၊ နစ်နာမှုတွေကိုပါ ထပ်တောင်းဖို့ ရှိပါလိမ့်မယ်။ မြစ်ဆုံဆိုတာ ကချင်ပြည်နယ်လူထုနဲ့ပဲ ပတ်သက်တာမဟုတ်ပါဘူး၊ တစ်နိုင်ငံလုံးနဲ့ပတ်သက်နေတဲ့အတွက် မြန်မာနိုင်ငံပြည်သူပြည်သားတွေရဲ့ ဆုံးဖြတ်ချက်က အရေးကြီးပါတယ်။
မေး – လာမယ့် ၅ နှစ် အစိုးရသစ်လက်ထက်မှာ ငြိမ်းချမ်းရေးဖော်ဆောင်မှုအလားအလာ ဘယ်လိုရှိမယ် ထင်ပါသလဲ။
ဖြေ – လာမယ့်အစိုးရမှာ ဘယ်လိုလူတွေပါဝင်လာမလဲဆိုတာ အဓိက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးကို ဘယ်လိုလူတွေ ဦးဆောင်မလဲ။ သူတို့တွေက တိုင်းရင်းသားတွေအပေါ်မှာ တကယ်ကို စိတ်ကောင်း၊ စေတနာကောင်းရှိတဲ့သူတွေ ဖြစ်ဖို့လိုပါတယ်။ တပ်မတော်မှာ သြဇာအာဏာညောင်းတဲ့လူလည်း ဖြစ်ဖို့လိုပါတယ်။ အစိုးရက ဘယ်လောက်သွားသွား တပ်မတော်ပိုင်းက သမ္မတအထက်မှာတောင် သူတို့ရှိနေတဲ့ပုံစံမျိုး ဖြစ်နေတယ်။ ဒါကြောင့် သူတို့ကို ပြောင်းလဲ အောင် လုပ်နိုင်တဲ့သူမျိုး ဖြစ်ဖို့လိုပါတယ်။ ငြိမ်းချမ်းရေးမှာ တပ်မတော်ရဲ့ပါဝင်မှုကလည်း အရေးကြီးပါတယ်။ ကာကွယ်ရေးဦးစီးချုပ်ကလည်း ဖက်ဒရယ်ကို ပါးစပ်ကပဲမပြောဘဲ တိုင်းရင်းသားတွေအပေါ်မှာ တကယ် စိတ်ကောင်း စေတနာကောင်းရှိပြီး ငြိမ်းချမ်းရေးကို တိုင်းရင်းသားတွေနဲ့လက်တွဲ၊ ငြိမ်းချမ်းရေးကို အကောင်အထည်ဖော်နိုင်တဲ့သူမျိုး ဖြစ်ဖို့ လိုပါတယ်။
အခုလာမယ့်အစိုးရအဖွဲ့မှာ တိုင်းရင်းသားတွေ ပါလာရင် ပိုကောင်းပါတယ်။ ငြိမ်းချမ်းရေးဆွေးနွေးတဲ့နေရာမှာ အခုဆို ခေါင်းဆောင်ပိုင်းက အကုန်ဗမာတွေချည်းပဲဆိုတော့ လုပ်ငန်းကော်မတီက စကားပြောရင်လည်း သူတို့က မကြိုက်ဘူး။ ကျွန်မကိုလည်း အမျိုးသမီးလည်းဖြစ်တော့ ကျွန်မတို့ပြောတဲ့စကားက ဘာမှအရေးမပါဘူးဆိုပြီး လက်မခံတာမျိုးလေးတွေလည်း ရှိပါတယ်။ တိုင်းရင်းသားတွေအသံရော အမျိုးသမီးတွေရဲ့အသံတွေပါ နားထောင်သင့်တယ်။