သတင်း

ဖာပွန်တွင် စစ်ကောင်စီအုပ်ချုပ်ရေး မလည်ပတ်နိုင်ရန် KNU သတိပေးချက်ထုတ် 

ကရင်ပြည်နယ် မူတြော်ခရိုင် (ဖာပွန်) တွင် ဌာနဆိုင်ရာဝန်ထမ်းများ ၁၀ ရက်တွင်း ထွက်ခွာရန် သတိပေးရခြင်းမှာ စစ်ကောင်စီအုပ်ချုပ်ရေးယန္တရား မလည်ပတ်နိုင်ရန်ဖြစ်ကြောင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တာဝန်ရှိသူက ပြောသည်။

ဖာပွန်မြို့ရှိ စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများအနေဖြင့် ဖေဖော်ဝါရီ ၁ ရက်မှစ၍ ၁၀ ရက်အတွင်း ထွက်ခွာကြရန်နှင့် မလိုက်နာပါက အရေးယူမည်ဖြစ်ကြောင်း KNU ၏ တပ်မဟာ ၅ က ယမန်နေ့ (ဇန်နဝါရီ ၂၉) တွင် သတိပေးချက်ထုတ်ပြန်သည်။

တပ်မဟာ ၅ ထိန်းချုပ်ရာဒေသတွင် စစ်ကောင်စီက ဝန်ထမ်းသစ်များ ပို့ဆောင်လာသည့်အတွက် ထိုသို့ သတိပေးချက်ထုတ်ပြန်ရခြင်းဖြစ်သည်ဟု NU တပ်မဟာ ၅ ပြောရေးဆိုခွင့်ရှိသူ ဖဒိုမန်းမန်းက Myanmar Now ကို ပြောသည်။

“အထူးသဖြင့်တော့ ဖာပွန်မြို့အတွင်းမှာရှိနေတဲ့ ဝန်ထမ်းတွေကတော့ တချို့ကတော့ CDM (အာဏာဖီဆန်ရေးလှုပ်ရှားမှု) လုပ်ထားပြီးသားပေါ့နော်။ ဒါပေမဲ့ ဝန်ထမ်းအသစ်တွေပါ ပြန်လည်ပို့ဆောင်လာတာရှိတဲ့အတွက် ဒီအပေါ်မှာ ထပ်မံပြီးတော့မှ သတိပေးထုတ်ပြန်ရခြင်းဖြစ်ပါတယ်” ဟု ၎င်းက ယနေ့ပြောသည်။ 

စစ်တပ်က အာဏာသိမ်းပြီးနောက် မူတြော်ခရိုင်တွင် စစ်ကောင်စီ၏ မည်သည့်အုပ်ချုပ်ရေးယန္တရားကိုမျှ လက်မခံဘဲ ကော်သူးလေအုပ်ချုပ်ရေးယန္တရားဖြင့်သာ အုပ်ချုပ်သွားမည်ဟု ပြီးခဲ့သည့်နှစ် မတ်လကတည်းက ကြေညာထားပြီးဖြစ်သည်ဟုလည်း ဖဒိုမန်းမန်းက ပြောသည်။

ထိုဒေသတွင် KNU အနေဖြင့် အုပ်ချုပ်ရေးပိုင်းကို လစ်ဟာခြင်းမရှိစေဘဲ ပြည်သူ့အုပ်ချုပ်ရေးနှင့်အညီ ဆောင်ရွက်သွားမည်ဟု ဆိုသည်။

“ဝန်ထမ်းတော်တော်များများကတော့ CDM လုပ်လိုက်တဲ့အပေါ်မှာ ကျွန်တော်တို့အတွက် အများကြီး အခွင့်အလမ်းတစ်ခုလို့လည်း ပြောရမှာပေါ့နော်။ နောက်ပိုင်းမှာဆိုရင်တော့ ဖက်ဒရယ်ပြည်ထောင်စုစနစ်ပဲဖြစ်ဖြစ် ကြားကာလအခြေခံဥပဒေအရပဲဖြစ်ဖြစ် ကြားကာလအုပ်ချုပ်ရေးစနစ်အပေါ်မှာပဲဖြစ်ဖြစ် လိုအပ်ရင်လည်း CDM ဝန်ထမ်းနဲ့ တာဝန်ပေး ခန့်အပ်နိုင်ပါသေးတယ်။ အထူးသဖြင့် Mixed Controlled ဧရိယာမှာပေါ့နော်” ဟု ဖဒိုမန်းမန်းက ဆိုသည်။

KNU အပြည့်အဝထိန်းချုပ်ထားသည့် နယ်မြေများတွင် ကော်သူးလေအုပ်ချုပ်ရေးစနစ်ဖြင့်သာ စီမံအုပ်ချုပ်နေခြင်းဖြစ်ကြောင်း၊ နယ်မြေအချို့တွင် တရားစီရင်ရေးစနစ်ပါ အတိုင်းအတာတစ်ခုအထိ တိုးချဲ့နိုင်ခဲ့ကြောင်း ၎င်းက ဆက်ပြောသည်။

“အခြေခံအားဖြင့်တော့ ချမှတ်ပြီးသားမူတွေပါပဲ KNU နယ်မြေမှာ KNU အုပ်ချုပ်ရေးစနစ်ပဲ သွားမယ်ဆိုတာက။ ဒါတွေလည်း ဆက်လက်ဆောင်ရွက်ထားပြီးသားလည်း ရှိတဲ့အတွက် တခြား(KNU )နယ်မြေဒေသမှာလည်းပဲ အတူတူလို့ပဲ ပြောရမှာပေါ့” ဟု ဖဒိုမန်းမန်းက ပြောသည်။

တနင်္သာရီတိုင်းနှင့် ပဲခူးတိုင်းရှိ ဒေသအချို့အပါအဝင် တပ်မဟာ ၇ ခုရှိ KNU လက်အောက်တွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) အပြင် အုပ်ချုပ်ရေးပိုင်းအနေဖြင့် ကာကွယ်ရေး၊ ကျန်းမာရေးနှင့် ပညာရေး စသည့် ဌာနကြီး ၁၄ ခုရှိကြောင်းလည်း သိရသည်။

KNU တပ်မဟာ ၅ နယ်မြေတွင် အာဏာသိမ်းပြီးကတည်းက စစ်ကောင်စီနှင့် တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားခဲ့သည်။ ယနေ့အချိန်ထိလည်း တိုက်ပွဲများရှိနေဆဲဖြစ်သည်။

ထို့အတူ တပ်မတာ ၆ နယ်မြေဖြစ်သည့် ထိုင်း – မြန်မာနယ်စပ် မြဝတီမြို့အနီး လေးကေ့ကော်မြို့သစ်တွင် စစ်အာဏာရှင်ဆန့်ကျင်သူများကို စစ်တပ်က အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးရာမှ KNU ဦးဆောင်သော တပ်ဖွဲ့များနှင့် ဒီဇင်ဘာလအတွင်းမှစ၍ အပြင်းအထန် တိုက်ပွဲဖြစ်ပွားခဲ့သည်။

စစ်ကောင်စီက မြေပြင်စစ်ကြောင်းများအပြင် လက်နက်ကြီးပစ်ကူများ၊ လေကြောင်းတိုက်ခိုက်မှုများဖြင့်ပါ အပြင်းအထန် ထိုးစစ်ဆင်တိုက်ခိုက်ခဲ့သော်လည်း ယနေ့အချိန်ထိ KNU က အကောင်းဆုံးခုခံထားနိုင်ဆဲဖြစ်သည်။​

စစ်ကောင်စီ၏ လက်နက်ကြီးနှင့် လေကြောင်းတိုက်ခိုက်မှုများကြောင့် ထောင်နှင့်သောင်းနှင့်ချီသော ဒေသခံများနှင့် ခိုလှုံနေသူများ ထိုင်းနိုင်ငံဘက်ခြမ်းသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

(လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်။)

Show More

Related Articles

Back to top button