
တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်တွင် ယမန်နေ့ (နိုဝင်ဘာ ၂၁) က စစ်သားနှင့် ရဲများလိုက်ပါလာသော ကားကို ဒေသခံပြည်သူ့ကာကွယ်ရေးအဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဘက်မှ အကျအဆုံးရှိခဲ့သည်ဟု သိရသည်။
ထားဝယ်မြို့နှင့် ၁၆ မိုင်အကွာ လောင်းလုံးမြို့နယ် ဂေါ့အင်းရွာအနီး ယမန်နေ့ နံနက်ပိုင်းက ဖြစ်ပွားသော တိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၆ ဦး သေဆုံးကာ စခန်းမှူးအပါအဝင် သုံးဦးဒဏ်ရာ ပြင်းထန်ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ (LPDF) က သတင်းထုတ်ပြန်သည်။
စစ်သားနှင့် ရဲ ၁၀ ဦးခန့် လိုက်ပါလာသည့်ကားကို မိုင်းနှစ်ကြိမ်ဆွဲကာ လက်လုပ်လောင်ချာ (အာပီဂျီ) အပါအဝင် လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု LPDF ခေါင်းဆောင်က Myanmar Now ကို ပြောသည်။
အဆိုပါ ပစ်ခတ်တိုက်ခိုက်မှုအတွင်း LPDF ဘက်မှ အသက် ၂၃ နှစ်အရွယ် ကိုငြိမ်းချမ်းအောင်ဆိုသူ လူငယ်တစ်ဦး ကျဆုံးခဲ့ပြီး၊ စက်မှုအင်ဂျင်နီယာဘာသာရပ်ဖြင့် ကျောင်းပြီးစဖြစ်သော ထိုလူငယ်မှာ ထားဝယ်မြို့ပေါ်မှဖြစ်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြမှုများတွင် ပါဝင်ခဲ့သည်ဟု သိရသည်။
“ရမ်းသန်းပြီး ပစ်တာ နဖူးကို ထိသွားတယ်။ သူတို့မှာက လက်နက်တွေက အများကြီးပါတယ်။ အော်တိုဆွဲရင်တော့ မရဘူးဆိုတာ သိလို့ ဆုတ်ခိုင်းလိုက်တာ။ ဆုတ်ခိုင်းတဲ့ကြားက ရမ်းပစ်တာကို ထိတာ” ဟု တိုက်ပွဲတွင် ပါဝင်ခဲ့သူ LPDF ခေါင်းဆောင်က ပြောသည်။
အာဏာသိမ်းစစ်ကောင်စီကို ခုခံတိုက်ခိုက်နေသည့် လောင်းလုံးမြို့နယ် PDF အဖွဲ့မှ တပ်ဖွဲ့ဝင်တစ်ဦး ပထမဆုံးကျဆုံးခြင်းဖြစ်ကာ ဇူလိုင်လအတွင်းက လောင်းလုံးမြို့နယ် မောင်းမကန်ကျေးရွာအုပ်စု ပြင်ထီးရွာတွင် စစ်ကောင်စီဘက်တော်သား ပျူစောထီးအဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားရာတွင် M16 သေနတ်တစ်လက်နှင့် ပစ္စတိုတစ်လက်ကို သိမ်းဆည်းနိုင်ခဲ့သည်ဟု LPDF ခေါင်းဆောင်က ဖြည့်စွက်ပြောသည်။
စစ်သားနှင့် ရဲများပါသည့်ကား မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် စစ်ကားတစ်စီး စစ်ကူထပ်ရောက်လာစဉ် နှစ်ဖက်အပြန်အလှန် ပစ်ခတ်ကြပြီးနောက် စစ်သားများက ဒဏ်ရာရသူများနှင့် အလောင်းများကို ကားပေါ်တင်၍ လောင်းလုံးမြို့ဘက်မှ အမြန်မောင်းထွက်သွားကြောင်း ဒေသခံတစ်ဦးက ဆိုသည်။
“ဒဏ်ရာပြင်းထန်တဲ့ လောင်းလုံးရဲစခန်းမှူးက ကားပေါ်အိပ်ပြီး ပါသွားတယ်။ စစ်သားတွေက ဒဏ်ရာရသူတွေနဲ့ အလောင်းတွေကောက်ပြီး ကားနှစ်စီးလုံး လောင်းလုံးဘက် အပြင်းမောင်းတက်သွားတာ တွေ့လိုက်တယ်” ဟု မျက်မြင်တွေ့ရှိသူ အဆိုပါ ဒေသခံက ပြောသည်။
ထားဝယ်မြို့ဘက်မှ စစ်ကူလာသည့် စစ်ကားက ဖြတ်သန်းသွားလာရင်း ဆိုင်ကယ်စီးလာသည့် လူငယ်နှစ်ဦးကို နောက်မှလိုက်ပစ်သဖြင့် တစ်ဦး ခြေထောက်ကျည်ထိမှန် ဒဏ်ရာရခဲ့ကြောင်း လောင်းလုံးမြို့နယ် မင်းရပ်ရွာသားတစ်ဦးက ပြောသည်။
ထိုဒဏ်ရာရ အမျိုးသားလူငယ်ကို စစ်သားများက အရေးပေါ်လူနာတင်ယာဉ်ပေါ် တင်ပေးပြီးနောက် မိုးပေါ်ထောင်၍ သေနတ်များ အဆက်မပြတ်ပစ်ဖောက်ကာ လောင်းလုံးမြို့ဘက်သို့ ထွက်ခွာသွားသည်ဟု ၎င်းက ပြောသည်။
“ကျည်ထိသွားတဲ့တစ်ယောက်ရဲ့ မိဘတွေက ပြည်ခိုင်ဖြိုး (ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) အမာခံတွေ၊ အခုဆေးရုံမှာ။ သွေးထွက်လွန်သွားလို့ ခွဲစိတ်မှုမလုပ်ရသေးဘဲ သွေးသွင်းထားရတယ်” ဟု အဆိုပါလူငယ်နှင့် သိကျွမ်းသူ အထက်ပါ မင်းရပ်ရွာသားက ပြောသည်။
လောင်းလုံးမြို့နယ် ဂေါ့အင်းရွာအနီးတွင် ယမန်နေ့က တိုက်ပွဲဖြစ်ပွားနောက် စစ်တပ်က ဘုန်းကြီးကျောင်းနှင့် စာသင်ကျောင်းတွင် တပ်စွဲထားကာ၊ ရွာသားနှစ်ဦး၊ အာဏာရှင်ဖီဆန်ရေးလှုပ်ရှားမှု (CDM) တွင် ပါဝင်သူ ကျောင်းဆရာတစ်ဦး၊ အခြားကျောင်းဆရာမတစ်ဦး၏ ဖခင်ဖြစ်သူကို ဖမ်းဆီးထားသည်ဟု သိရသည်။
(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)