ဆောင်းပါး

နာမည်ကျော် အင်းစိန်ထောင်ထဲက တစ်နေ့တာ

“ထမယ် ထမယ် ထမယ်၊ ဘုရားရှိခိုးဖို့ ထမယ်၊ ထမယ် ထမယ် ထမယ်” 

ဒီလို မနက်တိုင်း ဆော်ဩနေတာကတော့ အင်းစိန်ထောင် အမျိုးသမီးအချုပ်ဆောင် တန်းစီးလို့ခေါ်တဲ့ အခန်းလူကြီး ဖြစ်ပါတယ်။ 

အမျိုးသမီးအချုပ်ဆောင် ၃ ထဲက အချုပ်ခန်း ၄ ခန်းမှာ ဘုရားရှိခိုးဖို့ ကိုယ်လက်သန့်စင်ကြရပါတယ်။  

အချုပ်ဆောင်အခန်းတိုင်းမှာ အိမ်သာ ၃ လုံးရှိပါတယ်၊ တစ်လုံးက ကျန်းမာရေးမကောင်းသူတွေအတွက် ဘိုထိုင်၊ ကျန်နှစ်လုံးက ရိုးရိုးရေလောင်းအိမ်သာတွေပါ။ အိမ်သာ ထိုင်တက်ချိန်မှာ ပခုံး၊ ဦးခေါင်းတို့ကို တခြားသူတွေ မြင်နေရတဲ့အတွက် အရှက်လုံရုံလောက်ပါပဲ။

အခန်းတွေမှာ လူ ၅၀ ကျော်ကနေ ၇၀ ကျော်ထိ မျက်နှာသစ်ဖို့၊ အိမ်သာကို အလှည့်ကျသုံးဖို့ စောင့်နေပုံက ဈေးတန်းကြီးလို ဖြစ်နေတာ နေ့စဉ်နေ့တိုင်းပါပဲ။ ဒါကတော့ ထောင်ရဲ့ နေ့တစ်နေ့ အစပါပဲ။

တစ်နေ့မှာတော့ ဘေစင်ရေပိုက် ပိတ်ဆို့သွားပါတယ်။ ပြင်ပေးမဲ့အစား သုံးခွင့်ပိတ်လိုက်ပါတယ်။ ဘုရားရှိခိုးမဲ့သူတွေကလည်း အိမ်သာထဲမှာပဲ မျက်နှာသစ်၊ သွားတိုက်၊ ကိုယ်လက်သန့်စင်တာတွေ လုပ်ရပါတယ်။ အိမ်သာခြေရင်းဘက်မှာ ရေစွန့်စနစ် မကောင်းသလို အမှိုက်ပုံးကထွက်တဲ့ အရည်တွေလည်း ရှိတာကြောင့် သန့်ရှင်းမှု အားနည်းပါတယ်။ ဇူလိုင်လကစပြီး အဆောင်တွေပြောင်းရွှေ့လိုက်တာကြောင့် တစ်ခန်းကို လူတစ်ရာကျော်နေရတယ်၊ အဲဒီလူတစ်ရာကျော်က အိမ်သာတစ်လုံးသာ အသုံးပြုလို့ရတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြန်ပြောပြကြပါတယ်။  

ဘုရားရှိခိုးချိန်

မနက် ၅ နာရီဆိုရင် ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် ဘုရားရှိခိုးချိန် ဖြစ်ပါတယ်။ ဘုရားမရှိခိုးလည်း အိပ်နေရာကနေ ထရပါတယ်။ လှဲနေလို့တော့ မရပါဘူး၊ အနည်းဆုံး ငုတ်တုတ်တော့ ထထိုင်ပေးရပါတယ်။ ဒါက ထောင်စည်းကမ်းသတ်မှတ်ချက်ပါ။ 

“ဘုရား ……ရှိခိုး…..မယ်” လို့ အစချီကာ တန်းစီးလို့ ခေါ်တဲ့ ထောင်သက်ရှည် အခန်းလူကြီးရဲ့ နှိုးဆော်သံအဆုံးမှာ “အဆင်သင့်ဖြစ်ပါပြီ” လို့ ပြောပြီး ဘုရားရှိခိုးသံ စီစီရီရီ ထွက်ပေါ်လာပါတော့တယ်။ 

အတင်းအကျပ် ဘုရားရှိခိုးခိုင်းတာဟာ အိပ်ရေးပျက်အောင်လုပ်ခြင်းသာ ဖြစ်တယ်လို့ ဆူပူအောင်လှုံ့ဆော်မှု ပုဒ်မ ၅၀၅-က နဲ့ အမှုရင်ဆိုင်နေရသူတစ်ယောက်က ယူဆပါတယ်။ 

“ဘုရားရှိခိုးတယ်ဆိုတာ စိတ်ကပါမှ ရတာ။ အခုက အော်နေတာနဲ့ပဲ တူတယ်။ ငါတို့ဆိုရင် မရှိခိုးဘူး။ ရေမိုးချိုးပြီးမှ သီးသန့်ရှိခိုးလိုက်တယ်။ ဒီလိုအစောကြီး ထပြီး ရှိခိုးတာက လူတွေကို အိပ်ရေးပျက်အောင် ဒုက္ခပေးတာနဲ့ပဲ တူတယ်” လို့ သူက ပြောပါတယ်။ 

ဘုရားရှိခိုးရတာဟာ အမျိုးသားအချုပ်ဆောင်မှာလည်း ထိုနည်းအတူပါပဲ။  

လမ်းမပေါ် ကားမောင်းလာရင်း အဖမ်းခံရပြီး ထောင်အတွင်း ၄ လကျော် ချုပ်နှောင်ခံခဲ့ရတဲ့ အမျိုးသားတစ်ဦးက ဘုရားရှိခိုးချိန်ဆို စာအုပ်ထိုင်ဖတ်နေတယ်လို့ ဆိုပါတယ်။ 

“ကျွန်တော်တို့က ဘုရားမရှိခိုးတာများတယ်။ အဲ့လိုမျိုးစုပြီးရှိခိုးချိန်တွေဆိုရင် ကျွန်တော်တို့က ထောင်တွင်း အပြစ်သားလို၊ ဒီအချိန်မှာ ဒါလုပ်ရမယ်ဆိုတာမျိုးကို ကျွန်တော်တို့က မလုပ်ဘူး။ ဘာသာရေးမလုပ်တဲ့လူလည်း ရှိတယ်။ သူတို့ (အာဏာပိုင်များ) ရှိခိုးခိုင်းတဲ့အချိန်တွေဆိုရင် ထိုင်ပြီးစာအုပ်ဖတ်နေပါတယ်” လို့ ကိုဇော်ဝင်းက ပြောပြပါတယ်။

ဘုရားရှိခိုးပြီးတော့ ငုတ်တုတ်ထိုင်နေရတာကတော့ မနက် ၆ နာရီမှာ ထောင်ဝန်ထမ်း လူအရေအတွက် လာစစ်တာတဲ့အခါ အသင့်ဖြစ်နေဖို့ပါ။ အဲဒီလို လူရေတွက်စစ်ဆေးတာကို တန်းစီတယ်လို့ ခေါ်ပြီး ရံဖန်ရံခါမှာတော့ ထောင်ဝန်ထမ်းက မနက် ၆ နာရီခွဲလောက်မှ ရောက်လာတတ်ပါတယ်။ တန်းစီချိန်မှာ တင်ပျဉ်ခွေပုံစံထိုင်ပြီး အစစ်ခံရပါတယ်။     

တန်းစီ၊ ပုံစံထိုင်

ထောင်ထဲ ရောက်လာသူတွေကို တရားရုံးက စီရင်ချက်မချမချင်း အချုပ်ဆောင်မှာ ထားပါတယ်။ ထောင်ဒဏ်စီရင်ချက်ချလိုက်ရင်တော့ အကျဆောင်ဘက်ကို ပြောင်းရပါတယ်။ ဒါနဲ့ပဲ အချုပ်သူအချုပ်သား၊ အကျဉ်းသူအကျဉ်းသားလို့ ခေါ်ကြပါတယ်။

မနက်ပိုင်းမှာ ထောင်ဝန်ထမ်းက လူရေတွက်ဖို့ အချုပ်ဆောင်ဝင်လာတာနဲ့ “ရှေ့ကြည့်” လို့ အင်္ကျီအဖြူ၊ ယောဂီရောင်ထဘီ ထောင်ဝတ်စုံဝတ်ထားတဲ့ တန်းစီးက မတ်တတ်ရပ်၊ လက်နောက်ပစ်ပြီး အမိန့်ပေးလိုက်ပါတယ်။ 

“မင်္ဂလာပါ” လို့ အချုပ်သူတွေက သံပြိုင်ဆိုရတယ်။ အဲဒီချိန်မှာ ရှေ့တည့်တည့်ကိုပဲ ကြည့်ရတယ်။ စကားပြောတာ၊ ရေသောက်နေတာ၊ လှုပ်လှုပ်လှုပ်လှုပ်နဲ့ ဖြစ်နေရင် တန်းစီးနဲ့ ထောင်ဝန်ထမ်းတွေရဲ့ အော်ဟစ် ဆူပူပြောဆိုတာကို ခံရမှာပါ။

တန်းစီပုံစံထိုင် ရှေ့ကြည့်အနေအထားနဲ့ ထိုင်နေပြီး ဝန်ထမ်းက တစ်ခန်းဝင်တစ်ခန်းထွက် ၄ ခန်းလုံးစုံပြီဆိုရင် “အေးစေ” လို့ တန်းစီးက အမိန့်ပေးလိုက်ရင် တန်းဖြုတ်ရတဲ့အတွက် ပုံမှန်အခြေအနေပြန်ဖြစ်ပါပြီ။

ဧပြီလတုန်းက ဖမ်းဆီးခံခဲ့ရပြီး ဇွန်လမှာ ပြန်လည်လွတ်မြောက်လာတဲ့ ဒေါ်လွင်က ဘဝမှာ စိတ်ပျက်ရဆုံးအချိန်တွေလို့ ဆိုပါတယ်။ 

“ကိုယ်တွေက ဘာမှ အပြစ်မရှိဘဲနဲ့ အကျဉ်းသား၊ အချုပ်သားတွေလို တစ်နေ့တစ်နေ့ တန်းထိုင်ရတာတွေ၊ သူတို့ လာစီချင်မှ လာစီတယ်၊ သူတို့ တန်းဖြုတ်ဆိုမှ တန်းဖြုတ်ရတယ် အဲဒီလိုအချိန်တွေ၊ နောက်ပြီးတော့ ကျွန်မတို့ အမျိုးသမီးဆောင်မှာ ရေချိုးချတဲ့အချိန်တွေ၊ ထမင်းဝေတဲ့အချိန်တွေ စိတ်အပျက်ဆုံးပါပဲ”လို့ နိုင်ငံရေးအကျဉ်းသားဟောင်း ဒေါ်လွင်က ပြောပြပါတယ်။ 

တန်းဖြုတ်ပြီးချိန် မနက်စာအတွက် “ရေနွေး၊ ထမင်းကြော် ရပြီ” လို့ အော်ရင် နှစ်ယောက်တစ်တန်း စီပြီးသွားရတယ်။ တစ်ခန်းချင်းထွက်ရသလို နှစ်ခန်းတွဲပြီး ထွက်ရတာလည်း ရှိပါတယ်။ 

နောက်ကျသွားရင်တော့ မနက်စာစားဖို့ မရတော့ဘူးပေါ့။ ထမင်းကြော်မယူချင်ရင်တောင် အိမ်ကပို့တဲ့ ကော်ဖီ၊ လက်ဖက်ရည်၊ ခေါက်ဆွဲခြောက်တွေ စားဖို့သောက်ဖို့ ရေနွေးကတော့ လိုတယ်လေ။ ရေနွေးက တစ်ယောက်တစ်ခွက်ပဲ ရတဲ့နေ့ဆို ကိုယ်စားယူလို့မရပါဘူး၊ ကာယကံရှင်ကိုယ်တိုင် လာယူရပါတယ်။ အများအားဖြင့်တော့ ရေနွေးက လုံလုံလောက်လောက် ရတတ်ပါတယ်။

အင်းစိန်ထောင်မှ လွတ်မြောက်လာသူတစ်ဦးကို မိသားစုဝင်တစ်ဦးက ပွေ့ဖက်ကြိုဆိုနေသည်ကို အောက်တိုဘာ ၁၉ က တွေ့မြင်ရစဉ်။ (ဓာတ်ပုံ-EPA) 

ရေချိုးချိန် 

မနက် ၇ နာရီလောက်ဆိုရင် တရားရုံးထွက်ရှိတဲ့လူတွေကို အရင်ရေချိုးခိုင်းပါတယ်။ စောစောစီးစီး အေးတော့ အေးပါတယ်။ 

တစ်ဆက်တည်းမှာပဲ ပန်းကန်ခွက်ယောက်ဆေးဖို့ စောင့်နေတဲ့ လူ ၂၀၀ လောက်က ပန်းကန်ဆေး၊ ဆေးနေရင်း ရေဘုတ်ကိုင်လို့ ခေါ်တဲ့ ရေကန်ကို ကြီးကြပ်ရတဲ့သူက ပတ်ချာလည်မှာ ၄ ယောက်လောက် လက်ခါးထောက်၊ တချို့က ထဘီစကို မပြီး စောင့်နေကြတယ်။ 

ရာဇဝတ်မှုနဲ့ ဖမ်းဆီးခံထားရသူတွေထဲက စရိုက်ကြမ်းတဲ့ အချုပ်သူတွေရဲ့ ရုန့်ရင်းကြမ်းတမ်းစွာပြောနေသံတွေကိုလည်း ရေကန်ကို မရောက်ခင်တည်းက နေ့စဉ် ကြားနေရတာပါပဲ။ ပန်းကန်ဆေးရင်း တစ်ဆက်တည်း အဝတ်လျှော်တာ၊  ရေချိုးတာတွေ လုပ်ရပါတယ်။ 

လူ ၄၀၀ ကျော်လောက်ရှိတဲ့ အချုပ်ဆောင် ၃ က လူ ၂၀၀ လောက်ကို ၆ ပေ ကိုးပေလောက်ရှိတဲ့ ရေကန် ၄ ကန်မှာ တစ်ခါတည်း ရေချိုးခိုင်းပါတယ်။ ဒါမှမဟုတ် အနည်းဆုံး ၁၀၀ ကျော်လောက်က တစ်ပြိုင်တည်း ဝရုန်းသုန်းကားနဲ့ ချိုးကြရပါတယ်။ 

လူ ၄၀၀ လောက် ချိုးရတဲ့ရက်တွေဆိုရင် ရေကန်မှာ လက်တစ်ဖက်ပဲ ဝင်ဆံ့ပြီး လူက နှစ်ထပ်တန်းစီ ချိုးရပါတယ်။ 

မီးပျက်လို့ ရေမလာတဲ့နေ့ဆိုရင် တစ်ယောက် ၁၅ ခွက်ပဲ ချိုးရမှာပါ။ ၅ ခွက်လောင်း၊ ဆပ်ပြာတိုက်၊ ကျန် ၁၀ ခွက်ကို ဆက်တိုက်လောင်းရပါတယ်။ 

အဲဒီအချိန်ကျရင် “ခပ်”လို့ ရေကန်ဘာရာ(ရာဇဝတ်အချုပ်သူများ) က အော်ရင် ခပ်ထားရတယ်၊ မချိုးရ၊ မလောင်းရသေးပါဘူး။ 

“ချိုး” လို့ ထပ်အော်မှ ချိုးရပါတယ်။ ဒါက ၁၅ ခွက်ပုံစံနဲ့ ရေချိုးရတဲ့ရက်တွေမှာပါ။

ရေချိုးမယ်ဆိုပြီး ရေကန်မှာ ရေခွက်ကိုင်လိုက်တာနဲ့ အကြောင်းမသိသူအတွက် ငရဲပြည်ရောက်သွားသလိုပါပဲ။ 

“ရေမြန်မြန်ချိုးမယ်၊ မြန်မြန်ချိုးမယ်။ ဟိုတစ်ယောက် အဝတ်တွေကို ဘာလို့လျှော်နေတာလဲ။ ရေချိုးစောင့်နေတဲ့သူတွေရှိတယ်။ အေး … ပြောနေရင်နားထောင်၊  ထောင်ထဲကို ဘာမှုနဲ့ ဝင်လာလဲဆိုတာ သိလား၊ မသိရင် စုံစမ်းလိုက်၊ သာမန်အမှုနဲ့ မဟုတ်ဘူး၊ ဘာကောင်လို့ထင်လဲ၊ ပြောနေရင်နားထောင်၊ လက်မပါချင်ဘူး၊ မလုပ်ရဲဘူးမထင်နဲ့နော်” လို့ ပြောဆိုရုံတင်မကဘဲ  မကြားဝံ့မနာသာ ရုန့်ရင်းကြမ်းတမ်းစွာ မိုက်မိုက်ကန်းကန်း ပြောဆိုတတ်ကြပါသေးတယ်။ 

သူတို့က ရာဇဝတ်မှုတွေနဲ့ ထောင်ထဲ ဝင်လိုက်ထွက်လိုက် အမှုရင်ဆိုင်နေရသူတွေပါ။

သူတို့ကို ထောင်ဝန်ထမ်းတွေက ရေကန်ဘာယာ၊ ရေဘုတ်ကိုင်ဆိုတဲ့ ရာထူးတွေပေးထားတဲ့အတွက် ဒီလိုမအော်ရင်ဖြစ်ဖြစ်၊ အော်တာ အသံတိုးရင်ဖြစ်ဖြစ် မိလ္လာသိမ်းတဲ့အလုပ် လုပ်ရတယ်လို့ ဆိုပါတယ်၊ အဲဒါတော့ သူတို့ မလုပ်ချင်ဘူးလို့ ဆိုကြပါတယ်။ 

ထောင်ပြင်ပ လူနေမှုဘဝမှာ မနက်ရေချိုးပြီးရင် ဘယ်လိုအဝတ်အစားတွေဝတ်ပြီး အလုပ်သွားမယ်လို့ စဉ်းစားရတာပဲ ရှိပါလိမ့်မယ်။ ထောင်ထဲမှာတော့ မိုးလင်းလို့ ရေချိုးချိန်မှာ အဝတ်တွေလှန်းဖို့ အဝတ်တန်းတွေကို ဘယ်လိုနေရာဦးထားရမလဲဆိုတာကိုပါ စဉ်းစားထားရတာကြောင့် စိတ်ဖိစီးစေပါတယ်။ 

ထမင်းစားချိန်

ရေချိုးပြီးရင် ထမင်းတန်းစီရတာက အငတ်ဘေးဆိုက်နေလို့ တန်းစီနေတဲ့ လူတန်းရှည်ကြီးလိုပါပဲ။ 

မနက်စာအတွက် ဟင်းက နေ့တိုင်း ယင်ကောင်ပေါလောမျောနေတဲ့ ပဲဟင်းပါ။ ထမင်းကတော့ လိုသလောက် ရပါတယ်။ ထမင်းစားတဲ့သူကစား၊ မစားသေးတဲ့သူကလည်း လမ်းလျှောက်လိုက်၊ နားလိုက်ပေါ့။ 

မနက် ၁၀ နာရီခွဲလောက်ဆိုရင် “ကိုယ့်အဆောင်ကိုယ်ဝင်မယ်၊ နှစ်ယောက်တစ်တန်းစီမယ်၊ ထဘီတွေ ဝတ်ထားမယ်” ဆိုတဲ့ တန်းစီးရဲ့ အမိန့်ပေးအော်ဟစ်ပြောဆိုသံက ငှက်ဆိုးထိုးနေသလိုပါပဲ။ ၁၁ နာရီဆိုရင် ဝန်ထမ်းရောက်လာပြီး လူစစ်တယ်၊ မနက်ကလိုပဲ နှစ်ယောက်တစ်တန်းစီပြီး ပုံစံထိုင်တန်းစီရတာပါ။ 

အခုလို နှစ်ယောက်တစ်တန်းစီတာကလည်း ပုဒ်မ  ၅၀၅-ကနဲ့ ရောက်လာတဲ့ လူငယ်တချို့က တောင်းဆိုတာကြောင့် ထောင်အာဏာပိုင်တွေက ငါးယောက်တစ်တန်းစီမဲ့ အခြေအနေကို ဖျက်သိမ်းပေးခဲ့တာပါ။ အာဏာမသိမ်းခင်က  အချုပ်သားတွေဟာ ငါးယောက်တစ်တန်း တန်းစီရပါတယ်၊ မတ်လကနေ ဇွန်လအထိ ဒီအခွင့်အရေးကို ရရှိခဲ့ပြီး တောင်းဆိုခဲ့တဲ့ လူငယ်တွေ ဇွန်လကုန်မှာ ပြန်လွတ်ခဲ့ပြီးနောက် အရင်လို ငါးယောက်တစ်တန်း ပုံစံထိုင် တန်းစီနေရတယ်လို့ အောက်တိုဘာလမှာ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပြပါတယ်။ အဲဒီနောက်ပိုင်း စစ်ကောင်စီဘက်က ထောင်ပိုင်အပြောင်းအလဲ လုပ်ခဲ့တယ်၊ အာဏာဖီဆန်မှုနဲ့ ဆက်စပ်ပြီး ထောင်ထဲ ဝင်လာသူတွေအပေါ် စည်းကမ်းတင်းကျပ်မှုတွေ၊ ဖိနှိပ်မှုတွေ ပိုများလာတယ်လို့ ပြောပြကြပါတယ်။ ထောင်တွင်း တောင်းဆိုချက်တွေလုပ်ကြရင် ထောင်တွင်းပြစ်ဒဏ်ထပ်တိုးမယ်၊ ထောင်ပြောင်းပစ်မယ်ဆိုပြီး ခြိမ်းခြောက်ကြတယ်လို့ ပြန်လည်လွတ်မြောက်လာသူတွေက ပြောပါတယ်။ 

၁၂ နာရီဆိုရင် “ကိုယ့်အဆောင်ကိုယ်ဝင်မယ်၊ ကိုယ့်အဆောင်ကိုယ်ဝင်မယ်၊ ကိုယ့်အဆောင်ကိုယ်ဝင်မယ်”လို့  အဆက်မပြတ် အော်ဟစ်အမိန့်ပေးနေတဲ့ နောက်ထပ်ငှက်ဆိုးထိုးသံနဲ့အတူ တန်းပိတ်ချိန်ရောက်ပြီဆိုပြီး အခန်းတံခါးတွေ ပိတ်ပါတော့တယ်၊ အဲဒါက မွန်းလွဲ ၂ နာရီအထိပါ။ စားသူကစား၊ နားသူကနား၊ အိပ်သူကအိပ် စကားကျယ်ကျယ် မပြောရပါဘူး။ တစ်နေ့တာလုံးမှာ အေးအေးဆေးဆေးနားလို့ရတဲ့ အချိန်ကာလလေးတစ်ခုမျှသာပါပဲ။

“သူတို့ ထောင်အရာရှိတွေ လာမယ်ဆိုရင် ကစ်ပုံပုံပြီး ထိုင်စောင့်၊ ထမင်းတောင်ငတ်တဲ့နေ့တွေ ရှိတယ်။ ထမင်းပေးမဲ့ အချိန်တွေ လွတ်သွားတယ်။ ခံစားရတာတော့ ရင်နဲ့အမျှပေါ့” လို့ ထောင်က ပြန်လွတ်လာတဲ့ ဒေါ်လွင်က ဆိုပါတယ်။ 

ကစ်ပုံပုံဆိုတာ တစ်ကိုယ်ရေသုံးပစ္စည်း၊ အဝတ်အစား၊ စားစရာထုပ်တွေကို စုပုံပြီး အခန်းအလယ်မှာ လေးထောင့်ပုံ တစ်ပုံတည်း ညီအောင်လုပ်၊ စောင်တွေနဲ့ ဖုံးအုပ်ထားရခြင်းပါ။

အမျိုးသမီးအချုပ်ဆောင်တွေလိုပဲ အမျိုးသားအချုပ်ဆောင်တွေမှာလည်း အခုလို ခက်ခက်ခဲခဲ ရင်ဆိုင်ကြုံတွေ့ကြရတယ်လို့ အင်းစိန်ထောင်အတွင်း ၃ လနီးပါး နေထိုင်ခဲ့ရပြီး နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅ – ကနဲ့ အမှုရင်ဆိုင်ခဲ့ရတဲ့ ကမာရွတ်မီဒီယာတည်ထောင်သူ ကိုနေသန်မောင်က ပြောပါတယ်။

“စိတ်ပျက်စရာကတော့ ထောင်ဝန်ထမ်းတွေပေါ့။ အရာရှိကနေ အောက်ခြေအထိ ဝန်ထမ်းတွေက နိုင်ငံရေးအရ ချုပ်နှောင်ခံထားရတဲ့သူတွေအပေါ် ရာဇဝတ်အကျဉ်းသားလို တစ်တန်းတည်းထား ဆက်ဆံဖို့ ကြိုးစားတယ်။ အမြဲလိုလို လေ့ကျင့်ပေးခံထားရတဲ့ စရိုက်ပေါ့။ စိတ်အားတက်စရာကတော့ မိသားစုနဲ့ မိတ်ဆွေတွေက ပို့လိုက်တဲ့ အစားအစာတွေကို ကိုယ်နဲ့အတူ အကျဉ်းကျနေရတဲ့သူတွေနဲ့ ခွဲဝေစားသောက်ရတာပါပဲ” 

အဲဒီနောက်တော့ ၂ နာရီ အခန်းပြန်ဖွင့်ရင် ပန်းကန်ဆေးထွက်ရပါတယ်။ ပြီးရင် ထမင်း တန်းစီရပြန်ပါတယ်။ ယင်ကောင်တွေ ပေါလောမျောနေတဲ့အပြင် ဒိုက်စော်နံတဲ့ငါးရိုးနဲ့ ချက်တဲ့၊ အမြစ်တွေပါ ပါတဲ့ ကန်စွန်းနဲ့ ချဉ်ပေါင် အချဉ်ဟင်းက ၂ ရက်၊ ခရမ်းသီးအခွံတို့၊ အညှာတို့ပါတဲ့ မဲညစ်ညစ် သီးစုံပဲကုလားဟင်း တစ်ရက်၊ ကြက်ဥက ၂ ရက်၊ အသားဟင်းက ၃ ရက် ကျွေးပါတယ်၊ အဲဒါက ညနေစာပါ။ မနက်စာကတော့ ပဲဟင်းဖြစ်ပါတယ်။

ရန်ကုန်မြို့၊ အင်းစိန်ထောင်အဝင်ဝ စစ်ဆေးရေးဂိတ်ကို ၂၀၂၀ ဧပြီအတွင်းက တွေ့ရစဉ်။ (ဓာတ်ပုံ-EPA) 

တစ်နေ့တာ ကုန်ဆုံးချိန်

နာရီဝက်လောက် ခြားပြီးရင် ရေချိုးအဝတ်လျှော်တာ လုပ်ရပါတယ်။ ညနေ ၅ နာရီထိုးရင် ပုံစံထိုင်၊ တန်းစီ၊ လူရေတွက်တယ်။ ပြီးတာနဲ့ အဆောင်တံခါးကို သော့ခတ်လိုက်ပါတယ်။ အကျဉ်းသူ/အချုပ်သူများ လိုက်နာရန် စည်းကမ်းချက် ၁၈ ချက်ဆိုတာကို အားလုံး တစ်ညီတည်းဆိုရပါတယ်။ 

(၁) တစ်ဆောင်နဲ့တစ်ဆောင် ခွင့်ပြုချက်မရဘဲ ကူးသန်းသွားလာခြင်း မပြုရ၊ 
(၂) ခိုက်ရန်ဖြစ်ပွားခြင်း/ ခိုးယူခြင်း မပြုရ၊ 
(၃) လာဘ်ပေးလာဘ်ယူ မပြုလုပ်ရ၊ 
(၄) အလုပ်ကို ကြိုးစားလုပ်ကိုင်ရမည်၊ 
(၅) ကိုယ်ချင်းစာစိတ်ထားရမည်၊ 
(၆) မူးယစ်စေတတ်သောပစ္စည်းများကို ယူဆောင်ခြင်းမပြုရ၊ 
(၇) ည ၇နာရီထိုးရင် ဘုရားရှိခိုးတက်ရမည်၊ 
(၈) မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား စတဲ့ အချက်တွေပါဝင်ပါတယ်။ 

စည်ကမ်းချက်ချိုးဖောက်တာ မကြာခဏ ကြုံရတတ်တယ်လို့ စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး ပြန်လည်လွတ်မြောက်လာသူတစ်ဦးက ပြောပါတယ်။

“အဝတ်လှန်းထားရင် အဝတ်ပျောက်တယ်။ ပန်းကန်ကျန်ရင် ပန်းကန်ပျောက်တယ်၊ ရာဇဝတ်မှုတွေ အချင်းချင်းလည်း မကြာမကြာ ရန်ပွဲတွေဖြစ်ကြသေးတယ်” လို့ သူက ပြောပါတယ်။

အပြစ်မရှိဘဲ ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေ ရာပေါင်းများစွာရှိနေတာကို ထောင်ထဲမှာ တွေ့ရမှာပါ။ နေ့ရက်တိုင်းကို ရှိနေပြီးသား လူ့တန်ဖိုးထက် တစ်ဆင့်နိမ့်သွားသလို လူ့ငရဲကို ခံစားနေရသလို ဖြတ်သန်းကြရပါတော့တယ်။ အိမ်မှာနေစဉ် တစ်ကိုယ်ရေနေထိုင်တဲ့ဘဝကို ကိုယ့်စိတ်ကြိုက်စီမံနိုင်ပေမဲ့ ထောင်ထဲရောက်သွားရင်တော့ အားလုံးဆုံးရှုံးသွားတော့မှာဖြစ်ပါတယ်။ အိပ်ချိန်၊ စားချိန်၊ ရေချိုးချိန်ကအစ ပုံစံတစ်ခုတည်းအောက်မှာ စီမံခန့်ခွဲမှုကို ခံရမှာပါ။  

ရဲစခန်း၊ စစ်တပ်စစ်ကြောရေးအပြင် အင်းစိန်ထောင်မှာပါ နှစ်လကျော် (ရက် ၇၀ ခန့်) နေခဲ့ရပြီး ပြန်လည်လွတ်မြောက်လာတဲ့ မလဲ့ကတော့ အပြစ်မရှိဘဲနဲ့ အကျဉ်းထောင်စည်းကမ်းချက်တွေကို နေ့စဉ် ရွတ်ဆိုခဲ့ရတယ်လို့ ပြောပါတယ်။  

“ထောင်သားတွေလိုက်နာရမဲ့ စည်းကမ်းချက်ဆိုပြီးတော့ တစ်ဆောင်နဲ့ တစ်ဆောင် မကူးရဘူးတို့၊ စကားမပြောရဘူးတို့ အဲဒါတွေ အပြစ်သားတွေကို ဆိုခိုင်းတဲ့ဟာမျိုး ကိုယ်တွေကို ဆိုခိုင်းတာပေါ့” လို့ သူက ဆက်ပြောပါတယ်။ 

ည ၈ နာရီခွဲတာနဲ့“ပေါက်မယ်ပါမယ်.. ပေါက်မယ်ပါမယ်..မိလ္လာတွေ သွားထားမယ်။ ည ၉ နာရီကျော်ရင် မသွားဘူး၊ ၁၀ နာရီကျော်မှ မိလ္လာတွေသွားမယ်” လို့ တန်းစီးဘာရာတွေက ဆော်သြတတ်ပါတယ်။

ထောင်ပိတ်ပြီးလို့ ဘုရားရှိခိုးပြီးရင် ၈ နာရီကျော်ပါပြီ။ ၉ နာရီဆိုရင် “ခေါင်းတွေလှဲမယ်၊ ခေါင်းတွေလှဲမယ်၊ ၉ နာရီကနေ ၁၀ အထိ မိလ္လာတွေမသွားဘူး။ ၁၀ နာရီကျော်မှ သွားမယ်။ ဘုရားရှိခိုးသူကလွဲရင် အားလုံးခေါင်းတွေချမယ်” လို့  အခန်းတိုင်းကတန်းစီးတွေက ပြောတတ်ပါတယ်။ အိပ်ကြဖို့ ပြောနေတာ ဖြစ်ပါတယ်။

ည ၉ နာရီကနေ ၁၀ နာရီ ဘာလို့ မိလ္လာမသွားရတာလဲလို့ မေးစရာရှိလာပါတယ်။ အခန်းလူကြီးတွေကတော့ ထောင်ထဲမှာ မကျွတ်မလွတ်ဘဲ သေသွားသူတို့ရဲ့ ဝိညာဉ်တွေကို အဲဒီတစ်နာရီအတွင်းမှာ မိလ္လာသွားချိန်ပေးတာလို့ ဆိုကြပါတယ်။

တစ်နေ့တာ ကုန်ဆုံးပြီဆိုတော့ စတင်အိပ်စက်ရပါပြီ၊ အိပ်ဖို့ ကြိုးစားရပါပြီ။ 

မနက် ၄ နာရီလောက်က အစပြုတဲ့ တစ်နေ့တာဟာ ည ၉ နာရီကျမှပဲ အဆုံးသတ်ပါတယ်။ ဒီကြားထဲ ပစ္စည်းပျောက်တာ အဝတ်တွေလှန်းထားရင်း ပျောက်တာ၊ ရေချိုးရင်း၊ ပန်းကန်ဆေးရင်း၊ တွန်းတိုက်မိရင်း စရိုက်ကြမ်းသူအချင်းချင်း ရန်ဖြစ်ကြတာတွေနဲ့၊ စကားများရန်ဖြစ်ကြတဲ့ ပြဿနာတွေကလည်း တစ်နေ့တစ်မျိုး မရိုးရပါဘူး။ 

နေရာအခက်အခဲကြောင့် တစ်ယောက်နဲ့တစ်ယောက် ပူးကပ်ပြီး အိပ်ရတော့ တစ်ညလုံးလိုလို အားလုံးက နိုးလိုက်၊ အိပ်လိုက်ပါပဲ။ တန်းစီးဘာရာတွေက နာရီခြားပြီး မိုးလင်းပေါက် ကင်းအော်တာရှိသေးတော့ နှစ်နှစ်ခြိုက်ခြိုက် မအိပ်ရသလောက်ပါပဲ။ အိပ်ရတဲ့အခါ ကိုယ်ကို တစ်ခြမ်းစောင်းပြီး ငါးသေတ္တာဘူးထဲက ငါးတွေလို အိပ်ရလို့ အဆင်မပြေကြောင်း ထောင်အာဏာပိုင်တွေကို ပြောပြတော့ “အခု တစ်ခြမ်းစောင်းအိပ်ရရင်‌ နောက် မတ်တတ်အိပ်ရလိမ့်မယ်” လို့ ပြန်ပြောတတ်ပါတယ်။ 

အိပ်ပျော်သွားပြီး မနက် ၄ နာရီခွဲတာနဲ့ “ထမယ် ထမယ် ထမယ် ဘုရားရှိခိုးဖို့ထမယ် ထမယ် ထမယ် ထမယ်” ဆိုတဲ့ ဆက်တိုက်ဆက်တိုက် မထမချင်းအော်ခေါ်သံကို ထပ်ကြားရတော့မှာပါ။ အဲဒီနောက် အထက်ကအတိုင်း နေ့စဉ် အလုပ်တွေ တန်းစီနေပါတော့တယ်။ ဒါကတော့ အင်းစိန်ထောင်က ပြန်မလွတ်မချင်း နေ့စဉ် ကြုံတွေ့ရမဲ့ ပုံမှန်အခြေအနေတစ်ခုပဲဖြစ်ပါတယ်။  

“ကျွန်မတို့က နိုင်ငံရေးအကျဉ်းသားဟောင်းတွေဆိုတော့ နေခြင်းဟာ တိုက်ခြင်းလို့ပဲ ခံယူချက်နဲ့ပဲ နေ့တိုင်းနေ့တိုင်း ကျော်ဖြတ်ပါတယ်” လို့ဒေါ်လွင်က ပြန်ပြောပြပါတယ်။ 

နာကျင်ကြေမွနေတဲ့ ခံစားချက်တွေနဲ့အတူ အကျဉ်းစံနေ့ရက်တွေကတော့ နေထွက်ချိန်နဲ့ နေဝင်ချိန်တွေမှာတောင် အခန်းတံခါးတွေ ပိတ်ထားခြင်းခံရသလို လရောင်နဲ့ ကြယ်ရောင်တွေကိုလည်း မြင်တွေ့ခွင့်ရမှာ မဟုတ်ပါဘူး။ ခံဝန်ကတိနဲ့ ပြန်လည်လွတ်မြောက်လာသူတွေရဲ့ ဘဝက လှောင်ချိုင့်ထဲက ငှက်ကို ခြေထောက်ကြိုးချည်ပြီး ပြန်လွှတ်လိုက်သလိုပါပဲ။ အချိန်နေရာမရွေး အန္တရာယ်ဆိုးဟာ ထပ်ပြီး ကျရောက်လာနိုင်ပါတယ်။ 

စစ်ကောင်စီက ၎င်းတို့မတရားဖမ်းဆီးချုပ်နှောင်ထားသူတွေကို ပြန်လွှတ်ပေးနေတာက ဧပြီ၊ ဩဂုတ်နှင့် အောက်တိုဘာအတွင်း ၃ ကြိမ် ခွဲလွှတ်ပေးခဲ့သော်လည်း ချုပ်နှောင်ခံရသူ များစွာ ကျန်ရှိနေပါသေးတယ်။ 

နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်ရေးအသင်း (AAPP) က လက်လှမ်းမီသလောက် စုံစမ်းထားချက်အရ 

စာရင်းများအရ အာဏာသိမ်းမှုဆန့်ကျင်ရေးလှုပ်ရှားမှုနဲ့ ဆက်နွှယ်ပြီး ဖမ်းဆီးချုပ်နှောင်ခြင်းခံထားရသူ စုစုပေါင်း ၇,၀၃၈ ဦးထက်မနည်း ရှိတယ်လို့ သိရပါတယ်။ အဲဒီထဲမှာ ထောင်ဒဏ်ချမှတ်ခံလိုက်ရသူ ၂၉၇ ဦး ရှိတယ်လို့ နိုဝင်ဘာ ၅ ရက်နေ့မှာ အဲဒီအသင်းက ထုတ်ပြန်ပါတယ်။ အဲဒီထဲမှာမှ အသက် ၁၈ နှစ်အောက် ကလေး ၂ ဦးအပါအဝင် ၂၆ ဦးက သေဒဏ်ချမှတ်ခံထားရပါတယ်။

(လွတ်လပ်တဲ့ မီဒီယာအဖြစ် မြန်မာနိုင်ငံမှာ ရေရှည်ရပ်တည်နိုင်ရေးအတွက် သင်တို့အကူအညီကို လိုအပ်နေပါတယ်။ ဒီနေရာကိုနှိပ်၍ လှူဒါန်းနိုင်ပါတယ်။)

Show More

Related Articles

Back to top button