
စစ်ကောင်စီ၏ ကြည်းတပ်၊ လေတပ် တပ်ရင်းတပ်ဖွဲ့များစွာရှိသည့် မန္တလေးတိုင်း၊ မိတ္ထီလာမြို့၌ ယနေ့(အောက်တိုဘာ ၂၅) နံနက်ပိုင်းက တပ်မတော်ထောက်ခံပွဲအတွက် လုံခြုံရေးတင်းကျပ်ထားသည့်ကြားမှ မြို့လယ်ရှိ အမှတ် ၂ ရဲစခန်းရှေ့တွင် ဗုံးပစ်တိုက်ခိုက်ခံရ၍ အနည်းဆုံး ရဲသုံးဦးနှင့် စစ်သားတစ်ဦး ပြင်းထန်စွာဒဏ်ရာရသွားသည်ဟု သိရသည်။
ရန်ကုန်-မန္တလေး လမ်းမပေါ် မိတ္ထီလာမြို့မဈေးနှင့် မျက်နှာချင်းဆိုင် လူစည်ကားရာ နေရာရှိ ရဲစခန်းရှေ့ ရပ်ထားသည့် ယာဉ်တန်းမှ ရဲကားတစ်စီး ဗုံးပစ်တိုက်ခိုက်ခံရချိန် နံနက် ၁၁ နာရီဝန်းကျင်တွင် စစ်သားနှင့် ရဲများက ပတ်ဝန်းကျင်သို့ ပစ်ခတ်မှုများလုပ်ခဲ့ကြောင်း၊ ကိုယ်လွတ်ရုန်းပြေးရသည်ဖြစ်၍ အသေးစိတ်ကို မသိကြောင်း ကိုယ်တွေ့ကြုံခဲ့သည့် အမျိုးသားတစ်ဦးက ပြောသည်။
“ကားဘေးနားမှာ ရှိနေတဲ့ ရဲသုံးယောက်နဲ့ စစ်သားတစ်ယောက် လဲနေတာ မြင်လိုက်တယ်။ မျက်နှာတွေ စုတ်ပြတ်သတ်နေတာ၊ သွေးတွေလည်း ရဲနေတာ မြင်ရတယ်၊ မလှုပ်တော့ဘူး။ ရဲစခန်းရှေ့လည်းဖြစ်၊ လမ်းပေါ်မှာလည်း စစ်သားတွေ ရှိနေတော့ သေနတ်တွေနဲ့ ပစ်ကြတော့ ကျွန်တော်တို့လည်း ပြေးရလွှားရပဲ၊ အကုန်ဝရုန်းသုန်းကားပဲ။ ဘာကိုလိုက်ပစ်မှန်းတော့ မသိလိုက်တော့ဘူး”ဟု ၎င်းက ပြောသည်။
ထိခိုက်သေဆုံး၊ ဒဏ်ရာရမှု အခြေအနေကိုမူ သက်ဆိုင်ရာ ရဲစခန်းသို့ ဆက်သွယ်မေးမြန်းနေသော်လည်း မရသေးပေ။

ထိုသို့ ဗုံးပစ်တိုက်ခိုက်မခံရမီ နာရီပိုင်းအလိုတွင် ယင်းရဲစခန်းရှေ့ရှိ လမ်းပေါ်တွင် တပ်မတော်ထောက်ခံပွဲဟုဆိုကာ လူ ၂၀၀ ခန့် စီတန်းလှည့်လည်ခဲ့ကြကြောင်း၊ ပေါက်ကွဲမှုမတိုင်မီ နာရီဝက်ခန့်ကမှ ထိုလူတန်းကို လိုက်ပါစောင့်ရှောက်သည့် ရဲနှင့် စစ်သားများက အမှတ် ၂ ရဲစခန်းရှေ့သို့ လာ၍ လူပြန်စုနေကြခြင်းဖြစ်ကြောင်း မျက်မြင်အမျိုးသမီးတစ်ဦးထံမှ သိရသည်။
ယနေ့ နံနက် ၉ နာရီဝန်းကျင်၌ မိတ္ထီလာတံတားရှေ့မှစ၍ လူစုခဲ့ကြသည့် တပ်မတော်ထောက်ခံကြောင်း စီတန်းလှည့်လည်မှုမှာ ၁၁ နာရီဝန်းကျင်၌ ရန်ကြီးအောင်ရပ်ကွက်တွင် ပြီးဆုံးခဲ့ခြင်းဖြစ်ကြောင်း ထိုအမျိုးသမီးထံမှ သိရသည်။
ဖေဖော်ဝါရီ ၁ အာဏာသိမ်းပြီးကတည်းက လုံခြုံရေးတင်းကျပ်ထားသည့် မိတ္ထီလာမြို့၌ ယနေ့ပေါက်ကွဲမှုဖြစ်ပြီးနောက်တွင် လူစည်ကားရာ နေရာများကို စစ်သားနှင့် ရဲတို့က ပိတ်ဆို့၍ စစ်ဆေးမှုများပြုလုပ်နေကြောင်း သိရသည်။ ဖမ်းဆီးခံရသူရှိမရှိ အသေးစိတ်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပေ။
“ဒီမှာ မနက်ကတည်းက အရမ်းကို တင်းကျပ်နေတာ၊ ရဲတပ်ရင်း ၃၅ နဲ့ စစ်သားတွေ အများကြီးပဲ”ဟု အထက်ပါအမျိုးသမီးက ပြောသည်။
ရွေးကောက်ပွဲရလဒ်ကို ငြင်းဆန်ကာ အရပ်သားအစိုးရကို ဖြုတ်ချ အာဏာသိမ်းခဲ့သည့် စစ်တပ်ကို ထောက်ခံသည်ဆိုသော အင်အားပြပွဲများကို ယနေ့တွင် မိတ္ထီလာအပြင် အခြားမြို့အချို့၌ ပြုလုပ်သည်ကို တွေ့ရသည်။ ထိုထောက်ခံပွဲများတွင် စစ်ကောင်စီက ၎င်းတို့၏ တပ်ဖွဲ့ဝင်နှင့် မိသားစုများကို အသုံးပြုသည်ဟု သတင်းများထွက်ပေါ်နေသော်လည်း သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
လွတ်လပ်သည့် မီဒီယာအဖြစ် ရေရှည်ရပ်တည်နိုင်ရေး သင်တို့အကူအညီလိုအပ်နေပါသည်။ ဤနေရာတွင် https://www.userroll.com/site/register/m1f6pen နှိပ်၍ လှူဒါန်းနိုင်ပါသည်